News @ M-Media

Tag: US

  • အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    မေ ၁၇၊ ၂၀၁၅
    M-Media

    plane

    – ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်အား ဖောက်ထွင်းဝင်ရောက်မည်ဟု Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီးနောက် FBI က ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ပျူတာ လုံခြုံရေး ပညာရှင်တစ်ဦးက ၎င်းအနေဖြင့် ထိုကဲ့သို့ ထိုးဖောက်ဝင်ရောက်မှုမျိုးကို ယခင်က အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။

    One World Labs ကို တည်ထောင်သူ ခရစ် ရောဘတ်ဆိုသူဖြစ်ပြီး ချီကာဂိုမှ နယူးယောက်သို့ ပျံသန်းမည့် United လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မည်ဟု ဧပြီလက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။

    FBI ကမူ ရောဘတ်အနေဖြင့် ထိုသို့လုပ်နိုင်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသောကြောင့် ထိုကြေညာမှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု ချက်ချင်းတုန့်ပြန်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။

    APTN National News မှ ရရှိခဲ့သည့် တရားရုံးမှတ်တမ်းတွင် ရောဘတ်က ၎င်း၏ သုတေသနအတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအထိ လေယာဉ်များ၏ ကွန်ပျူတာစနစ်အတွင်းသို့ အကြိမ် ၂၀ ခန့် ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသည်ဟု FBI အေးဂျင့်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် လေယာဉ်တစ်စီး၌ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်မှုအတွင်း လေယာဉ်အင်ဂျင် စက်ရှိန်ကို အတင်အချပြုလုပ်ကာ လေယာဉ် ဘေးတိုက်ရွေ့လျားအောင် လုပ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ သို့သော်လည်း မည်သည့်လေယာဉ်များအား ဖောက်ထွင်းဝင်ရောက်ခဲ့သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref: RT

  • ပြင်ပရန်များအား ကာကွယ်ပေးသွားမည်ဟု အာရပ်နိုင်ငံများကို အမေရိကန်ကတိပြု

    ပြင်ပရန်များအား ကာကွယ်ပေးသွားမည်ဟု အာရပ်နိုင်ငံများကို အမေရိကန်ကတိပြု

    မေ ၁၅၊ ၂၀၁၅
    M-Media

    – မည်သည့်ပြည်ပရန်ကိုမဆို ဆန့်ကျင်ရာတွင် မိမိတို့အမေရိကန်ပြည်ထောင်စုအနေဖြင့် ပင်လယ်ကွေ့နိုင်ငံများဘက်မှ ရပ်တည်ပေးမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အာရပ်နိုင်ငံ ၆ နိုင်ငံပါဝင်သော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC နှင့် အိုဘားမားတို့ သမ္မတ၏ ကျေးလက်အပန်းဖြေအိမ်ဖြစ်သော Camp David တွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းဝေးတွင် အိုဘားမားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် အင်အာကြီးနိုင်ငံများက အီရန်နှင့် နျူးကလီးယား သဘောတူညီချက်ရရေး ဆောင်ရွက်မှုကြောင့် လုံခြုံရေးကို စိုးရိမ်နေသည့် ပင်လယ်ကွေ့နိုင်ငံများအား နှစ်သိမ့်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် အိုဘားမားက အီရန်မှာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပြီး ထိုဆောင်ရွက်မှုများကို ဖြေရှင်းရာတွင်လည်း ပင်လယ်ကွေ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အိုဘားမားက ကတိပေးခဲ့သည်။

    တစ်ရက်တာ ကြာမြင့်ခဲ့သည့် အဆိုပါ အစည်းအဝေးပြီးနောက် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် ကျူးကျော်မှုဖြစ်လာပါက GCC မိတ်ဖက်နိုင်ငံများကို ကာကွယ်ရေးအတွက် စစ်အင်အားအသုံးပြုမှု အလားအလာအပါအ၀င် မိမိတို့ စုပေါင်းအသုံးပြုနိုင်သော နည်းလမ်းများကို အသုံးပြုလျက် မည်သည့်အရေးယူမှုက သင့်လျော်သည်ကို ချက်ချင်းလက်ငင်းဆုံးဖြတ်ရေးအတွက် အာရပ်နိုင်ငံများနှင့် အလုပ်လုပ်ရန် အမေရိကန်က အဆင်သင့်ရှိနေသည်ဟု ဖော်ပြခဲ့သည်။

