News @ M-Media

Tag: US

  • အမေရိကန်တွင် လူဖြူအစွန်းရောက်ဂိုဏ်းသားများ ဆန္ဒပြ

    အမေရိကန်တွင် လူဖြူအစွန်းရောက်ဂိုဏ်းသားများ ဆန္ဒပြ

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    us

    – ခွဲထွက်ရေးနှင့် လူမျိုးရေးခွဲခြားမှု သဘောထားများ ပါဝင်သော ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို လူဖြူလူမျိုးကြီးဝါဒီအဖွဲ့ Ku Klux Klan (ကေသုံးလုံးဂိုဏ်း) က ယမန်နေ့တွင် တောင်ကယ်ရိုလိုင်းနား၌ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ကေသုံးလုံးဂိုဏ်းမှ အဖွဲ့ဝင် ၁၀၀ ခန့်မှာ ပြည်နယ်မြို့တော် ကိုလံဘီယာရှိ ပြည်နယ်လွှတ်တော်သို့ ချီတက်ခဲ့ကြခြင်းဖြစ်ပြီး အာဖရိကန်-အမေရိကန် တက်ကြွလှုပ်ရှားများနှင့် ၎င်းတို့အား ထောက်ခံသူ ၄၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကာ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့ကြသည်။

    ကွန်ဖက်ဒရိတ်အလံအား လွှမ်းခြုံထားသည့် ဓာတ်ပုံရိုက်ထားသော လူဖြူလူမျိုးကြီးဝါဒီ သေနတ်သမားတစ်ဦးမှာ ချာလ်စတန်ရှိ လူမည်းဘုရားကျောင်းမှ လူ ၉ ဦးကို ပစ်သတ်ခဲ့ပြီးနောက် တောင်ကယ်ရိုလိုင်းနား ပြည်နယ်လွှတ်တော်တွင် နှစ်ပေါင်း ၅၀ ကျော် လွှင့်ထူထားသော ကွန်ဖက်ဒရိတ်အလံကို ပြီးခဲ့သည့်တစ်ပတ်က ဖယ်ရှားခဲ့သည်။

    ထို့ကြောင့် ကေသုံးလုံးဂိုဏ်းက မကျေမနပ်ဖြစ်ကာ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွင်း လူအုပ်စုနှစ်ခုအကြား ခဲဖြင့်ပစ်ပေါက်ခြင်း၊ ကွန်ဖက်ဒရိတ်အလံအား ဆွဲယူစုတ်ဖြဲခြင်းများ ဖြစ်ပွားခဲ့ကာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကေသုံးလိုင်းဂိုဏ်းသားများအား ဘတ်စ်ကားများပေါ်သို့ ပြန်ပို့ခဲ့သည်။

    ထိုဆန္ဒပြမှုတွင် ကေသုံးလုံးဂိုးဏ်းသားများမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ၎င်းတို့၏အမွေအနှစ်များအား အသိအမှတ်ပြုမှုတို့ကို တောင်းဆိုခဲ့ကြပြီး ၎င်းတို့၏သမိုင်းကို ဖျောက်ဖျက်၍ မရဟု ဟစ်အော်ခဲ့ကြသည်။

    သို့သော်လည်း ၎င်းတို့အား တန်ပြန်ဆန့်ကျင်သူများကမူ ကေသုံလုံးဂိုဏ်းအား လက်မခံတော့ကြောင်း၊ ယခုအချိန်မှာ ၂၀၁၅ ခုနှစ်သို့ ရောက်ရှိနေပြီး ကေသုံးလုံးနှင့် ၎င်းတို့ မဟာမိတ်များ၏ နေ့ရက်များက ကုန်ဆုံးသွားပြီဟု ပြန်လည် ဟစ်အော်ခဲ့ကြသည်။

    ကေသုံးလုံးဂိုဏ်းမှာ လူဖြူလူမျိုးကြီးဝါဒီ လက်ယာစွန်းရောက်ဂိုဏ်းဖြစ်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် လူမည်းများအား ပစ်မှတ်ထားသော တိုက်ခိုက်သတ်ဖြတ်မှု အများအပြားကို ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

    Ref: Aljazeera

  • တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ

    တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ

    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media

    us

    – ခွဲထွက်ရေးသဘောတရားများ၊ လူမျိုးရေးခွဲခြားသည့် သဘောထားများ ပါဝင်နေသည့် ကွန်ဖက်ဒရိတ်အလံအား အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ပြည်နယ်လွှတ်တော် အဆောက်အအုံမှ ဖြုတ်ချလိုက်သည်ဟု သိရသည်။

    ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းအား လူဖြူလူမျိုးကြီးဝါဒီ ဒိုင်လန်ရုဖ်က ပြီးခဲ့သည့်လတွင် ၀င်ရောက်ပစ်ခတ်ကာ လူ ၉ ဦး သေဆုံးခဲ့ရပြီးနောက် လူဖြူလူမျိုးကြီး ၀ါဒီများ တစ်စိုက်မတ်မတ် အသုံးပြုလာသည့် အဆိုပါ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချရန် တိုက်တွန်းမှုများ မြင့်တက်လာခဲ့သည်။

