News @ M-Media
Tag: US
  • အမေရိကန်ရဲများ၏ ပစ်သတ်မှုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်
    အမေရိကန်ရဲများ၏ ပစ်သတ်မှုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    us
    – ပြည်သူများအား နေ့စဉ်သတ်ဖြတ်မှုတွင် အမေရိကန်ရဲများက အခြားနိုင်ငံများမှ ရဲများထက်ပိုမိုများပြားနေသည်ဟု Guardian သတင်းစာက ၎င်းတို့ စုံစမ်းရရှိသည့် အချက်အလက်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
    ရဲတပ်ဖွဲ့များ၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသော Guardian ၏ အချက်အလက်များအရ အမေရိကန်ရဲတပ်ဖွဲ့မှာ အက်ဘီအိုင်သို့ စာရင်းရောက်ရှိသည့် ပမာဏထက် ၂ ဆပို၍ ပြည်သူများအား သတ်ဖြတ်နေသည်ကို တွေ့ခဲ့ရသည်။
    ထို့ပြင် အဆိုပါမှတ်တမ်းက အမေရိကန်နှင့် ဂျာမနီတို့ရှိ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုတို့တွင် သိသိသာသာခြားနားမှုများ ရှိနေပြီး ဂျာမနီရဲတပ်ဖွဲ့မှ တစ်နှစ်ပတ်လုံးတွင် ပစ်သတ်သည့် ပမာဏထက် ပို၍ အမေရိကန်ရဲများက တစ်ပတ်အတွင်း ပစ်သတ်နေသည်ဟု ဖော်ပြနေသည်။
    ဂျာမနီရဲတက္ကသိုလ်မှ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ဂျာမန်ရဲတပ်ဖွဲ့မှာ ၂၀၁၁ ခုနှစ်တွင် သေနတ်ဖြင့် လူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၇ ဦးပစ်သတ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း အမေရိကန်ရဲများကမူ ယခုနှစ် ပထမ ၅ လအတွင်းမှာပင် လူ ၁၉ ဦးကို ပစ်သတ်ခဲ့သည်။
    ထို့ပြင် သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ အိုက်စလန်နှင့် အခြားသောနိုင်ငံများမှ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကိုလည်း သတင်းစာကဖော်ပြခဲ့ပြီး သြစတေးလျနိုင်ငံတွင် ၁၉ နှစ်ကြာအတွင်း ပစ်သတ်ခဲ့သည့်ထက်ပို၍ အမေရိကန်ရဲတပ်ဖွဲ့က တစ်လအတွင်း ပစ်သတ်သည်ကို တွေ့ရှိခဲ့ရသည်။
    အမေရိကန်အစိုးရမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုပမာဏကို ရပ်တန့်အောင် မလုပ်ဆောင်ဘဲ ဇွန်လ ၁၀ နေ့အထိ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ ၄၉၇ ဦး ရှိနေသည်ဟု Guardian သတင်းစာက ခန့်မှန်းတွက်ချက်ထားက ထိုပမာဏမှာ အက်ဖ်ဘီအိုင်က ထုတ်ပြန်သော ပမာဏထက် ၂ ဆ
    ပိုများနေသည်။
    Ref: PressTV
  • အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ
    အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ
    ဇွန် ၉၊ ၂၀၁၅
    M-Media
    obama