    အမေရိကန်မှာ ပင်လယ်ကွေ့နိုင်ငံများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် စစ်ရေးအထောက်အပံ့များ ပေးအပ်ခဲ့ပြီး ယခုကြေညာချက်တွင်လည်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ရေးစနစ်နှင့် အခြားသောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုအသစ်များ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်စစ်တပ် ပဲ့ထိန်းကျည် ထုတ်နိုင်ပြီ

    အမေရိကန်စစ်တပ် ပဲ့ထိန်းကျည် ထုတ်နိုင်ပြီ

    မေ ၁၀၊ ၂၀၁၅
    M-Media

    bullet

    – ‘ပစ်မှတ်လွဲသွားတယ်ကွာ’ ဆိုတဲ့စကားကို သင်ကြားဖူးပါသလား? အဲဒီစကားကို မေ့လိုက်ပါ။ ဒါမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။

    အမေရိကန်စစ်တပ်က သူတို့ဟာ ပဲထိန်းကျည်ဆံကို ဖန်းတီးဖို့ ကြိုစားရာမှာ တော်တော်လေး တိုးတက်မှုတွေရှိနေပြီလို့ ပြီးခဲ့တဲ့ တစ်ပတ်က ပြောလိုက်ပါတယ်။

    ဖေဖော်ဝါရီလတုန်းက အလင်းဆင်ဆာ တပ်ထားပြီး “ခေတ်မီ ကျည်ဆံ” လို့ခေါ်တဲ့ ပွိုင့် ၅၀ ကျည်ဖူးကို အပြင်မှာ လက်တွေ့ စမ်းသပ်ပစ်ခတ်မှုဟာ အောင်မြင်ခဲ့တယ်လို့ ခေတ်မီကာကွယ်ရေး သုတေသနစီမံကိန်းအေဂျင်စီ DARPA က ကြေညာခဲ့ပါတယ်။

    အဲဒီစမ်းသပ်မှုတွေမှာ ကျွမ်းကျင်သေနတ်သမားတစ်ယောက်ဟာ ရွေ့လျား ရှောင်တိမ်းနေတဲ့ ပစ်မှတ်တွေကို ထပ်ခါထပ်ခါ ပစ်ပြနိုင်ခဲ့တယ်လို့ DARPA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နောက်ပြီး လူသစ် သေနတ်သမားတစ်ယောက်ကလည်း ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို အဲဒီ ပဲ့ထိန်းကျည်ဆံသုံးပြီး ထိအောင် ပစ်ခတ်ပြနိုင်ခဲ့ပါတယ်။ ဒါဟာ ပစ်တ်မှတ်ကိုထိဖို့
    လက်ဖြောင့်နေစရာမလိုဘူးဆိုတဲ့ သဘောပါပဲ။

    အဲဒီ ပဲ့ထိန်းကျည်ဆံစနစ်ကို DARPA ရဲ့ EXACTO လို့ခေါ်တဲ့ Extreme Accuracy Tasked Ordnance အစီစဉ်ကနေ တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    “DARPA ရဲ့ မစ်ရှင်ကို အမှန်တစ်ကယ်ဖြစ်လာဖို့ EXACTO ဟာ တစ်ချိန်တုန်းက မဖြစ်နိုင်စရာလို့ ထင်တဲ့ ကျည်ဆံသေးသေးလေး ပတ်မှတ်ကိုထိဖို့ ပဲ့ထိန်းစနစ်ကို လုပ်ပြခဲ့ပါတယ်” လို့ DARPA ရဲ့ ပရိုဂရမ် မန်နေဂျာဖြစ်တဲ့ ဂျဲရိုမီ ဒန်းက ဆိုပါတယ်။

