News @ M-Media
Tag: US
  • အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်
    အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    obama
    – အာဖရိကသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အာဏာမစွန့်လွှတ်ချင်ကြသည့် အာဖရိကခေါင်းဆောင်များအား ပြစ်တင်ပြောဆိုလိုက်ပြီး အာဖရိကအတွင်း ဒီမိုကရေစီ တိုးတက်ရေးမှာ အန္တရာယ်ရှိနေသည်ဟုလည်း
    ထည့်သွင်းပြောကြားခဲ့သည်။
    အီသီယိုးပီးယားနိုင်ငံ မြို့ အက်ဒစ် အဘာဘာရှိ အာဖရိကသမ္မဂ ရုံးချုပ်အဆောက်အအုံ၌ ယမန်နေ့က ပြောကြားသည့် မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    “သူတို့ရဲ့ သက်တမ်းကုန်တဲ့ ခေါင်းဆောင်းတွေက ဆင်းပေးဖို့ ငြင်းဆန်နေကြတာကြောင့် အာဖရိက ဒီမိုကရေစီတိုးတက်မှုဟာ အန္တရာယ်ရှိနေပါတယ်။ ဘယ်သူမှ တသက်လုံး သမ္မတလုပ်လို့ မရပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိကိုယ်တိုင်မှာလည်း မိမိအား ဆက်ခံမည်သူကို လက်ကမ်းကြိုဆိုရင် စောင့်မျှော်နေသည်ဟု ဆိုသည်။
    “ခင်ဗျားတို့ကို ကျွန်တော် ရိုးရိုးသားသားပြောရရင် ဒါမျိုး (ရာထူးက ဆင်းမပေးချင်တာ) ကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ကျွန်တော် ဆက်ပြီး ပြိုင်လို့ မရတော့ပါဘူး။ အမေရိက ရှေ့ဆက်သွားနေဖို့ ကျွန်တော်လုပ်ခဲ့ချင်တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဥပဒေဟာ ဥပဒေပါပဲ။ ဘယ်သူမှ ဒီဥပဒေပေါ်မှာ မရှိပါဘူး။
    သမ္မတတွေရောပေါ့”
    အိုးဘားမားမှာ သမ္မတနေရာမှ ဆင်းမပေးသည့်အတွက် နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နေသည့် ဘူရန်ဒီနိုင်ငံအား ထောက်ပြခဲ့ကာ အာဏာအား ဖက်တွယ်ထားခြင်းမှာ ဘေးဖြစ်မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးချသည့် ခြေလှမ်းသာဖြစ်သည်ဟု ဆိုသည်။
    “တကယ်လို့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့နိုင်ငံကို အခြေမပျက်စေဖို့ သူသာလျှင် လုပ်နိုင်သူလို့ ထင်ရင်တော့ ဒီခေါင်းဆောင်ဟာ တိုင်းပြည်ကို တကယ်တည်ဆောက်ဖို့ ကျရှုံးသွားတာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ထို့ပြင် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားမှာ အာဖရိကတိုက်အတွက် အတုယူစရာခေါင်းဆောင်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Aljazeera
  • အမေရိကန်ရဲတပ်ဖွဲ့က လူမည်းတစ်ဦးအား တမင်သေနတ်ဖြင့်ပစ်ခတ်သည့် ဗီဒီယို ထွက်ပေါ်လာ
    အမေရိကန်ရဲတပ်ဖွဲ့က လူမည်းတစ်ဦးအား တမင်သေနတ်ဖြင့်ပစ်ခတ်သည့် ဗီဒီယို ထွက်ပေါ်လာ
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    us
    – ပြီးခဲ့သည့် ဧပြီလအတွင်းက အိုင်အိုဝါပြည်နယ်တွင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုနှင့်ပတ်သက်၍ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုဗီဒီယိုက ထိုအဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့၏ လိမ်ညာမှုကိုလည်း ပေါ်လွင်သွားစေခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ ၀ဘ်မှာ တပ်ဖွဲ့ဝင်တစ်ဦးအား ကားဖြင့်တိုက်ခဲ့ခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ယခုထွက်ပေါ်လာသော ဗီဒီယိုအရ ရဲတပ်ဖွဲ့ဝင်များ ရောက်လာသည့်အချိန်တွင် ရန်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး၊ ၀ဘ်မှာ ရန်ပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကားပါကင်မှ ၎င်း၏ကားကို မောင်းထွက်ရန် ကြိုးစားမှုကိုသာ တွေ့ခဲ့ရသည်။
    “သူကားထဲဝင်ပြီး သိပ်မကြာခင်မှာ အရပ်ဝတ်နဲ့လူတစ်ယောက် ဒရိုက်ဘာဘက်က ပြတင်းပေါက်မှန်ကို လာခေါက်ပါတယ်။ ဒီလူဟာ ၀ါတာလူး ရဲတပ်ဖွဲ့ဝင်လို့ ထင်ရပြီး၊ ၀ဘ်ရဲ့အသားအရောင်ကြောင့် ကားပြင်ထွက်ဖို့ အဲဒီလူက အချက်ပြပါတယ်။ မစ္စတာဝဘ်က
    သူမသိတဲ့ လူတစ်ယောက်ရဲ့အဝေးကိုရောက်ဖို့ ကားကို မောင်းထွက်သွားခဲ့ပါတယ်” ဟု ၀ဘ်၏ ရှေ့နေဖြစ်သူ မာ့က် လိုဗီ-ရီယက်စ်က ပြောကြာခဲ့သည်။