    – ၂၀၁၂ ခုနှစ်က အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အပြစ်မဲ့ ယီမင်နိုင်ငံသား ၂ ဦး၏ မိသားစုဝင်များက သမ္မတအိုဘားမားအား တရားစွဲဆိုလိုက်သည်ဟု သိရသည်
    သေဆုံးသွားသူများမှာ ဆလီမ်း ဘင် အလီ ဂျဘာရ်နှင့် ၀ါလီဒ် ဘင် အလီ ဂျဘာရ်တို့ဖြစ်ကြပြီး စစ်ပွဲစည်းကမ်းများနှင့် နိုင်ငံတကာဥပဒေ စံသတ်မှတ်ချက်များကို ချိုးဖောက်သော ၂၀၁၂ ခုနှစ် သြဂုတ်လက ထိုအဖြစ်အပျက်အတွက် အိုဘားမားအစိုးရအား မှားယွင်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
    ကိုလံဘီယာခရိုင် တရားရုံးကို အင်္ဂါနေ့က တင်သွင်းခဲ့သော ၄၁ မျက်နှာရှိသည့် တိုင်ကြားမှုအတွင်း အဆိုပါ တိုက်ခိုက်မှုမှာ ဒရုန်းစစ်ပွဲ၏ ကျရှုံးမှုကို လေ့လာ၍ရသော ကိစ္စတစ်ခုဖြစ်သည်ဟု ဖော်ပြထားကာ သေဆုံးသွားသူ ၂ ဦးမှာ အမေရိကန်ပြည်ထောင်စုတွင် ဥပဒေများကို ကိုင်တွယ်ကျင့်သုံးနေသော အမေရိကန်တာဝန်ရှိသူ၏ မှားယွင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟုလည်း ရေးသားထားသည်။
    အသက် ၄၃ နှစ်အရွယ် ဆလီးမ်မှာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး အလ်ကိုင်းဒါးနှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံခြင်းမပြုရန် ပြည်သူများကို တရားဒေသနာများ ဟောကြားနေသူဖြစ်သည်။ ၀မ်းကွဲညီဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ၀ါလီဒ်ကမူ ဒေသတွင်း ယဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
    ၎င်းတို့ နှစ်ဦးမှာ မည်သူမည်ဝါမှန်းမသိသော လူ ၃ ဦးကို ပစ်မှတ်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ လူ ၃ ဦးနှင့်အတူ ဆလီးမ်နှင့် ၀ါလီဒ်တို့မှာ စကားပြောနေပြီး တိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ ၅ ဦး သေဆုံးခဲ့သည်။
    တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အစိုးရတာဝန်ရှိသူများက ၎င်းတို့မှာ အမှားလုပ်ခဲ့မိသည်ဟု သိရှိခဲ့ရကြောင်း သေဆုံးသွားသူများ၏ မိသားစုများကို အသိပေးခဲ့သည်။ ယီမင်နှင့် အမေရိကန်တာဝန်ရှိသူများမှာ မိသားစုများအား သိုသိုသိပ်သိပ် တောင်းပန်ခဲ့သော်လည်း လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
    သေဆုံးသွားသူများ၏ မိသားစုများကမူ နစ်နာကြေးကို မလိုချင်ဘဲ သမ္မတအိုဘားမားအစိုးရက မှားယွင်းကြောင်း လူသိရှင်ကြားဝန်ခံရန် အလိုရှိနေသည်။