    “စံမှီတဲ့ ရိုင်ဖယ်ကနေ လက်တွေ့ပစ်ခတ်မှုက EXACTO ဟာ သာမန်ပစ်ခတ်မှုမှာ မအောင်မြင်နိုင်တဲ့ စနိုက်ပါ အကွာအဝေးက ရွေ့လျားရှောင်တိမ်း ပစ်မှတ်တွေကို ပစ်နိုင်တယ်ဆိုတာ ပြသနေပါတယ်။ ပွိုင့် ၅၀ ဆိုဒ် ကျည်ဖူးနဲ့ EXACTO ရဲ့ ပဲ့ထိန်းနိုင်စွမ်းကို အံဝင်ခွင်ကျဖြစ်စေတယ်ဆိုတာက အဓိက အောင်မြင်မှုဖြစ်ပြီး အနာဂတ်မှာ သေနတ်အားလုံး ပဲ့ထိန်းကျည်ဆံနဲ့ ပစ်ခတ်နိုင်မှုအတွက် တံခါးဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဒန်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    လေထဲကနေ ပစ်မှတ်နောက် ကွေ့လိုက်

    DARPA က ပဲ့ထိန်းကျည်ဆံနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အဲဒီကျည်ဆံတွေဟာ ပစ်မှတ်နောက်လိုက်တဲ့အခါ လေထဲမှာ ကွေ့လိုက်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အဲဒီကျည်ဆံတွေဟာ တစ်နာရီကို မိုင်ရာနဲ့ချီ သွားနိုင်ပြီး ပြိုင်ကားတစ်စီး မသွားနိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။ DARPA ကတော့ အဲဒီ ခေတ်မီကျည်ဆံတွေဟာ ဥပမာအားဖြင့် လေတိုက်နှုန်းမြင့်နေတဲ့အချိန် ပစ်မှတ်ကို ထိအောင်ပစ်ဖို့ ကြိုးစားတဲ့ သေနတ်သမားတွေကို
    အကူအညီဖြစ်စေမယ်လို့ ဆိုပါတယ်။

    EXACTO အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ သေနတ်သမားတွေ တော်တော်ဝေးဝေးကို ပစ်တဲ့အခါ တိကျမှုရှိစေဖို့၊ ပစ်မှတ်ကို မြန်မြန်ထိစေဖို့နဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုံခြုံရေး တိုးမြင့်စေဖို့လို့ DARPA က ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    မေ ၇၊ ၂၀၁၅
    M-Media

    CEVPlFxW0AAVrB4

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှ အမျိုးသမီးတစ်ဦးမှာ ကလေးငယ်များနှင့်အတူ ဖမ်းဆီးထားခြင်းခံရစဉ် ပီဇာအော်ဒါမှတစ်ဆင့် အကူအညီတောင်းခဲ့သည်ဟု သိရသည်။

    ချယ်ရီ ထရက်ဒ်ဝေးဆိုသူ အမျိုးသမီးဖြစ်ပြီး တနင်္လာနေ့တွင် ရည်းစားဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ ကလေးငယ် ၃ ဦးနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ထို့နောက် ထရက်ဒ်ဝေးက ရည်းစားကို ဖျားယောင်းကာ Pizza Hut တွင် ဖုန်းဖြင့် အွန်လိုင်းမှ တစ်ဆင့် ပီဇာမှာမည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် မိမိတို့မှာ အဖမ်းခံထားရပြီး အကူအညီလိုနေကာ၊ ရဲတပ်ဖွဲ့အား အကြောင်းကြားပေးရန် Pizza Hut ၏ အော်ဒါတွင် ရေးသားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထရက်ဒ်ဝေးမှာ ဟိုက်လန်းကောင်တီ၏ Pizza Hut ဆိုင်ခွဲတွင် မကြာခဏ ၀ယ်စားနေသူဖြစ်ပြီး ဆိုင်ဝန်ထမ်းများကလည်း သိနေကာ အော်ဒါရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအားလုံးမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ကြသည်။

