News @ M-Media

Tag: US

  • စစ်သားများအား အပိုကြေးပေးရသည့် အန္တရာယ်ရှိသော နေရာများ ပင်တဂွန်လျှော့ချ

    ဇန်နဝါရီ ၄၊ ၂၀၁၄
    M-Media

    GFX9299-710_2013_205109_high
    –  စစ်သားများအား လခအပြင် အပိုကြေးပေးရသည့် အန္တရာယ်ရှိသောနေရာများ စာရင်းအား လျှော့ချခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုလျှော့ချခဲ့သည့်စာရင်းတွင် အမေရိကန်တပ်များ တပ်စွဲထားသည့် ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ပင်လယ်ကွေ့ နိုင်ငံများဖြစ်သည့် ကာတာ၊ အိုမန်၊ ကူဝိတ်၊ ယူအေအီး၊ ကာဂျစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ ပါဝင်ပြီး ထိုကဲ့သို့ လျှော့ချခြင်းမှာ စစ်အသုံးစားရိတ် တစ်နှစ်တွင် သန်း ၁၀၀ လျော့ချရန် ရည်ရွယ်သည့် စီမံကိန်းလည်းဖြစ်သည်။

    သို့သော်လည်း အမေရိကန်မှ ကျူးကျော်ထားသည့် အာဖဂန်နစ္စတန်နှင့် အီရတ်ကဲ့သို့ နိုင်ငံများမှာ အန္တရာယ်ရှိသောနေရာများ စာရင်းတွင် ဆက်လက်ပါဝင်နေပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည့် တူရကီနှင့် ဂျော်ဒန်၊ ပင်လယ်ဓားမြများ ကြီးစိုးနေသည့် ဆိုမာလီ၊ ဂွာတာနာမိုနှင့် ကျူးဘား၊ အစ္စရေး၊ အဇာဘိုင်ဂျန်နှင့် ဂရိနိုင်ငံတို့မှာလည်း အန္တရယ်ရှိသော နေရာများစာရင်းတွင် ပါဝင်နေသည်။

    ထိုကဲ့သို့ အန္တရာယ်ရှိသော စာရင်းများတွင် ပါဝင်သည့် နေရာများတွင် တာဝန်ထမ်းဆောင်ရသည့် စစ်သားများမှာ လခအပြင် တစ်နေ့လျှင် အပိုကြေး ကန်ဒေါ်လာ ၇.၅၀ ရရှိပြီး တစ်လလျှင် အမြင့်ဆုံး ၂၂၅ ဒေါ်လာအထိ ရရှိကြကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အန္တရာယ်ရှိသောနေရာများတွင် တာဝန်ထမ်းဆောင်သည့် စစ်သားများအတွင် ပေးရသည့် အပိုကြေးမှာ ဒေါ်လာ သန်း ၅၀၀ ရှိကြောင်း ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ကာနယ် စတီဗ် ၀ါရန်က ပြောကြားခဲ့သည်။

    Ref:english.alarabiya

    ဓါတ်ပုံအညွှန်း- ၂၀၁၁ ခုနှစ်က အမေရိကန်မှ သတ်မှတ်ထားသည့် ၄င်းတို့ တပ်စွဲထားသည့် ကမ္ဘာတဝှမ်းမှ အန္တရာယ်ရှိသော ဇုံများ

     

  • အာဖဂန်စစ်ပွဲမှာ မထိုက်တန်ဟု အမေရိကန်ပြည်သူ ၃ ပုံ ၂ ပုံခန့်က ယူဆနေ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    s-AFGHAN-WAR-CHILDREN-large
    – အကြမ်းဖက် တိုက်ဖျက်ရေးဟု ခေါင်းစဉ်တပ်ကာ အာဖဂန်နစ္စတန်နိုင်ငံအား အမေရိကန်က ၁၂ နှစ်ကြာ ကျူးကျော် တိုက်ခိုက်ခဲ့သည့် စစ်ပွဲမှာ ထိုက်တန်သော စစ်ပွဲမဟုတ်ဟု အမေရိကန်နိုင်ငံသား ၃ ပုံ ၂ ပုံက ယူဆနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    Langer Research Associates of New York သုသေသန အဖွဲ့မှ ကမကထပြုကာ အမေရိကန်ရှိ သတင်းအေဂျင်စီများဖြစ်ကြသည့် ABC News နှင့် Washington Post တို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံးမေးမြန်းသူ ၆၆ ရာခိုင်နှုန်းက အာဖဂန်စစ်ပွဲ အတွက် ပေးဆပ်ခဲ့ ရသည့် ငွေကြေးများနှင့် စစ်သားများ၏ အသက်များမှာ မထိုက်တန်ဟု ပြောကြားခဲ့ပြီး လစ်ဘရယ် သမားများဟု ခံယူထားသူများ၏ ၇၈ ရာခိုင်နှုန်း ကလည်း ထိုကဲ့သို့ပင် ယူဆနေကြသည်။