    တရားစွဲဆိုမှုတွင် အိုဘားမား၊ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း လီအွန် ပန်နက်တာနှင့် စီအိုင်အေဒါရိုက်တာဟောင်း ဒေးဗစ် ပီထရာအက်စ်တို့မှာ အဆိုပါတိုက်ခိုက်မှုနောက်ကွယ်မှ ပါဝင်ခဲ့သူများဟု ဖော်ပြထားသည်။
    ၎င်းတို့မှာ အပြစ်မဲ့သူများ သေဆုံးရခြင်းအတွက် တာဝန်ရှိသူသာမကဘဲ အမေရိကန်အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းထက် အခြေပျက်စေခြင်းအတွက်ပါ တာဝန်ရှိသည်ဟု သေဆုံးသွားသူများ၏ မိသားစုများက ပြောကြားခဲ့သည်။
    Ref: PressTV
  • လုံခြုံရေးမြင့်သည့် အမေရိကန်ထောင်မှ အကျဉ်းသား ၂ ဦး ထောင်ဖောက်ပြေး
    လုံခြုံရေးမြင့်သည့် အမေရိကန်ထောင်မှ အကျဉ်းသား ၂ ဦး ထောင်ဖောက်ပြေး
    ဇွန် ၈၊ ၂၀၁၅
    M-Media
    us 2
    – ပြီးခဲ့သည့်စနေနေ့က ထောက်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသား နှစ်ဦးအား ဖမ်းဆီးရန် ကြိုးပမ်းမှုအဖြစ် ၎င်းတို့သတင်းပေးနိုင်ပါက ဆုငွေ ကန်ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဟု နယူးယောက် အာဏာပိုင်များက ကြေညာလိုက်သည်။
    ထွက်ပြေးသွားသူများမှာ လူသတ်မှုဖြင့် ထောင်ကျနေသည့် အသက် ၄၈ နှစ်အရွယ် ရစ်ချက်မတ်ဆိုသူနှင့် အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွက် ဆိုသူတို့ ဖြစ်ကြသည်။ ၎င်းတို့ ၂ ဦးမှာ လုံခြုံရေးအမြင့်ဆုံးဖြစ်ပြီး ကနေဒါနယ်စပ်နှင့် ကီလိုမီတာ ၃၀ သာ ကွာဝေးသော ဒန်နီမိုရာမြို့ရှိ Clinton Correctional Facility ထောင်မှ စနေနေ့မနက်ပိုင်းတွင် ပျောက်သွားခြင်းဖြစ်သည်။
    အခန်းကပ်လျက်တွင်ရှိကြသည့် အဆိုပါ အကျဉ်းသားနှစ်ဦးမှာ လွန်ပူဖြင့် နံရံအားဖောက်ကာ ထောင်နံရံရှိ ကြွက်လျှောက်လမ်းများကို တွယ်ကပ်၍လည်းကောင်း၊ လှိုင်ခေါင်များမှတစ်ဆင့် ဖြတ်၍လည်းကောင်း ထွက်ပြေးကာ ထောင်အနီးရှိ လမ်းတွင်ရှိသော မြေအောက်ရေဆိုးလိုင်း ကြည့်ရှုသည့် လှိုင်ခေါင်းအပေါက်မှ လွတ်မြောက်သွားခြင်းဖြစ်သည်။
    ၎င်းတို့၏ အိပ်ယာများတွင် အ၀တ်များဖြင့် အိပ်နေဟန် ပြုလုပ်ထားခဲ့ကာ ရေနွေးငွေ့ပိုက်တွင် အပြုံးမျက်နှာနှင့် ‘ကောင်းသောနေ့ဖြစ်ပါစေ’ ဟူသော စာတန်းကိုလည်း ရေးသားခဲ့သည်။
    အကျဉ်းခန်းကို စစ်ဆေးကြည့်ရှုရာ နံရံဖောက်ရာတွင် အသုံးပြုသောပစ္စည်းများကို တွေ့ရှိခဲ့ရပြီး ထိုပစ္စည်းများ မည်ကဲ့သို့ ရရှိသည်ကို မသိရှိရသေးဘဲ ထောင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်နေသည့် လုပ်သားများမှတစ်ဆင့် ရရှိသည်လားဆိုသည်ကို စစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုကမူ တစ်ဦးလျှင် ဆုငွေ ကန်ဒေါ်လာ ၅၀၀၀၀ ထုတ်ရသည်မှာ မကြုံစဖူးဖြစ်ပြီး ၎င်းတို့မှာ အန္တရာယ်ရှိသောသူများဖြစ်ကာ ကြီးလေးသည့် ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နိုင်သည်ဟု သတိပေးထားသည်။
