News @ M-Media
Tag: US
  • ဖလော်ရီဒါတွင် သောကြာနေ့က ဓားစာခံ ၇ ဦး သတ်ခံရ
    ဇူလိုင်-၂၈၊ ၂၀၁၃
    M-Media
    7 people were killed in Florida on Friday
    အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် သေနတ်သမားတစ်ဦးသည် စုပေါင်းအိမ်ရာတိုက်ခန်းတစ်ခုအတွင်း၌ လူများစွာကို  ဓားစာခံလုပ်ကာ လူ ၆ ဦးအား ပစ်သတ်ခဲ့ပြီးနောက် ၄င်းအား ပစ်ခတ်ဖမ်းဆီးရာ၌ သေဆုံးသွားခဲ့သည်။
    ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီအနီး ဟီယာလေး(Hialeah) တွင် သောကြာနေ့က ရဲများသည် ၉၁၁ ခေါ်ဆိုမှုကို ရရှိခဲ့ပြီး ညနေ ၆း၃၀ နာရီမှစတင်ကာ နာရီပေါင်းများစွာ သေနတ် သမားနှင့် ညှိနှိုင်းခဲ့ကြသည်။
    ရဲအရာရှိများသည် အိမ်ရာရှိလူများအား ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ပြီး၊ အိမ်ရာပတ်ဝန်းကျင်ရှိ လမ်းများကိုပိတ်ဆို့ခဲ့ကြသည်။ ထို့နောက် ပစ်ခတ်မှုများ မဖြစ်မှီအထိ သေနတ်သမားနှင့် ညှိနှိုင်းခဲ့သည် ဟု ဆိုသည်။
    “ ကျွန်တော်တို့ကြုံခဲ့ရသမျှ ဒီပစ်ခတ်မှုက ဟီယာလေးမှာ အဆိုးဝါးဆုံး အဖြစ်ပျက်တွေထဲက တစ်ခုပဲ ” ဟု ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကားလ် ဇော့ခ်ဘီ (Carl Zogby) မှ NBC News သို့ပြောကြားခဲ့သည်။
    SWAT အထူးတပ်ဖွဲ့သည် သေနတ်သမားအား  ၅ ထပ်တိုက်ရှိ ၄ လွှာတွင် လူနှစ်ဦးအား ဓားစာခံအဖြစ် ပြုလုပ်ထားဆဲအခြေအနေတွင် တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့သည်။
    “ ဒီဖြစ်ရပ် အဆုံးသတ်တဲ့အခါ အပြစ်မဲ့ လူ ၆ ဦးနဲ့သေနတ်သမား ၁ ဦး စုစုပေါင်း လူ ၇ ဦး အသက်ဆုံးရှုံးသွားတယ် ” ဟု ဇော့ခ်ဘီ က ဆိုသည်။
    ဓားစာခံများအနက် အမျိုးးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ရပြီး၊ အိမ်ရာမန်နေဂျာ နှင့် သူမ ယောက်ျား၏ အလောင်းများအား ခန်းမဆောင်ထဲတွင် တွေ့ရှိခဲ့ကြသည်။ အခြား ဓားစာခံ ၃ ဦးဖြစ်သော အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦး၏အလောင်းများကိုတော့ တိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့သည် ဟု သိရသည်။
    နောက်ထပ် အမျိုးသားအလောင်းတစ်ခုအား လမ်းမ၏တစ်ဖက်ခြမ်းရှိ အဆောက်အဦ၏ ဧည့်ခန်းမဆောင်တွင် တွေ့ရှိခဲ့သည်။ သေနတ်သမားသည် ထိုသူ ထွက်လာသည်ကို တွေ့ရှိ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
    အိမ်ရာမန်နေဂျာ၏သမီးဖြစ်သူ ရှမီရာ ပစ်စီယိုတီ (Shamira Pisciotti) က ဆိုသည်မှာ အိမ်ရာအတွင်း သေနတ်သမား နှင့်ပတ်သက်သော တိုင်ကြားချက်ရှိကြောင်း၊ ထိုတိုင်ကြားချက်နှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် သူမ၏မိဘများကို ၄င်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