    ထို့ပြင် ဒီမိုကရက်များ၏ ၆၁ ရာခိုင်နှုန်း၊ ရီပက်ဘလစ်ကန်များ၏ ၅၄ ရာခိုင်နှုန်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့တွင်မှ မပါဝင်သူ ၇၁ ရာခိုင်နှုန်းက ထိုစစ်ပွဲအတွက် နောင်တရခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

    ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအား အိုစာမာဘင်လာဒင် ဦးဆောင်သည့် အလ်ကိုင်းဒါးအဖွဲ့ ပြုလုပ်သည်ဟု စွပ်စွဲကာ၊ ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ထိုစဉ်က သမ္မဖြစ်သူ ဂျော့ ဘုရှ်က အိုစာမာဘင်လာဒင်ရှိသည်ဟု ယူဆရသည့် အာဖဂန် နစ္စတန်အား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ၁၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် အဆိုပါစစ်ပွဲကြောင့် အာဖဂန်ပြည်သူ သိန်းချီ၍ သေဆုံးခဲ့ရပြီး အများအပြားမှာလည်း ဒုက္ခသည်ဘ၀သို့ ရောက်ရှိခဲ့ကြရသည်။

    ဓါတ်ပုံအညွှန်း- စစ်ပွဲဒဏ်ခံရသော အာဖဂန်ကလေးငယ်များ

    Ref: The5thestate
    Photo AFP

  • မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် မြန်မာ ကုမ္ပဏီသုံးခုနှင့် စစ်တပ် အရာရှိတစ်ဦးအား အမေရိကန်မှ အမည်ပျက် စာရင်းသွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Thein-Htay
    – မြောက်ကိုရီးယားနှင့် တရားမ၀င် လက်နက်ရောင်းဝယ်မှုတွင် ပါဝင်နေသည့်ဟု စွပ်စွဲကာ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် စစ်တပ်အရာရှိတစ်ဦးအား အမေရိကန်က ယမန်နေ့တွင် ကန့်သတ်ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဘဏ္ဍားရေဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကန့်သတ်ပိတ်ပင်သူများစာရင်း၌ ပါဝင်သူများမှာ ကာကွယ်ရေှးဌာနပစ္စည်းထုတ်လုပ်ရေးရုံး DDI အား တာဝန်ယူဆောင်ရွက်နေသည့် ဒုဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများတင်သွင်းရန် မြောက်ကိုရီးယား အာဏာပိုင်များနှင့် ပြီးခဲ့သည့် ဇွန်လကတည်းက အလုပ်လုပ်နေသည့် စိုးမင်းထိုက် ကုမ္ပဏီလိမိတက်နှင့် Excellence Mineral ကုမ္ပဏီ၊ DDI ရုံးအား ဆောက်လုပ်နေပြီး၊ ဆောက်လုပ်ရေးပစ္စည်းများကို ထောက်ပံ့ပေးနေသည့် Asia Metal ကုမ္ပဏီတို့ဖြစ်ကြသည်။ ထို့ပြင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့သည့် DDI ရုံးတွင် မြောက်ကိုရီးယားနိုင်ငံသား ၃၀ နီးပါးခန့် အလုပ်လုပ်ကိုင်နေပြီး DDI ရုံး၏ အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လကတည်းက အမေရိကန်မှ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

    မြောက်ကိုရီးယားနိုင်ငံနှင့် စစ်လက်နက်ပစ္စည်းများကုန်သွယ်မှုကို ရပ်တန့်လိုက်ပြီဟု မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း အမှန်တစ်ကယ်တွင် လျှော့ချလိုက်ခြင်းသာဖြစ်ပြီး ရပ်တန့်ခြင်းမရှိဟု အမေရိကန်အာဏာပိုင်းများက ပြောကြားခဲ့သေးသည်။

    ထို့ကဲ့သို့ ကန့်သတ်ပိတ်ဆို့မှုမှာ မြန်မာအစိုးရအား တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် လေးစားလိုက်နာမှုအား သံသယ ဖြစ်သွားစေခဲ့သည်။

    မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးပြတ်တောက်ခြင်းမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကြာရှည်စွာ သီးခြားဖြစ်နေခြင်းအား အဆုံးသတ်ရန်နှင့် အမေရိကန်၏ အဓိကရည်မှန်းချက်လည်းဖြစ်သည်။
    Ref: AP

    ဓါတ်ပုံအညွန်း- မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကြောင့် အမေရိကန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အမည်ပျက်စာရင်းသွင်းထားသည့် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချူပ်ကြီး သိန်းဌေး (ယခု ကာကွယ်ရေးဝန်ကြီးဌာန)

    Photo-  (Reuters)