    ဒေသန္တရ၊ ပြည်နယ်နှင့် ဖက်ဒရယ် ဥပဒေစိုးမိုးရေးဝန်ထမ်း ၂၀၀ ကျော်မှာ ပြည်နယ်အတွင်းရှိ လမ်းများကိုပိတ်၍ စစ်ဆေးခြင်း၊ ရဟတ်ယာဉ်ဖြင့် စောင့်ကြည့်ခြင်း၊ တစ်အိမ်တက်ဆင်း ရှာဖွေခြင်းတို့ကို ပြုလုပ်လျက်ရှိနေသည်။
    Ref: Aljazeera
  • အမေရိကန်အစိုးရ ၀န်ထမ်းစီမံခန့်ခွဲရေးအဖွဲ့၏ ကွန်ပျူတာစနစ် ချိုးဖောက်ခံရ
    အမေရိကန်အစိုးရ ၀န်ထမ်းစီမံခန့်ခွဲရေးအဖွဲ့၏ ကွန်ပျူတာစနစ် ချိုးဖောက်ခံရ
    ဇွန် ၅၊ ၂၀၁၅
    M-Media
    us
    – ဖက်ဒရယ်အစိုးရ ၀န်ထမ်းများ၏ သတင်းအချက်အလက်များကို စုဆောင်းထားသည့် အမေရိကန်အစိုးရ၏ ကွန်ပျူတာစနစ်ကို ဟက်ကာများက ချိုးဖောက်ဝင်ရောက်ခဲ့ပြီး လက်ရှိနှင့် ယခင်ဝန်ထမ်းပေါင်း ၄ သန်းခန့်၏ အချက်အလက်များ ထိခိုက်ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံက စတင်သည်ဟု အာဏာပိုင်များက သံသယရှိနေပြီး၊ အက်ဖ်ဘီအိုင်ကမူ အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကာ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကိုလည်း ဖမ်းဆီးသွားမည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။
    အမှုထမ်းများ စီမံခန့်ခွဲရေးအဖွဲ့ OPM က ၎င်းတို့၏ သတင်းအချက်အလက်စနစ် ထိုသို့ တိုက်ခိုက်ခံရမှုကို ဧပြီလက သိရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလုံခြုံရေးဌာန DHS က အချက်အလက်များ ထိခိုက်ခဲ့သည်ဟု မေလဆန်းပိုင်းက ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
    ထိုတိုက်ခိုက်မှုက OPM ၏ အိုင်တီစနစ်များနှင့် ပြည်ထဲရေးဌာနရှိ အချက်အလက်စင်တာတွင် သိမ်းဆည်းထားသော ၎င်းတို့အဖွဲ့၏ အချက်အလက်များကို ထိခိုက်ခဲ့သည်ဟု အမည်မဖော်လိုသည့် DHS တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အချက်အလက်စင်တာမှာ ဖက်ဒရယ်ဌာနများအား သတင်းအချက်အလက်များ မျှဝေပေးသော စင်တာလည်းဖြစ်သည်။
    သို့သော်လည်း DHS ၏ ဖက်ဒရယ်ဌာနများ၏ အချက်အလက်များ ထိခိုက်ခဲ့ခြင်း ရှိလားဆိုသည်ကို မှတ်ချက်ပေးခဲ့ခြင်း မရှိချေ။
    OPM မှာ ယခင်ကလည်း ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ ယခုတိုက်ခိုက်မှု ခံရပြီးနာက် ၎င်းတို့၏ ကွန်ယက်အတွက် ထပ်တိုးလုံခြုံရေး ကြိုတင်စီမံမှုများ ပြုလုပ်ထားသည်ဟု OPM က ပြောကြားခဲ့သည်။ ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ထိခိုက်ခဲ့သည့် ၄ သန်းသော