    ISH/HJ
  • အမေရိကန် အစိုးရ လျိုဝှက်ချက်များ ဖော်ထုတ်ခဲ့သူ စနိုဒင် နိုဘယ်ဆုအတွက် အဆိုတင်သွင်းခံရ
    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media
    မေလအတွင်းက အမေရိကန်၏ ကမ္ဘာ့တစ်ခွင် သူလျှိုလှုပ်ရှားမှုများကို  ဖော်ထုတ်ခဲ့သော အမေရိန်ကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ ထောက်လှမ်းရေးဟောင်း အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည်  ၂၀၁၃ ခုနှစ်၏ငြိမ်းချမ်းရေးနိုဗယ်လ်ဆု Nobel Peace Prize အတွက် လျာထားရန် အဆိုတင်သွင်းခံရသည်။
    Snowden
    ဆွီဒင် (Sweden) ရှိ အူမီယာတက္ကသိုလ် (Umea University) မှ လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ် (Stefan Svallfors) က နော်ဝေပါလီမန်အဖွဲ့ (Norwegian parliament) သို့ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ လက်ရှိနှင့်ဆက်လက်တိုးချဲ့မည့် ကမ္ဘာ့တစ်ခွင်သူလျှိုလှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့သူ အမေရိကန်သားအား နိုဘယ်လ်ဆုအတွက် ရွေးချယ်ရန် ထောက်ခံတင်သွင်းခဲ့သည်။
    “ နိုင်ငံတော်ဥပဒေများ နှင့် နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ကျူးလွန်မှုအပေါ် စေ့စပ်စွာစောင့်ကြည့်လေ့လာပြီး ဖွင့်ချလိုက်သည့်အတွက်  အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည် ကမ္ဘာမြေအား အန္တရာယ်ဆိုးအချို့မှကင်းဝေးစေ၍ ပိုမိုလုံခြုံစေခဲ့သည်။ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုအတွက် လူတိုင်း ရပ်တည်နိုင်ခွင့်ရှိကြောင်း ပြသရာလည်းရောက် သွားပါသည် ” ဟု ပါမောက္ခ မှ ဆိုသည်။
    အသက် ၃၀ အရွယ် စနိုဒင်သည် အမေရိကန်ထောက်လှမ်းရေး လုပ်ငန်းမှ ရုန်းထွက်နိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ကျိုးစွန့်၍ သူရဲကောင်းပီသသောလုပ်ဆောင်ချက်ဟု စဗလ်ဖော်စ် က  ချီးမွှမ်းဖော်ပြခဲ့သည်။
    “ ဒီလို စံနမူနာမျိုးက အလွန်အဖိုးတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၅ ခုနှစ်၊ နူရင်မ်ဘာ့ခ် စီရင်မှု (Nuremberg Trials) မှာ  ‘ အထက်က အမိန့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပါတယ် ’ လို့ ကျော်ကြားခဲ့တဲ့စကားစုဟာ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုကို ဆန့်ကျင်ပြုလုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု မဟုတ်တော့ပါဘူး ” ဟု စဗလ်ဖော်စ် က ပြောသည်။