    တောင်ကယ်ရိုလိုင်းနား လွှတ်တော်တွင် နှစ်ပေါင်း ၅၄ နှစ်ကြာ လွှင့်ထူလာခဲ့သည့် အဆိုပါအလံအား ဖြုတ်ချမှုမှာ ကောင်းမွန်သော စိတ်ဆန္ဒ၏ လက္ခဏာဖြစ်ပြီး၊ ပိုကောင်းသည့် အနာဂတ်အတွက် ကုစားသော၊ အဓိပ္ပါယ်ရှိသော ခြေလှမ်းဖြစ်သည်ဟု ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချအပြီး မိနစ်အနည်းငယ်အကြာတွင် သမ္မတ အိုဘားမားက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    အလံဖြုတ်ချခြင်းအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းသို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ထိုအလံကို တောင်ကယ်လိုင်းနား မြို့တော်ဖြစ်သော ကိုလံဘီယာရှိ ပြည်နယ်စစ်ဘက်ဆိုင်ရာပြတိုက်တွင် ပြသသွားမည်ဖြစ်သည်

    တောင်ကယ်ရိုလိုင်းနား ရီပက်ဘလစ်ကန် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးက အဆိုပါ ကွန်ဖက်ဒရိတ်အလံအား ဂုဏ်သိက္ခာဖြင့် ဖြုတ်ချမည်ဟု ကြာသာပတေးနေ့က ကတိပြုခဲ့ပြီး ဖြုတ်ချခဲ့သည့် သောကြာနေ့ကို ပြည်နယ်အတွက် ကြီးကျယ်သောနေ့တစ်နေ့ ဖြစ်သည်ဟု NBC ရုပ်သံသို့ ပြောကြားခဲ့သည်။

    အမေရိကန်ပြည်တွင်းစစ်တွင် ကျွန်စနစ်ကို လိုလားသည့် တောင်ပိုင်းပြည်နယ်များက အသုံးပြုသော အဆိုပါ ကွန်ဖက်ဒရိတ်အလံကို တောင်ကယ်ရိုလိုင်းနား ခေါင်းဆောင်များက ၁၉၆၁ ခုနှစ်တွင် ပြည်နယ်လွှတ်တော်၏ အမိုးခုံး၌ ပြည်တွင်းစစ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်

    အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်

    ဇူလိုင် ၈၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်စစ်တပ်၏ ကြည်းတပ်အင်အားမှ လာမည့် ၂ နှစ်အတွင်း စစ်သား ၄၀၀၀၀ ကို လျှော့ချရန် စီစဉ်နေပြီး လျှော့ချသူများတွင် ပြည်တွင်းနှင့် နိုင်ငံရပ်ခြားတို့၌ တာဝန်ထမ်းဆောင်နေသူများအားလုံး အကျုံးဝင်မည်ဟု USA Today သတင်းစာက ဖော်ပြခဲ့သည်။

    စစ်ဘက်ဆိုင်ရာနယ်ပယ်မှ ရရှိသည့် အထောက်အထားများကို ကိုးကား၍ အဆိုပါ သတင်းစာက ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး ငွေကြေးကုန်ကျမှုကို ကာမိစေရန်အတွက် ပြုလုပ်သော အဆိုပါလျှော့ချမှုမှာ ယခုတစ်ပတ်အတွင်း စတင် အသက်ဝင်မည်ဟု ဆိုသည်။

    စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အရပ်ဘက်ဝန်ထမ်း ၁၇၀၀၀ မှာလည်း ထိုလျှော့ချမှုတွင် ပါဝင်မည်ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး USA Today ၏ ဖော်ပြမှုကိုလည်း အတည်ပြုခဲ့သည်။

    ထိုလျှော့ချမှု အစီအစဉ်အရ ၂၀၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် အမေရိကန်စစ်တပ်၌ စစ်သာစုစုပေါင်း ၄၅၀၀၀၀ ရှိမည်ဖြစ်သည်။အင်အားကို ၄၅၀၀၀၀ အောက်အထိ လျှော့ချရေးနှင့် ပတ်သက်သော ဘတ်ဂျက်ဆိုင်ရာ စာရွက်စာတမ်းများကို ၂၀၁၃ ခုနှစ်တွင် ကြည်းတပ်က ကန့်ကွက်ခဲ့သည်ဟုလည်း အဆိုပါ သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    အီရတ်နှင့် အာဖဂန်တို့အား ကျူးကျော်တိုက်ခိုက်မှု အထွတ်အထိပ်ရောက်ချိန်တွင် အမေရိကန်၏ ကြည်းတပ်အင်အားမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်းအင်အား ၅၇၀၀၀၀ ခန့် ရှိခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားနှင့် အီရတ်တွင် စစ်ရေးလုပ်ငန်းများ အမေရိကန်တိုးမြှင့်မည်

