News @ M-Media

Tag: US

  • လူမျိုးရေးစော်ကားမှုကြောင့် အမေရိကန် သမ္မတလောင်း သူဌေးကြီးနှင့် စီးပွားရေးလုပ်ငန်းများကို ရုပ်သံ ဌာနများ ရပ်ဆိုင်း

    လူမျိုးရေးစော်ကားမှုကြောင့် အမေရိကန် သမ္မတလောင်း သူဌေးကြီးနှင့် စီးပွားရေးလုပ်ငန်းများကို ရုပ်သံ ဌာနများ ရပ်ဆိုင်း

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    nbc

    – ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွင် ပြောကြားခဲ့သော မက္ကဆီကန် ရွှေ့ပြောင်းအခြေချလာသူများအပေါ် လူမျိုးရေးခွဲခြားစော်ကားသည့် မှတ်ချက်အတွက် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အမေရိကန် သူဌေးကြီး ဒေါ်နယ် ထရမ့်ပ်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို အဆုံးသတ်လိုက်ပြီဟု NBC ရုပ်သံဌာနက ပြောကြားလိုက်သည်။

    NBC နှင့် ထရမ့်ပ်တို့ ပူးပေါင်းကာ နှစ်စဉ်တင်ဆက်နေသည့် Miss USA နှင့် Miss Universe အလှမယ် ပြိုင်ပွဲများကိုလည်း ထပ်မံ ထုတ်လွှင့်သွားတော့မည်မဟုတ်ဟုလည်း ဆိုသည်။ NBC မှာ အဆိုပါ ပြိုင်ပွဲများကို ၂၀၀၃ ခုနှစ်ကတည်း ဆက်တိုက် ထုတ်လွှင့်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

    “NBC မှာ လူသားအားလုံးအတွက် လေးစားမှုနဲ့ ဂုဏ်သိက္ခာဟာ ကျွန်တော်တို့ တန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် NBC က ဖော်ပြထားသည်။ ထရမ့်ပ်ကလည်း အားနည်းသော NBC အနေဖြင့် ၎င်းအား တရားရုံးတွင် ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့နှောင်းပိုင်းက မက္ကဆီကိုရှိ မီဒီယာကြီးတစ်ခုဖြစ်သော Televisa ကလည်း ၎င်းတို့မှာ Miss Universe အလှမယ်ပြိုင်ပွဲကို ဆက်လက်ထုတ်လွှင့်တော့မည်မဟုတ်ဘဲ အခြားသော ဆက်သွယ်ရေးစီမံကိန်းများနှင့် ပတ်သက်၍ ထရမ့်ပ်နှင့် အလုပ်လုပ်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။

    Televisa မှာ မြောက်အမေရိကတွင် အကြီးဆုံးရုပ်သံဌာနများမှ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ကြေညာချက်၌ ထရမ့်ပ်၏ လေးစားသမှုမရှိသော မှတ်ချက်များက မက္ကဆီကိုပြည်သူများအားလုံးကို ဒေါသထွက်စေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့ကုမ္ပဏီအနေဖြင့် ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါ ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်ဟုလည်း ဆိုသည်။

    ထရမ့်ပ်၏ ကိုယ်စားလှယ်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    လွန်ခဲ့သည့်တစ်ပတ်ကလည်း အခြားမီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Univision က အဆိုပါ လူမျိုးရေးခွဲခြားမှုကြောင့် ထရမ့်ပ်၊ အလှမယ်ပြိုင်ပွဲများနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ ထရမ့်ပ်မှာ NBC ၏ The Apprentice အစီအစဉ် တင်ဆက်သူလည်းဖြစ်ပြီး ယခုအချိန်တွင် တင်ဆက်ခွင့်မရတော့ဘဲ NBC က အခြားတစ်ဦးကို ရှာဖွေနေသည်။

    ထရမ့်ပ်က မိမိအနေဖြင့် စီးပွားရေးဆုံးရှုံးမည်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း မိမိ၏ မှတ်ချက်မှာ မှန်ကန်သည့်အတွက်ကြောင့် တောင်းပန်သွားမည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းနှင့် စီးပွားရေးအဆုံးသတ်ခဲ့သည့် လုပ်ငန်းများကိုလည်း တရားစွဲဆိုသွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    သမ္မတလောင်းအဖြစ် မဲဆွယ်မှုတွင် ထရမ့်ပ်က မက္ကဆီကန် ပြောင်းရွှေ့အခြေချသူများမှာ မူးယစ်ဆေးဝါး၊ ရာဇ၀တ်မှုတို့ကို အမေရိကန်သို့ ယူဆောင်လာပြီး ၎င်းတို့မှာ မုဒိမ်းကောင်များဖြစ်ကာ အနည်းငယ်သာ လူကောင်းများဖြစ်သည်ဟု မိမိယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တစ်လျှောက်တွင် တံတိုင်းတည်ဆောက်ရန်လည်း ၎င်းက
    တိုက်တွန်းခဲ့သည်။