    စနိုဒင်သည် အမေရိကန်နိုင်ငံအခြေစိုက် web server များကို အသုံးပြုနေသာ အမေရိကန်များ နှင့် အခြားနိုင်ငံသားများအား ခြေရာခံသည့်  PRISM အမည်ရှိ အဓိက ပရိုဂရမ် အပါအ၀င်  NSA ၏ လျှို့ဝှက် အစီအစဉ်များစွာကို ဖော်ထုတ်ဖွင့်ချခဲ့သည်။
    ဥရောပသမဂ္ဂ (European Union) ရှိ ရုံးများ၊ ဥရောပမှ ပြည်သူများ၊ ကုမ္ပဏီများ၊ လက်တင်အမေရိကတိုက်ရှိ လူတစ်ဦးချင်းစီကို ထောက်လှမ်းနေသော အမေရိကန်၏ သူလျှိုလုပ်ခဲ့မှုဆိုင်ရာ အထောက်အထား စာရွက်စာတန်းများ  ကိုပါ သူက ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
    လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ်က မိမိသည် နိုဗယ်လ်ဆုချီးမြှင့်ရေးကော်မတီ Nobel Committee ထံသို့ စနိုဒင်အား ရွေးချယ်ရန် ဆက်လက်၍ တွန်းအားပေးသွားမည်ဟု ဆို၏။
    “ ၄င်းဆုကို သူ့အားပေးအပ်ခဲ့ပါက ကမ္ဘာအင်အား အကြီးဆုံးနိုင်ငံက မနှစ်မြို့သော်ငြား ပြည်သူများ၏လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေးဖက်မှ ရပ်တည်ကာကွယ်ပေးလိုသည် ဟု ပြသသကဲ့သို့ဖြစ်ပေလိမ့်မည် ” ဟု စဗလ်ဖော်စ်  မှ ကောက်ချက်ချသုံးသပ်ပြခဲ့သည်။
    Nobel Peace Prize – ငြိမ်းချမ်းရေးနိုဗယ်လ်ဆုသည် ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဗယ်လ် (Alfred Nobel) ၏ အားထုတ်ကြိုးစားမှုကြောင့် ၁၉၀၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိအောင် လုပ်ဆောင်ခြင်းအတွက်၊ စစ်ရေးတိုက်ခိုက်မှုများ လျော့နည်း/ရပ်စဲသွားအောင် လုပ်ဆောင်ခြင်းအတွက်၊  ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် လက်ကိုင်ပြုတိုးမြှင့်ခြင်းအတွက်  စသည်များ၌ အကောင်းဆုံးနှင့်အထူးခြားဆုံး ဆောင်ရွက်နိုင်ခဲ့သော လူတစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အသင်းအဖွဲ့အလိုက်သော်လည်းကောင်း ၄င်းဆုကို နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေးအပ်လျက်ရှိသည်။
    GMA/SS
  • ရမဿွာန်လ ၀ါဖြေပွဲကြောင့် အမေရိကန် နိုင်ငံသားများကြား ပိုမိုရင်းနှီးစေ
    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media
    Ramadan Iftars Bring Americans Closer“ American Islamic Relations ကောင်စီမှ ရမဿွာန်နဲ့သက်ဆိုင်တဲ့ အကြောင်းအချက်များကို ကျွန်တော်တို့ဆီက မွတ်စ်လင်မ်မဟုတ်တဲ့ အသိုင်းအ၀ိုင်းနဲ့မိတ်ဆွေများထံ ပို့ဆောင်ခဲ့ပြီး၊ ကျွန်တော်တို့ဖက်ကလည်း ရမဿွာန် အကြောင်း ပြောဆိုရှင်းပြနိုင်တဲ့ အစီအစဉ်တစ်ခုပါ ” ဟု CAIR ၏ အမှုဆောင် ဒါရိုက်တာ နီဟဒ် အာဝဒ် (Nihad Awad) မှ Voice of America သို့ပြောကြားခဲ့ပါသည်။
    အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်မြတ်ဆုံးလ ဖြစ်သော ရမဿွာန်လသည် မြောက်အမေရိကတိုက်တွင် ဇူလိုင်လ ၉ ရက်၊အင်္ဂါနေ့က စတင်ကျရောက်ခဲ့သည်။