    ဆီးရီးယားနှင့် အီရတ်တွင် စစ်ရေးလုပ်ငန်းများ အမေရိကန်တိုးမြှင့်မည်

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    – ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်နေသော အလယ်အလတ် အတိုက်အခံများအတွက် ထောက်ပံ့မှုများကို အမေရိကန်က တိုးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း တိုက်ခိုက်မှုများအား တားဆီးရန်နှင့် IS ၏ လူသစ်စုဆောင်းမှုများကို တွန်းလှန်ရန်အတွက် အမေရိကန်မှာ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်ဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    ပင်တဂွန်စစ်ဌာနချုပ်သို့ ယမန်နေ့က သွားရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အကြီးစားတိုက်ခိုက်မှုများကို တားဆီးရာတွင် အောင်မြင်ခဲ့သော်လည်း နိုင်ငံအတွင်း တစ်ကိုယ်တော်ပြုလုပ်သည့် တိုက်ခိုက်မှုအသေးစားများကိုမူ တားဆီးရန်
    ခက်ခဲနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုတွေကို တာဆီးဖို့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုကို တိုးမြှင့်ရပါမယ်” ဟု အိုဘားမားက ပြောကြားလိုက်သည်။

    သို့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံရပ်ခြားသို့ အမေရိကန်စစ်တပ်များ ပို့ဆောင်သွားရန် အစီအစဉ်မရှိသေးဘဲ IS စစ်သွေးကြွအဖွဲ့အား တိုက်ခိုက်မှုကိုမူ ရပ်တန့်သွားမည်မဟုတ်ဟု ဆိုသည်။

    အီရတ်နိုင်ငံမှာ အမေရိကန်၏ လေ့ကျင့်သင်ကြားပေးရေး ရည်မှန်းချက်ကို ပြည့်မီရန် လုံလုံလောက်လောက် လူစုဆောင်းပေးနိုင်ဘဲ၊ IS တပ်ဖွဲ့များကို တိုက်ခိုက်ရန် ဆီးရီးယား၌ လူသူစုဆောင်းကာ လေ့ကျင့်သင်ကြားပေးမှုမှာလည်း စေတနာ့ဝန်ထမ်းများကို
    နောက်ကြောင်းရာဇ၀တ်များ စစ်နေရသောကြောင့် မျှော်မှန်းထားသည်ထက် ပိုမို နှေးကွေးနေသည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

    “တင့်ဖျက်လက်နက်တွေအပါအ၀င် အီရတ်စစ်တပ်အတွက် အရေးပါတဲ့လက်နက်တွေ တင်ပို့မှုကို ကျွန်တော်တို့ တိုးမြှင့်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဟာ ဆီးရီးယားက အလယ်အလတ် အတိုက်အခံတွေကို ပိုမိုလေ့ကျင့်ပြီး လက်နက်တွေ တပ်ဆင်ပေးဖို့ ကျွန်တော့်အဖွဲ့ကို ရှင်းရှင်းလင်းလင်းပဲ ပြောထားပါတယ်”

    Ref: Reuters

  • လှေပေါ်သို့ ငါးခုန်တက်မှုကြောင့် အမေရိကန်တွင် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး

    လှေပေါ်သို့ ငါးခုန်တက်မှုကြောင့် အမေရိကန်တွင် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး

    ဇူလိုင် ၅၊ ၂၀၁၅
    M-Media

    fish

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီရှိ အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦးမှာ မိသားစုလှေပေါ်သို့  စတာဂျင်ငါးတစ်ကောင် အရှိန်ဖြင့် ခုန်တက်မှုအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။

    ဂျေလန် ရစ်ပီဆိုသူ သမီးငယ်ဖြစ်ပြီး ဂိန်းစ်ဗီလီမြို့အနီးရှိ ဆူဝါနီမြစ်အတွင်း မိခင်၊ အသက် ၉ နှစ်အရွယ် အကိုဖြစ်သူတို့နှင့် ကိုယ်ပိုင်လှေငယ်ဖြင့် အပျော်ခရီးထွက်စဉ် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    စတာဂျင်ငါးတစ်ကောင် အရှိန်ဖြင့် လှေပေါ်သို့ခုန်တက်စဉ် ခိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မိခင်နှင့် အကိုဖြစ်သူမှာလည်း ဆိုးရွားသည့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရသည်ဟု ဒေသတွင်း သားရိုင်းတိရစ္ဆာန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    စတာဂျင်ငါးတစ်ကောင်မှာ အရှည် ၈ ပေအထိ ရှည်လျားနိုင်ကာ ပေါင် ၂၀၀ အထိ အလေးချိန်ရှိနိုင်သည်။ ထို့ပြင် ရေထဲမှ ရေပ်ါသို့ ၇ ပေကျော် ခုန်နိုင်ပြီး ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရမှုများကိုလည်း ဖြစ်စေနိုင်သည်။

    ဖလော်ရီဒါ ငါးနှင့် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်က ယခုနှစ်အတွင်း စတာဂျင်ငါးများ အရှိန်ဖြင့် ခုန်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမှာ ၄ ဦးရှိပြီး ယခုသေဆုံးမှုမှာ ပထမဆုံးဖြစ်သည်ဟု ဒေသတွင်းသတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Independent