  • အမေရိကန်မှ သြဇာကြီးသော ပညာရှင်အဖွဲ့မှ အစ္စရေးအား သပိတ်မှောက်

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    ပါလက်စတိုင်းအပေါ် မတရားလုပ်မှုများကြောင့် အမေရိကန်မှ သြဇာကြီးသော ပညာရှင်အဖွဲ့မှ အစ္စရေးအား သပိတ်မှောက်

    rtr2elma.si
    – အစ္စရေးနိုင်ငံ၏ ကောလိပ်များနှင့် တက္ကသိုလ်များကို သပိတ်မှောက်ရန် အမေရိကန်ရှိ သြဇာကြီးမားသော ပညာရှင်များ အဖွဲ့တစ်ဖွဲ့က မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ပါလက်စတိုင်းများ အပေါ် အစ္စရေး၏ ပြုမူ ဆက်ဆံမှုနှင့် ပတ်သက်၍ သပိတ်မှောက်သည့် အကြီးဆုံး ပညာရှင်အဖွဲ့ ဖြစ်လာမည်ဖြစ်သည်။

    ထိုကဲ့သို့ သပိတ်မှောက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင် သောင်းချီရှိသည့် အမေရိကန်လေ့လာမှုအဖွဲ့ ASA က တနင်္ဂနွေနေ့ညက မဲခွဲဆုံးဖြတ်ခဲ့ရာ ၆၆ ရာခိုင်းနှုန်းက ထောက်ခံခဲ့ပြီး ၃၀ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြပြီး ၃ ရာခိုင်နှုန်းက ကြားနေခဲ့သည်။

    ထိုသပိတ်မှာ အမေရိကန်ရှိ ကျောင်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ကြသည့် အဖွဲ့များမှာ အစ္စရေးအဖွဲ့များနှင့် ဆက်သွယ် လုပ်ဆောင်မှုများအား ရပ်တန့်ရန် လှုံ့ဆော်ခြင်းဖြစ်သည်။ သို့သော် အစ္စရေး ပညာရှင်များ အမေရိကန် တက္ကသိုလ်များတွင် မိန့်ခွန်းပြောခြင်း အစည်းအဝေးများ တက်ရောက်ခြင်းကို အစ္စရေး အစိုးရ၏ ယန္တရားအတွင်း ပါဝင်ဆောက်ရွက်မှု မပြုလုပ်မချင်း ခွင့်ပြုထားမည်ဖြစ်သည်။

    “ထိုသဘောတူညီချက်ဟာ ပညာရှင်တွေနဲ့ ကျောင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုပဲဖြစ်ပါတယ်။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံသားများ အပါအ၀င် လူသားအားလုံး ပိုမို လွတ်လပ်ဖို့ ရည်ရွယ်တာပါ” ဟု ထိုအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ရေးသား ဖော်ပြ ထားသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်ခြင်း၊ ပါလက်စတိုင်း ကျောင်းသားများနှင့် ပညာရှင်များအပေါ် အစ္စရေးနိုင်ငံသားများက သိမ်းပိုက်ထားမှုများအတွက် အကျိုးသက်ရောက်မှု၊ အစ္စရေးအဆင့်မြင်ပညာရေး အသင်းအဖွဲ့များ၏ ပမာဏ စသည်တို့မှာ လူ့အခွင့်အရေးချိုးဖောက်သော ပေါ်လစီများကိုချမှတ်ပေးသော အချက်များဖြစ်သည်ဟု ရေးသားထားပြီး အခြား အချက်များ ကိုလည်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ပြီးခဲ့သည့် ဧပြီလကလည်း အာရှ အမေရိကန်လေ့လာမှု အဖွဲ့က ထိုကဲ့သို့ သပိတ်မှောက်မှု တစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်တက္ကသိုလ် ပါမောက္ခများအဖွဲ့က ထိုလုပ်ရပ်အား ကန့်ကွက်ခဲ့သည်။ ယခုလအတွင်းတွင် ထိုကဲ့သို့ သပိတ်မှောက်မှုများပြုလုပ်ရန် ပြီးခဲ့သည့်လက ၀ါရှင်တန်တွင် ကျင်းပခဲ့သည့် ASA ၏ နှစ်ပတ်လည် အစည်းအဝေး၌ စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင် ၂၀ ပါဝင်သည့် အမျိုးသားကောင်စီက သပိတ်မှောက်ရန် အစီအစဉ်အား တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

    Ref: RT

  • အမေရိကန်တွင် ရဲမေများ အဝတ်အစားအခန်းတွင် လျိုဝှက် ကင်မရာတပ်မှု ရဲမေများမှ မြိုနယ်ရဲစခန်း တရားစွဲ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    29.si
    – ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများ၏ အ၀တ်အစားများ ထားသည့်အခန်း locker room တွင် လျှို့ဝှက် ကင်မရာ တပ်ဆင်ထားမှုကြောင့် ရဲမေဟောင်း တစ်ဦးနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲမေနှစ်ဦး စုစုပေါင်းသုံးဦးက အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် Battle Creek မြို့ရှိ ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည်ဟု သိရသည်။

    ရဲတပ်ဖွဲ့အနေဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးရဲမေများနှင့် ယခုတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲမေများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး စာရွက်စာတမ်းအပြည့်အစုံဖြင့် ခရိုင်တရားရုံးတွင် ယခုတစ်ပါတ်အတွင်း လျှောက်ထား တရားစွဲဆိုထားခြင်းဖြစ်သည်။

    Ref: RT