    Ref: Channelnewsasia
  • အမေရိကန်အကျဉ်းသားတစ်ဦး နှစ် ၃၀ ကျော်ကြာမှ ကွပ်မျက်ခံရ
    အမေရိကန်အကျဉ်းသားတစ်ဦး နှစ် ၃၀ ကျော်ကြာမှ ကွပ်မျက်ခံရ
    ဇွန် ၄၊ ၂၀၁၅
    M-Media
    Texas
    – သေဒဏ်ဖြင့် နှစ် ၃၀ ကျော် အကျဉ်းထောင်ထဲ၌ နေခဲ့ရသည့် အမေရိကန်တစ်ဦးမှာ ယမန်နေ့က ကွပ်မျက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
    အသက် ၆၇ နှစ်အရွယ်ရှိ ဘောင်ဝါဆိုသူဖြစ်ပြီး လူ သတ်မှု ၄ ခုဖြင့် သေဒဏ်ကျခံနေရသူဖြစ်ကာ ၎င်းကမူ ထိုပြစ်မှုများအတွက် တစ်စိုက်မတ်မတ် ငြင်းဆိုခဲ့သည်။ ဘောင်ဝါအား ယခင်က ကွပ်မျက်ရန် ၇ ကြိမ်တိုင်တိုင် သတ်မှတ်ခဲ့သော်လည်း နောက်ဆုံးအကြိမ်ရောက်မှ ရွှေ့ဆိုင်မှုများ ပြုလုပ်ခဲ့ရသည်။
    ဘောင်ဝါကို ယမန်နေ့ ဒေသစံတော်ချိန် ညနေပိုင်းက ဆေးထိုး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ဘောင်ဝါမှာ ၁၉၈၃ ခုနှစ်က တက္ကဆက်ရှိ လေယာဉ်ထားသည့်ရုံတစ်ခုတွင် လေယာဉ်တစ်စီးအား ခိုးယူပြီးနောက် လေယာဉ်ပိုင်ရှင်အပါအ၀င် လူ ၄ ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
    ဘောင်ဝါ၏ ရှေ့နေများကမူ အဆိုပါစွဲချက်ကို ငြင်းပယ်ခဲ့ပြီး တရားသူကြီးများမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သော အထောက်အထားများဖြင့် အမှုကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဘောင်ဝါမှာ တက္ကဆက်ပြည်နယ်၏ အရှည်ကြာဆုံး အကျဉ်းစံရသည့် သေဒဏ်ကျခံရသူ ဖြစ်လာခဲ့သည်။
    ထောင်အာဏာပိုင်များမှာ ဘောင်ဝါ၏ နောက်ဆုံး ပြောကြားမှုကိုလည်း ထုတ်ပြန်ခဲ့ပြီး ဘောင်ဝါမှာ ၎င်း၏ ရှေ့နေများနှင့် မိသားစုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    “အခု ရှေ့ဆက်သွားဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်ဟာ ကောင်းကောင်း တိုက်ပွဲဝင်ခဲ့ပြီးပါပြီ။ ယုံကြည်မှုလည်း ရှိခဲ့ပါတယ်။ နှုတ်ဆက်ပါတယ်လို့တော့ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြန်တွေ့ရမယ့်အချိန်ထိအောင် ကျွန်တော်ဟာ ရိုရိုးကလေးပဲ ပြောမှာပါ။ ခင်ဗျားတို့အားလုံးကို ချစ်ပါတယ်။ ၀ါဒါတွေကိုလည်း ကျေးဇူးပါပဲ” ဟု ဘောင်ဝါက ကွပ်မျက်မခံရမီ ပြောကြားခဲ့သည်။
    ဘောင်ဝါအား ကွပ်မျက်မှုမှာ ယခုနှစ်အတွင်း အမေရိကန်၌ ၁၅ ဦးမြောက် ကွပ်မျက်ခြင်းဖြစ်ပြီး ထိုအထဲမှ ၈ ဦးမှာ တက္ကဆက်ပြည်နယ်မှဖြစ်သည်ဟု သေဒဏ်ချမှတ်မှု သတင်းအချက်အလက်စင်တာက ပြောကြားခဲ့သည်။
    Ref: Channelnewsasia