    “ကျွန်တော်တို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီမှာ အလုပ်လုပ်နေတာ၂၈ နှစ်ရှိပါပြီ။ ဒါမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါဘူး” ဟု အဆိုပါ Pizza Hut ဆိုင်ခွဲ၏ မန်နေဂျာ ကန်ဒီ ဟာမီလ်တန်က ပြောကြားခဲ့သည်။

    အော်ဒါရပြီးနောက် Pizza Hut က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က ထရက်ဒ်ဝေး အိမ်သို့ သွားရောက်ကာ အခြေအနေကို ထိန်းသိန်းနိုင်ခဲ့သည်။ ဓားဖြင့် ခြိမ်းခြောက်ကာ ထရက်ဒ်ဝေးတို့ မိသားစုအား ဖမ်းဆီးထားသည့် အီသန် နစ်ကာဆန်ဆိုသူကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့က နစ်ကာဆန်နှင့် ထရက်ဒ်ဝေးတို့မှာ အမြဲတမ်းလိုလို စကားများကြပြီး ထိုနေ့က ကလေးများအား ကျောင်းကြိုပြီးနောက် ထိုကဲ့သို့ အကြပ်ကိုင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် နစ်ကာဆန်ကို တရားစွဲဆိုထားသည်။

    Ref: CNN

  • အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us food

    – အလုပ်သမားတစ်ဦးကို တူနာငါး ပေါင် ၁၂၀၀၀ နှင့်အတူ စက်ရုံ၏ မီးဖိုထဲတွင် အရှင်လတ်လတ် ချက်ပြုတ်မိခဲ့သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်မှ Bumble Bee Foods အစားအသောက်ကုမ္ပဏီနှင့် ၎င်းတို့ မန်နေဂျာ ၂ ဦးအား လော့စ်အိန်ဂျလိစ် တရားရုံးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ အဖြစ်အပျက်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် အလုပ်သမား ဂျိုဆေး မီလီနာမှာ စက်ရုံရှိ ၃၂ ပေရှိသော မီးဖိုထဲတွင် သန့်ရှင်းရေးပြုလုပ်နေစဉ် လုပ်ဖော်ကိုင်ဖက်တစ်ဦက မီလီနာ အိမ်သာသွားနေသည်ဟု ထင်မှတ်ကာ မီးဖိုထဲတွင် တူနာငါးစည်းသွတ်ဘူးများကို ထည့်၍ မီးဖိုအား ဖွင့်ခဲ့ခြင်းဖြစ်သည်။

    အလုပ်သမားခေါင်းဆောင်က မီလီနာ ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သောကြောင့် စက်ရုံနှင့် ကားပါကင်တို့တွင် ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် အပူချိန် ၂၇၀ ဒီဂရီအထိ ရောက်သွားခဲ့သည့် မီးဖိုးထဲတွင် ၂ နာရီကြာပြီးနောက် မီလီနာ၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

    တရားသူကြီးများကမူ ကုမ္ပဏီနှင့် မန်နေဂျာ ၂ ဦးတို့အား ကယ်လီဖိုးနီယား အလုပ်အကိုင်ရေးရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ OSHA မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ စွဲချက် ၃ ခုဖြင့် တရားစွဲဆိုခဲ့သည်။

    ပြစ်မှုထင်ရှားပါက မန်နေဂျာ ၂ ဦးမှာ ၃ နှစ်အထိ ထောင်ဒဏ်ကို ကျခံရမည်ဖြစ်ပြီး၊ ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ကုမ္ပဏီမှာ အမြင့်ဆုံးဒဏ်ကြေး ကန်ဒေါ်လာ ၁.၅ သန်းကို ပေးဆောင်ရဖွယ်ရှိနေသည်။

    Bumble Bee Foods ကုမ္ပဏီကမူ ၎င်းတို့မှာ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဒဏ်ကြေးအတွက် အယူခံဝင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီမှာ ယခင်ကလည်း OSHA ၏ စည်းကမ်းကို ချိုးဖောက်မှုကြောင့် ကန်ဒေါ်လာ ၇၄၀၀၀ ဒဏ်ငွေဆောင်ခဲ့ရဖူးသည်။

    Ref: RT