    ရမဿွာန်လတွင် အရွယ်ရောက်ပြီးမွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုရေးရာ အား နံနက်နေထွက်ချိန် မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။
    နေမကောင်းသူမကျန်းမာသူများ နှင့် ခရီးဝေးရောက်နေသူများသည် ကျန်းမာရေးအား ထိခိုက်စေမည် ဆိုပါက ဥပုသ်ဆောက်တည်ခြင်းမှ အထူးသီးသန့်အားဖြင့် ကင်းလွတ်ခွင့်ရရှိကြသည်။
    ကမ္ဘာတစ်ဝှန်းရှိ မွတ်စ်လင်မ်များသည် မိသားစုဝင်များ စုံညီ ၀ါဖြေခြင်း၊ ဘာသာရေး လေ့လာမှုများ ပြုလုပ်ခြင်း၊ ညဥ့်ဘက် အထူးဝတ်ပြုမှုဆောင်ရွက်ခြင်း နှင့် ဆင်းရဲသူများအား ထောက်ပံ့ခြင်း စသော အစဉ်အလာများဖြင့် ရမဿွာန်လကို ဖြတ်သန်းလေ့ရှိကြသည်။
    မွတ်စ်လင်မ်အဖွဲ့အစည်းများအတွက် ရမဿွာန်လသည် အမေရိကန်ရှိ ပြည်သူများကို မွတ်စ်လင်မ်တို့၏ ဘာသာရေးကျင့်ထုံးများ နှင့် အစ္စလာမ့်သက်ဝင် ယုံကြည်ချက်များအား ပြောဆို တင်ပြနိုင်ရန် ယေဘူယျအားဖြင့် အကောင်းဆုံးအချိန်အခါဖြစ်သည်။
    CAIR မှ စီစဉ်သော အစ္စလာမ့် ပညာပေးလုပ်ဆောင်ချက်များတွင် ဒေသခံ ဗလီကျောင်းတော်များ နှင့် အစ္စလာမ့် စင်တာများတွင် မည်သူမဆို လာရောက်လေ့လာနိုင်ခွင့်ပေးခြင်း၊ ရမဿွာန်နှင့်ပတ်သက်သော လူထုဟောပြောပွဲများ၊ အခြားဘာသာဝင်များကိုဖိတ်ခေါ်ဝါဖြေပွဲများ ပြုလုပ်ခြင်း၊ မွတ်စ်လင်မ်များသည်လည်း အမေရိကန် လူ့အဖွဲ့အစည်း၏အစိတ်ပိုင်းတစ်ခုဖြစ်ကြောင်း အမေရိကန်လူမျိုးအပေါင်းကို သိရှိစေသည့် တီဗီ ကြော်ငြာများ  စသည်တို့ ပါဝင်သည်။
    ဥပမာ  CAIR အသင်းအဖွဲ့မှစီစဉ်ဆောင်ရွက်သော ဘာသာပေါင်းစုံစုပေါင်းဝါဖြေပွဲကို ကိုလံဘတ်စ် (Columbus) မြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်ခံဆောင်ရွက်ကျင်းပပြီး  လူ ၂၅၀ ခန့် ပါဝင်ကြမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟန်နာ တိုင်လာ (Hannah Tyler) က ပြောကြားခဲ့သည်။
    အသင်းအဖွဲ့မှ ၄င်းကဲ့သို့ စုပေါင်းဝါဖြေပွဲအား တာဝန်ယူကျင်းပလာခဲ့သည်မှာ ယခုဆို ၁၆ နှစ်တိုင်ရှိပြီဖြစ်သည်။
    “ကိုလံဘတ်စ်ကလူများဟာ အများအားဖြင့် နားလည်လိုက်လျောမှု ရှိကြတယ်။ လူနည်းစု ဒါမှမဟုတ် ဓလေ့မတူသူအတွက် နေထိုင်ဖို့ အကောင်းဆုံးမြို့လို့ ဆိုနိုင်ပါတယ် ” ဟု သူမက Columbia Dipatch သို့ပြောပြခဲ့သည်။
    ဒပ်ဘလင်ရှိ နူးရ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ (Noor Islamic Cultural Center in Dublin) ၌လည်း ရမဿွာန် အထူးအစီစဉ်များ လုပ်ဆောင်ခဲ့ရာ၊ လူငယ်များသည် ရမ်ဇန်အစီအစဉ်တစ်ရပ်အနေနှင့် ဟီလီယာဒ် အစားအသောက် ခင်းကျင်းပွဲ (Hilliard Food Pantry) တွင် စားဖွယ်များ ရွေးချယ်စုဆောင်းခဲ့ကြကြောင်း သိရသည်။