    ထို့နောက် ရဲတပ်ဖွဲ့မှာ ၀ဘ်၏ကားနှင့် ဘေးချင်းယှဉ်လိုက်ကာ ၀ဘ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    ယခုဗီဒီယို ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်းတစ်ဦးအား ကားဖြင့်တိုက်၍ ပစ်ခတ်ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထွက်ဆိုချက်မှာ အဖြစ်မှန်နှင့် ကွဲလွဲနေပြီး ၀ဘ်၏ရှေ့နေကမူ ၀ါတာလူးရဲတပ်ဖွဲ့မှာ တရားမဲ့သည့် ပစ်ခတ်မှုကို ဖုံးကွယ်ရန် လိမ်ညာခဲ့ကာ ၎င်း၏ အမှုသည်ဝဘ်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ခြိမ်းခြောက်သည့် အနေအထားတွင်မရှိဟု ပြောကြားခဲ့သည်။
    Ref: RT
  • အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး
    အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး
    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media
    us
    – အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် လာဖာယက်တီမြို့တွင် သေနတ်သမားတစ်ဦးက ယမန်နေ့ညပိုင်းတွင် ရုပ်ရှင်ရုံအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး သေနတ်သမားမှာ မိမိကိုယ်ကို ပစ်သတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    Train Wreck အမည်ရသည့် ရုပ်ရှင်ကို ဒေသစံတော်ချိန် ည ၇ နာရီပွဲ၌ ပြသပြီး မိနစ် ၂၀ အကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကေသီ ဒိုမီနစ်ကမူ သေနတ်သမားမှာ အသက်ကြီးသည့် လူဖြအမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်ရုံထဲသို့ ၀င်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    “သူဘာမှမပြောပါဘူး။ ဘာအော်သံမှလည်း ကျွန်မ မကြားပါဘူး” ဟု ဒိုမီနစ်ကဆိုပြီး ၎င်းတို့စုံတွဲ နီးစပ်ရာ ထွက်ပေါက်မှ ထွက်မပြေးခင် သေနတ်သံ ၆ ချက် ကြားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သေနတ်သမားမှာ နောက်ပိုင်းတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။
    ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် လူပေါင်း ၁၀၀ ခန့် ရှိသည်ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရသူ ကိုင်ဖာ ဆန်ဒါစ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
    လွန်ခဲ့သည့် ၃ နှစ်ကလည်း ကိုလိုရာဒိုပြည်နယ် အူရိုရာမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ လင်းနို့လူသား၏ The Dark Knight Rises ဇာတ်ကား ပြသနေစဉ် ဂျိမ်းစ်ဟုမ်းဆိုသူက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    Ref: Channelnewsasia
  • အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    iran
    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်အား ဆန့်ကျင်သည့် အနေဖြင့် အစ္စရေးလိုလားသူများနှင့် ရီပက်ဘလစ်ကန်ပါတီကို ထောက်ခံသူများမှာ ယမန်နေ့တွင် နယူးယောက် တိုင်းမ်စကွဲ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများမှာ အဆိုပါသဘောတူညီချက်ကို အစ္စရေးနှင့် ကမ္ဘာ့လုံခြုံရေးအား ခြိမ်းခြောက်မှုအဖြစ် သမုတ်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အနေဖြင့် ထို သဘောတူညီချက်ကို ပယ်ချရန် တောင်းဆိုခဲ့သည်။
    ပြီးခဲ့သည့် တစ်ပတ်က အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ထို သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ ကုလနှင့် အနောက်နိုင်ငံများက အီရန်အပေါ်
    ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။
    အမေရိကန်တွင် ယခုကဲ့သို့ ဆန္ဒပြမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အခြားသော အကြီးတန်း တာဝန်ရှိသူများက အထက်လွှတ်တော်အမတ်များကို သဘောတူညီချက်နှင့် စပ်လျဉ်း၍ ယမန်နေ့က တံခါးပိတ် ရှင်းလင်းတင်ပြနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အထက်လွှတ်တော် အမတ်တစ်ချို့ကမူ ၎င်းတို့အနေဖြင့် ထိုသဘောတူညီချက်အား မယုံရဲသေးဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါဆန္ဒပြပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ထောက်ခံကြောင်းလည်း ပြသခဲ့သည်။ နေတန်ယာဟုမှာ အီရန်နျူအရေး သဘောတူညီချက်အကို ဝေဖန်ဆန့်ကျင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