    နောက်ပိုင်းတွင် ထရမ့်ပ်က ၎င်း၏ မှတ်ချက်များမှာ အမေရိကန်၏ ပေါ်လစီချမှတ်သူများကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်ပြီး မက္ကဆီကိုအစိုးရနှင့် ပြည်သူများကို ရည်ညွှန်းခြင်းမဟုတ်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    ထိုမှတ်ချက်ကြောင့် လက်တင်နွယ်ဖွားများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှာ ထရမ့်ပ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    Ref: AP

  • ပြင်သစ်ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကိုလည်း အမေရိကန် လျှို့ဝှက်ထောက်လှမ်း

    ပြင်သစ်ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကိုလည်း အမေရိကန် လျှို့ဝှက်ထောက်လှမ်း

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    wiki

    – အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA မှာ ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးများ၊ နိုင်ငံ၏ ပို့ကုန်စာချုပ်များ၊ ကုန်သွယ်ရေးနှင့် ဘက်ဂျက်ဆိုင်ရာ ဆွေးနွေးမှုများကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့် စာရွက်စာတမ်းများကို ၀ီကီလိခ်မှ ယမန်နေ့တွင် ဖွင့်ချလိုက်သည်။

    အဆိုပါ စာရွက်စာတမ်းအသစ်များအရ NSA မှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြားတွင် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးများဖြစ်သော ဖရန်ကိုအစ် ဘာရိုအင်နှင့် ပီယာရီ မော်စကိုဗီစီတို့၏ ဆက်သွယ်ဆောင်ရွက်မှုများကို လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု သိရသည်။

    ထို့ပြင် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိသော ပြင်သစ်၏ ပို့ကုန်သဘောတူညီချက်များနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းရန် သြစတေးလျ၊ ယူကေ၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံများမှ ထောက်လှမ်းရေး အဖွဲ့များသို့ NSA က ဖုန်းခေါ် ဆက်သွယ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

    ပြင်သစ်၏ ဘက်ဂျက်၊ ကုန်သွယ်ရေးပေါ်လစီနှင့် ၁၉၉၀ ပြည့်နှစ်များက အီရတ်တွင် ဆောင်ရွက်ခဲ့သည့် oil-for-food အစီအစဉ်တို့တွင် ပြင်သစ်ကုမ္ပဏီများ၏ အခန်းကဏ္ဍ စသည်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း NSA က ပစ်မှတ်ထားခဲ့သည်ဟု ၀ီကီလိခ်က ဆိုသည်။ သို့သော်လည်း ကုမ္ပဏီတစ်ခုချင်းစီ၏ အမည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

    ပေါက်ကြားလာသည့် အဆိုပါအထောက်အထားများကို ပြင်သစ်မီဒီယာများဖြစ်သော Mediapart နှင့် Liberation တို့က ဖော်ပြခဲ့ပြီး ပြင်သစ်နှင့် အမေရိကန် နှစ်ဘက်စလုံးက တုံ့ပြန်ပြောကြားမှုများ မလုပ်သေးပေ။

    NSA မှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတဟောင်း ဂျက်ကွက်ချီရက်စ်၊ နီကိုလက်စ်ဆာကိုဇီနှင့် လက်ရှိသမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးတို့အား လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု လျှို့ဝှက်ထောက်လှမ်းရေး ထိပ်တန်းအစီရင်ခံစာများနှင့် နည်းပညာဆိုင်ရာ စာရွက်စာတမ်းများကို ကိုးကား၍ ဇွန်လ ၂၃ ရက်နေ့တွင် ၀ီကီလိခ်က ဖော်ထုတ်ခဲ့သည်။