    “ ကျွန်တော်တို့ အမြဲတစေ ဆွေးနွေးတတ်တဲ့ အချက်တစ်ခုရှိတယ်။ ကျွန်တော်တို့ဟာ လူသားတွေဖြစ်ကြတဲ့အတွက် တူညီမှုတွေ တော်တော်များတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ ကွဲပြားခြားနားချက်တွေက မဆိုစလောက်ပဲ ရှိပါတယ်။ တူညီမှုတွေကတော့ အပုံအပင်ဖြစ်နေပါတယ် ” ဟု ဗဟိုဘုတ်အဖွဲ့ဝင် ဖြစ်သော အင်မ်ရာန် မာလစ်ခ် (Imran Malik) ကဆိုသည်။
    အမေရိကန်မွတ်စ်လင်မ်များသည် မျိုးနွယ်ကွဲပြားသော၊ ဘ၀နောက်ကြောင်း မတူညီသော အခြားမွတ်စ်လင်မ်တို့ကိုလည်း ပိုမိုရင်းနှီးမှုရရှိစေရန် အထူးအစီစဉ်များကို စီမံလျက်ရှိသည်။
    “ ဘယ်မွတ်စ်လင်မ်နိုင်ငံ၊ ဘယ်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကဖြစ်ဖြစ် သူတို့အားလုံး အတူတူပဲလို့ ခံစားနိုင်အောင်လို့ ကျွန်တော်တို့ကြိုးစားတာပါ။ သူတို့ ဥပုသ်ဖြေဖို့ အစားအသောက်ကို ကျွန်တော်တို့တည်ခင်းကျွေးမွေးတယ်။ ကျွန်တော်တို့နဲ့အတူ အမျိုးသား၊ အမျိုးသမီး၊ သူတို့ရဲ့ကလေး နဲ့ မိသားစုတွေအပါအ၀င် လူ ၆၀၀ ကျော် စုစည်းတွေ့ဆုံကြတယ်။ ၀ါဖြေပြီးတော့ ကျွန်တော်တို့နဲ့အတူ ၀တ်ပြုကြပါတယ် ”  ဟု ၀ါရှင်တန်ဒီစီ (Washington DC) မှ Islamic Center ၏ ဥက္ကဌဖြစ်သူ အီမာမ် အဗ်ဒူလာခေါင်ဂ်ျ (Imam Abdulla Khouj) က Voice of America သို့ပြောကြားခဲ့သည်။
    မွတ်စ်လင်မ် မိသားစုများသည် ဥပုသ်ဖြေဆိုပြီးနောက်တွင် သရာဝီးဟ် ဟုခေါ်သော ညဘက် (အထူး) ၀တ်ပြုခြင်း အမှုကို ဆောင်ရွက်လေ့ရှိကြသည်။
    “ရမဿွာန်လအတွင်း ညစဉ် (သရာဝီးဟ်) ၀တ်ပြုမှုဟာ  ယုံကြည်ကိုင်းရှိုင်းခြင်း နဲ့ အပြစ်များမှကင်းလွတ်ရေး အတွက် ဖော်ပြချက်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ညဥ့်ကို ကျမ်းမြတ်ကုရ်အာန်ရဲ့အပိုင်းအခြားတစ်ခု ပြီးအောင် (၀တ်ပြုမှုအတွင်းမှာ) ရွတ်ဖတ်ကြပါတယ်။ ရမဿွာန်လ ကုန်လွန်တဲ့အခါမှာတော့ ကျွန်တော်တို့အဖို့ ကျမ်းမြတ်ကုရ်အာန်က အပိုင်းအခြား ၃၀ စလုံးကို ဖတ်ရွတ်ပြီးသား ဖြစ်သွားတာပေါ့ဗျာ ” ဟု မွတ်စ်လင်မ် အမေရိကန် စီးပွားရေးသမား အလီ ဂါမေ (Ali Gamay) မှ ဆိုသည်။
    သို့သာမက မီရှီဂန် (Michigan) ၊ ဒီယာဘွန်း (Dearborn) တွင်လည်း အမေရိကန်မွတ်စ်လင်မ်များအတွက် အထူး ပရိုဂရမ်များကို ကျင်းပဆောင်ရွက်ကြသည်။