    အမေရိကန်ရှိ အစ္စရေးလိုလားသူနှင့် ရီပက်ဘလစ်ကန်ပါတီအား ထောက်ခံသူများမှာ အီရန်၏ နျူသဘောတူညီချက်ကို ရီပက်ဘလစ်ကန် အမတ်များကြီးစိုးသည့် အထက်လွှတ်တော်မှ လက်ခံခြင်းမပြုရန်အတွက် လှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့် ပြုလုပ်သွားရန် ရှိနေသည်။
    သို့သော်လည်း သမ္မတအိုဘားမားအနေဖြင့် အဆိုပါသဘောတူညီချက်အား အထက်လွှတ်တော်မှ ကန့်ကွက်မှုအတွက် ဗီတိုသုံး၍ ပယ်ချရန် အခွင့်အာဏာလည်း ရှိနေသည်။
    Ref: Aljazeera
  • ဒုတိယကမ္ဘာစစ်အတွင်း စစ်သုံ့ပန်များအား ကျွန်ပြုခိုင်းစေမှုအတွက် မစ်ဆူဘီရှီ တောင်းပန်
    ဒုတိယကမ္ဘာစစ်အတွင်း စစ်သုံ့ပန်များအား ကျွန်ပြုခိုင်းစေမှုအတွက် မစ်ဆူဘီရှီ တောင်းပန်
    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media
    us
    – ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သုံ့ပန်များကို မိုင်းတွင်းများ၌ အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့မှုအတွက် ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။
    ယမန်နေ့က ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်ပြီး ဂျပန်ကော်ပိုရေရှင်းတစ်ခုက ဒုတိယကမ္ဘာစစ် အဖြစ်အပျက်အတွက် နှစ် ၇၀ ကြာမှ ပထမဆုံး တောင်းပန်ခြင်းလည်း ဖြစ်သည်။ ဂျပန်အစိုးရကမူ အမေရိကန် စစ်သုံ့ပန်များအတွက် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင်
    တရားဝင်တောင်းပန်ခဲ့သည်။
    ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်သုံ့ပန် ၁၂၀၀၀ မှာ ဂျပန်နိုင်ငံသို့ သင်္ဘောဖြင့် ပို့ဆောင်ခံခဲ့ရပြီး ကျွန်ပြုခိုင်းစေခြင်း ခံခဲ့ရကာ ထိုအထဲမှ ၅၀၀ ခန့်မှာ မစ်ဆူဘီရှီ မိုင်းတွင်း ကော်ပိုရေးရှင်းတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း ခံခဲ့ရသည်။
    မစ်ဆူဘီရှိ၏ အကြီးတန်းအမှုဆောင်ဖြစ်သူ ဟီကာရူ ကီမူရာက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် နေထိုင်သူ အသက် ၉၄ နှစ်အရွယ် ဂျိမ်းစ်မာဖီအား “ကြီးစွားသော နောင်တဖြင့် တောင်းပန်ပါတယ်” ဟု ပြောကြားခဲ့သည်။ မာဖီမှာ
    အသက်ရှင်ကျန်ရစ်လျက်ရှိနေသော အမေရိကန်စစ်သုံ့ပန်း ၂ ဦးမှ တစ်ဦးဖြစ်သည်။
    မာဖီကလည်း ယဉ်ကျေးသည့် ယခုတောင်းပန်မှုကို လက်ခံသည်ဟု ဆိုပြီး နိုင်ငံအား ဖြေသိမ့်ရာတွင် ထိုထောင်းပန်မှုက ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စစ်သုံ့ပန်များမှာ အစားအစာ၊ အ၀တ်အစားနှင့် မိလ္လာစနစ်တို့ မရှိဘဲ ကျွန်ပြုခံရသည့် အခြေနေမျိုးတွင် ချုပ်နှောင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    “ဒီဂျပန်ကုမ္ပဏီတွေအတွက် အလုပ်လုပ်ပေးခဲ့ရတဲ့ စစ်သုံ့ပန်တွေဟာ စစ်ကြီးပြီးလို့ နှစ် ၇၀ ကြာမှ ရိုးရှင်းတဲ့ တောင်းပန်မှုကို ရရှိခဲ့ပါတယ်”
    စစ်အတွင်းတွင် ဖိလစ်ပိုင်၊ ကိုရီးယား၊ တရုတ်၊ သြစတေးလျနှင့် ဂရိတ်ဗြိတိန်တို့ အပါအ၀င် စစ်သုံ့ပန် ထောင်ပေါင်းများစွာမှာ မစ်ဆူဘီရှီနှင့် အခြားသော ဂျပန်ကုမ္ပဏီများတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း ခံခဲ့ရသည်။
    “ကျွန်တော်ဟာ မစ္စတာ ကီမူရာရဲ့ တောင်းပန်မှုကို နားထောင်ခဲ့ပြီး စိတ်စေတနာ ဖြူစင်တယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာ မစ်ဆူဘီရှီရဲ့ ယဉ်ကျေးပျူငှာစွာ ရှေ့ထွက်လာမှုက အမေရိကန် စစ်သုံ့ပန်တွေကို သူတို့စိတ်ဆန္ဒနဲ့ဆန့်ကျင်စွ ခိုင်းစေခဲ့တဲ့ အခြားသော မိုင်းလုပ်ငန်းတွေ၊ စက်ရုံတွေ အားလုံးအတွက် ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု မာဖီက
    ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Aljazeera