    ထိုကဲ့သို့ သမ္မတများ၏ ဆက်သွယ်မှုများကို ထောက်လှမ်းခဲ့သည့်အပြင် NSA မှာ ပြင်သစ် ကက်ဘိနတ်ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့ကိုလည်း လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု ၀ီကီလိခ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသို့ ၀ီကီလိခ်က ဖော်ထုတ်ခဲ့ပြီးနောက် ပြင်သစ်သမ္မ ဟော်လန်ဒေးမှာ ကာကွယ်ရေးကောင်စီ အရေးပေါ်အစည်းဝေးကို ဇွန်လ ၂၄ ရက်နေ့တွင် ခေါ်ယူခဲ့သည်။ ထို့ပြင် ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗာလက်စ်ကလည်း မဟာမိတ်နိုင်ငံများအကြား ထောက်လှမ်းရေးကျင့်ဝတ်များ ဖြစ်လာရန် တစ်ပတ်အကြာတွင် တိုက်တွန်းခဲ့သည်။

    Ref: PressTV

  • နယူးယောက်ထောင်ဖောက်ပြေးသူ ၂ ဦးစလုံးကို ဖမ်းမိ

    နယူးယောက်ထောင်ဖောက်ပြေးသူ ၂ ဦးစလုံးကို ဖမ်းမိ

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    us

    – နယူးယောက်မြို့ရှိ လုံခြုံရေးအဆင့်မြင့်ထောင်မှ လွန်ခဲ့သည့် ၃ ပတ်က ထောင်ဖောက်ထွက်ပြေးသွားခဲ့သူ နှစ်ဦးမှ ဒုတိယတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    ဒေးဗစ်ဆွက် ဆိုသူဖြစ်ပြီး ကနေဒါနယ်စပ်အနီးတွင် ယမန်နေ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ ထွက်ပြေးသွားသည့် အခြားတစ်ဦးမှာ လွန်ခဲ့သည့် ၂ ရက်က ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံးခဲ့ပြီး အသေ ဖမ်းဆီးရမိခဲ့သည်။

    “နောက်ဆုံးမှာတော့ အိပ်မက်ဆိုးဟာ ပြီးဆုံးသွားပါပြီ” ဟု နယူးယောက် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကနေဒါနယ်စပ်တောင်ဘက် ၂ မိုင်အကွာ၊ ၎င်းတို့ထွက်ပြေးသွားသည့် နယူးယောက်မြောက်ပိုင်းရှိ ထောင်မှ မိုင် ၃၀ အကွာ ကွန်စတေဘဲလ်မြို့ ကားလမ်းတစ်လျှောက် ဆွက် လမ်းလျှောက်သွားနေမှုကို ပြည်နယ် ရဲတပ်ကြပ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသည့်ဆွက်ကို တပ်ကြပ်ကြီး ဂျေးကွတ်က ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဆွက်မှာ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ၂ ချက် ထိမှန်ပြီး ဆေးရုံတွင် ဆေးကုသမှုခံနေကာ တည်ငြိမ်သည့်အနေအထားတွင် ရှိနေသည်ဟု ကူအိုမိုက ထည့်သွင်းပြောကြားခဲ့သည်။

    ဖမ်းဆီးရမိသည့်အချိန်တွင် ဆွက်၌ လက်နက်ရှိမနေဘဲ ၎င်းတို့ ၂ ဦးစလုံးမှာ ခြေရာဖျောက်ရန် ငရုပ်ကောင်းမှုန့်ကို သုံးစွဲခဲ့ပြီး ၎င်းတို့နားခဲ့သည့် နေရာတစ်ခုမှရသော ငရုပ်ကောင်းဘူးတွင် ဆွက်၏ DNA ကို တွေ့ရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့ သတင်းကောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီလူတွေဟာ အန္တရာယ်ရှိတဲ့ လူတွေပါပဲ” ဟု နယူးယောက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တောင်ကယ်ရိုလိုင်းနားတွင် ကွန်ဖက်ဒရိတ်အလံ ဖြုတ်ချသူ အဖမ်းခံရ

    တောင်ကယ်ရိုလိုင်းနားတွင် ကွန်ဖက်ဒရိတ်အလံ ဖြုတ်ချသူ အဖမ်းခံရ

    ဇွန် ၂၈၊ ၂၀၁၅
    M-Media

    us 2

    – အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချခဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