    “ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ ကျွန်တော်တို့ရဲ့အုပ်စုဝင်များဟာ မွတ်စ်လင်မ် မဟုတ်သူများကို အစ္စလာမ်အကြောင်းပြောပြပေးမယ့် သံတမန်များလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် သူတိုရဲ့အစ္စလာမ့်အသိပညာကျယ်ပြန့်လာရေးအတွက် လူငယ်များအတွက် အထူးကဏ္ဍအစီအစဉ်တစ်ရပ်လညိးရှိပါလိမ့်မယ်။ ရမဿွာန်ကာလအတွင်း ဒီမှာရှိတဲ့လူငယ်များက သူတို့မိဘတွေအတိုင်း မွတ်စ်လင်မ် ဟုတ်သူဖြစ်စေ မဟုတ်သူဖြစ်စေ ချို့တဲ့နွမ်းပါးသူများကို ကူညီတတ်ကြတယ် ” ဟု ဒီရာဘွန်းရှိ Islamic Center of America မှ ဦးဆောင်သူ အီမာမ် ဟတ်ဆန် ကဇ်ဝီနီ (Imam Hassan Qazwini) က ဆိုသည်။
    အတိကျ တရားဝင် ကိန်းဂဏန်း မပြသနိုင်သော်လည်း အမေရိကန်နိုင်ငံတွင် မွတ်စ်လင်မ် လူဦးရေ ၆ သန်းမှ ၈ သန်း အကြား နေထိုင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။
    ဥပုသ်သီလစောင့်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိ၏ရုပ်နှင့်နာမ်ကို ထိန်းချုပ်ခြင်းတို့ကို သင်ကြားပေးသည်။ ရမဿွာန်၏အချိန်သည် ၀တ်ပြုမှုများ၊ ကုရ်အာန်ဖတ်ရွတ်မှုများ နှင့် ကောင်းမှုကုသိုလ်ရေးလုပ်ရပ်များဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် (အရှင့်နှစ်မြို့မှုပိုမိုရရှိစေရန်) လုပ်ဆောင်ရသော ကာလဖြစ်သည်။
    ဤရမဿွာန်လအတွင်း မွတ်စ်လင်မ်အများစုသည် ဆင်းရဲနွမ်းပါးသူများ နှင့် ဒုက္ခသည်များအတွက် ဇကာ့သ် ပေးကမ်းခြင်းကို ပိုမိုအထူးပြုဆောင်ရွက်ကြသည်။ (ဇကာ့သ် ဟူသည် ပြေလည်သူမွတ်စ်လင်မ်တစ်ဦးအဖို့ မိမိ၏ ပိုလျှံသောငွေကြေးဥစ္စာများအနက် ၀.၂၅ % ကို မဖြစ်မနေ နှစ်စဉ် လှူဒါန်းပေးကမ်းမှုဖြစ်သည်)။
  • အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား
    အိမ်ဖြူတော်
    ပြန်ကြားရေးဝန်ကြီးရုံး
    ဇူလိုင်၊ ၈ ရက်
    ရမသွာန်လမြတ်အစဦးတွင် ကျွန်တော်နှင့်Michelleတို့မှ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များကို ဆုတောင်းမေတ္တာကောင်း ပို့သလိုက်ပါသည်။
    obarma
    ကမ္ဘာ့မွတ်စလင်မ် သန်းတစ်ထောင့်ငါးရာအတွက် ရမသွာန်လသည် ဥပုသ်သီလဆောက်တည်ခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ အကြင်နာတရားနှင့် သူတပါးတို့အားကူညီရန်အစဉ်အမြဲ တွေးတောပြင်ဆင်နေမှုကို ထင်ဟပ်စေခြင်းတို့အတွက် အချိန်အခါတစ်ရပ်ဖြစ်သည်။ ဤလမြတ်သည် မိသားစု မိတ်ဆွေသူငယ်ချင်းများ အတူတကွ စုစည်းကြရန်နှင့် ကွဲပြားသော ဘာသာတရားတို့၏ သက်ဝင်ယုံကြည်သူနောက်လိုက်များကို စုစည်းမိစေသော ကိုယ်ကျင့်တရားများဖြစ်သည့် ကျွန်တော်တို့၏ ညီနောင် လူသားများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် သနားကြင်နာမှုတို့ကို အာမခံကြိုးပမ်းမှုတို့ ဆောင်ရွက်ရန် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သည်။ ဤဆက်နွယ်မှုများသည် ကျွန်တော်တို့ကို မကြာခဏဆိုသလို ကွဲပြားသွားစေသော ကွဲပြားခြားနားမှုများထက် ပို၍ အားကောင်းကြပါသည်။
    လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများသည် လူသားအားလုံးအတွက် ငြင်းမရနိုင်သည့် ရပိုင်ခွင့်များဖြစ်ကြောင်းကိုလည်း ဤလမြတ်သည် ကျွန်တော်တို့အား အသိပေးအမှတ်ရစေသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ နိုင်ငံသားအများ ဤအခြေခံရပိုင်ခွင့်များအတွက် ဆက်လက်ရုန်းကန်ကြိုးပမ်းနေရသော အချိန်အခါနှင့် သန်းပေါင်းများစွာသော ဒုက္ခသည်များ သူတို့နေအိမ်များ၏ အဝေးတွင် ရမသွာန်လကို ကိုယ်စားပြုနေရစဉ်တွင် ကျွန်တော်တို့ အနေဖြင့် အားလုံးနှင့်ဆိုင်သော ဤတန်ဖိုးများကို လေးနက်စွာ စဉ်းစားမိပါသည်။ လူသားအားလုံး မိမိတို့၏ ကိုယ်ပိုင် အနာဂတ်ကို ရေးချယ်နိုင်သော၊ အကြမ်းဖက်မှုကို ကြောက်ရွံ့စိုးထိတ်မှုမရှိဘဲ မိမိတို့ သက်ဝင်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ သက်ဝင်ကျင့်သုံးနိုင်သော ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသူများနှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ရပ်တည်နေပါသည်။
    အမေရိကန်ပြည်ထောင်စုတွင် ရမသွာန်လမြတ်သည် သန်းပေါင်းများစွာသော အမေရိကန်မွတ်စလင်မ်တို့က ကျွန်တော်တို့ နိုင်ငံတော် အစိုးရ၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အရေးကြီးသော သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ဦးဆောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ကျွန်တော်တို့၏ အိမ်နီးချင်းများကို အကူအညီလိုအပ်စဉ် ဂရုစိုက်ခြင်းတို့အားဖြင့် ကျွန်တော်တို့ နိုင်ငံကို နေ့စဉ် မြှင့်တင်တိုးတက်စေခဲ့တာကို သတိပေး အမှတ်ရစေပါသည်။
    အမေရိကားနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များ မိသားစုတွင်း ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုနှင့် နားလည်မှုများစသည့် ကောင်းခြင်းမင်္ဂလာတို့ဖြင့်ပြည့်သော လတစ်လ ဖြစ်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။ ရမသွာန် ကရီးမ် (ရမသွာန် နှုတ်ဆက်စကား)။
  • မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှု့ ၁၇ ယောက် သေဆုံးခြင်းကို ပါကစ္စတန်မှ ရှုတ်ချ
    ဇူလိုင်-၄၊ ၂၀၁၃
    M-Media
    မီရန်ရှားဟ်(Miranshah) ၊ ပါကစ္စတန်။             ။ အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီးသည်  ပါကစ္စတန် အနောက်တောင်ပိုင်း ပြည်နယ်နယ်စပ်အနီးမှ အလ်ကိုင်ဒါး (Al-Qaeda) နှင့် ချိတ်ဆက်မှုရှိသော ဟတ်ကာနီ ကွန်ယက် (Haqqani network) ၏နယ်မြေတစ်ခုကို တိုက်ခိုက်ရာ  လူ ၁၇ ဦး သေဆုံးခဲ့သည် ဟု ပါကစ္စတန်အာဏာပိုင်များက ဆိုသည်။