    အလံအား ဖြုတ်ချသူမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာလော့တီမြို့မှ ဘရီး နယူးဆမ်းဆိုသူ အမျိုးသမီးဖြစ်ပြီး ယမန်နေ့နံနက် အာရုံတက်ချိန်က ပြည်နယ်လွှတ်တော်ရှိ ပေ ၃၀ ကျော်ရှည်သော အလံတိုင်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    အလံတိုင် ခြံဝင်းထဲသို့ ၀င်ရောက်ရာတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးလည်း ပါဝင်ပြီး ရဲတပ်ဖွဲ့ တားဆီးခဲ့သော်လည်း လိုက်နာခဲ့ခြင်းမရှိဘဲ အလံအား တက်ရောက်ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    ပြည်နယ်ဥပဒေဖြင် ကာကွယ်မှုပေးထားသော အဆိုပါ ကွန်ဖက်ဒရိတ်အလံကို နောက်ပိုင်းတွင် တာဝန်ရှိသူများက ပြန်လည်လွှင့်တင်ခဲ့ပြီး အလံဖြုတ်ခဲ့သည့် အမျိုးသမီးနှင့် ၎င်း၏အဖော် နှစ်ဦးစလုံးကို ဖမ်းဆီးထားသည်။

    တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတွင် လူဖြူသေနတ်သမားက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူမည်း ၉ ဦး သေဆုံးခဲ့ပြီးနောက် ခွဲထွက်ရေးသဘောထား၊ လူမျိုးရေးခွဲခြားမှု သဘောထားများ ပါဝင်ပြီး ပြည်တွင်းစစ်အတွင်း အသုံးပြုခဲ့သော အဆိုပါ ကွန်ဖက်ဒရိတ်အလံကို တောင်ပိုင်းပြည်နယ်များမှ ဖယ်ရှားရန် တိုက်တွန်းမှုများ ရှိလာခဲ့သည်။

    သို့သော်လည်း မဖယ်ရှားချင်သူများလည်း ရှိနေပြီး အဆိုပါ ကွန်ဖက်ဒရိတ်အလံအား ထောက်ခံသူများမှာ စနေနေ့ ညပိုင်းတွင် ချီတက်ဆန္ဒပြရန် အစီအစဉ်ရှိနေသည်။

    Ref: Aljazeera

  • အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    – အမေရိကန်သန်းပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ထိခိုက်စေခဲ့သော အစိုးရ အေဂျင်စီတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် ထိပ်တန်းသံသယရှိသူမှာ တရုတ်နိုင်ငံပင်ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲက ပြောကြားလိုက်သည်ဟု Wall Street ဂျာနယ်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM ကို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဟု အစိုးရတာဝန်ရှိသူများက ၎င်းတို့၏ ကိုယ်ပိုင်သဘောထားအဖြစ် ထုတ်ဖော်ပြောဆိုသော်လည်း အိုဘားမားအစိုးရကမူ တရုတ်နိုင်ငံအား
    လူသိရှင်ကြား စွပ်စွဲခဲ့ခြင်းမရှိချေ။

    “သူတို့လုပ်ခဲ့တဲ့အရာအတွက် တရုတ်နိုင်ငံကို တမျိုးမျိုးနဲ့ အလေးပြုရပါမယ်” ဟု ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲမှုကို ရည်ညွှန်း၍ ၀ါရှင်တန်ရှိ ထောက်လှမ်းရေးညီလာခံတွင် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံး DNI ၏ အကြီးအကဲ ဂျိမ်းစ်ကလပ်ပါက ပြောကြားခဲ့သည်။

    ကလပ်ပါ၏ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တရုတ်နိုင်ငံဟာ အဓိက သံသယရှိသူအဖြစ် ဆက်ရှိနေတယ်ဆိုတာ DNI က ရှင်းရှင်းလင်းလင်းသိပါတယ်” ဟု ဖော်ပြထားသည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM က ၎င်းတို့၏ ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် လက်ရှိနှင့် ယခင် ဖဒရယ်ဝန်ထမ်းဟောင်း ၄.၂ သန်း၏ ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ယခုလတွင် ဖွင့်ဟပြောဆိုခဲ့ပြီး အချို့မီဒီယာများက အမေရိကန် ၁၈ သန်း၏
    ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်ကမူ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူနှင့်ပတ်သက်၍ ယမန်နေ့တွင် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ကလပ်ပါက ပေါ်လစီချမှတ်သူများမှာ ကာကွယ်မှုအားနည်းခြင်းအား မဖြေရှင်းနိုင်မချင်း အမေရိကန်အစိုးရနှင့် အမေရိကန်ကုမ္ပဏီများမှာ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်လက်ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း အဆိုပါဂျာနယ်တွင် ဖြော်ပခဲ့သည်။

    အမေရိကန်အစိုးရကမူ ထိုတိုက်ခိုက်မှုကို တရုတ်နိုင်ငံမှ ပြုလုပ်ပြီး ကျူးလွန်သူများကို ထုတ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားခြင်းမရှိချေ။ တရုတ်နိုင်ငံကလည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

    Ref: Reuters