    pakistan-strongly-protests-us-drone-attacks-in-miranshah-1372839465-4793
    မီရန်ရှားဟ်မြို့ပိုင်နက်ထဲတွင် သေဆုံးသူများအနက် အာဖဂန် နှင့် ပါကစ္စတန် စစ်သွေးကြွများ ပါဝင်ခဲ့ကြောင်း၊ သို့သော်လည်း အဓိကအရေးပါသောပစ်မှတ် ဟုတ်မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း  လုံခြုံရေးအရာရှိများက AFP သို့ ပြောကြားခဲ့သည်။
    စစ်သွေးကြွတို့စုစည်းရာ ၀ါဇီရစ္စတန်(Waziristan) မြောက်ပိုင်းခရိုင်၏ အဓိကမြို့တော်ရှိ မြို့မဈေးနေရာတစ်ဝိုက်သို့  မောင်းသူမဲ့လေယာဉ်မှ ဒုံးကျဉ်လေးခုအား ပစ်သွင်းခဲ့သည်။
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စတင်ကျင့်သုံးနေသော နယ်စပ်ဒေသအတွင်းသို့ ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်ခြင်းအဖြစ်မှာ မရှိသလောက် ရှားပါးပြီး၊ လေယာဉ်သည် မတိုက်ခိုက်မှီ ဈေးနေရာအထက်မှ အချိန်အတော်ကြာ ပျံသန်းနေခဲ့သည် ဟု တာဝန်ရှိသူများက ဆိုသည်။
    “ မောင်းသူမဲ့လေယာဉ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၇ ယောက်ရှိသွားပြီ ” ဟု ၀ါဇီရစ္စတန်မြောက်ပိုင်းမှ လုံခြုံရေး တာဝန်ရှိသူက AFP သို့ပြောကြားခဲ့သည်။
    ထောက်လှမ်းရေးအရာရှိများက အသေအပျောက်စာရင်းအား အတည်ပြုခဲ့ပြီး၊ ၄င်းရပ်ဝန်းသည် ဟတ်ကာနီကွန်ယက်၏ စစ်သွေးကြွများမှ ပိုင်ဆိုင်သောနေရာဖြစ်ကြောင်း၊ ထို စစ်သွေးကြွများသညှ် အနောက်နိုင်ငံများနှင့် အာဖဂန်နိုင်ငံရှိ အစိုးရအား တိုက်ခိုက်မှုအချို့တွင် ကြောက်စရာအကောင်းဆုံး နှင့် အန္တရာယ်အများဆုံးသူများဟု အမေရိကန်မှ သတ်မှတ်ထားကြောင်း ဆိုသည်။
    ယမန်နှစ်က မြောက်ဘက် ၀ါဇီရစ္စတန် နှင့် အော်ရခ်ဇာအီ (Orakzai)ခရိုင် နယ်စပ်ဒေသကြားရှိ နယ်နိမိတ်တွင် စစ်သွေးကြွ ၁၈ ယောက်အသတ်ခံခဲ့ရပြီးနောက်  ယခုအဖြစ်အပျက်သည် ပါကစ္စတန်၌ လူသေမှုအများဆုံး အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုပင်ဖြစ်သည်။
    မောင်းသူမဲ့လေယာဉ်မှဝင်ရောက်တိုက်ခိုက်မှုသည် နိုင်ငံ၏အချုပ်အခြာအာဏာအား ထိပါးချက်တစ်ရပ်အဖြစ်  ပါကစ္စတန်မှ ရှုတ်ချခဲ့သည်။
    အမေရိကန်သံတမန်အသိုင်းအ၀ိုင်းမှတဆင့် အသိပေးထားခြင်းမပြုဘဲ လုပ်ရိုးလုပ်စဉ်ကဲ့သို့ ဆောင်ရွက်ခြင်းမှာ နိုင်ငံခေါင်းဆောင်များက အထူးခွင့်ပြုချက်ပေးထားရာရောက်နေ၏။ ပါကစ္စတန် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုသည် ဆိုးရွားမှုကိုသာ ဖြစ်စေကြောင်း၊ အပြစ်မဲ့ပြည်သူတို့၏အသက်များ ဆုံးရှုံးခဲ့ရပြီး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုကို တိုက်ရိုက်ထိခိုက်စေကြောင်း  ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အစိုးရ၏သဘောထားကို ထုတ်ပြန်လိုက်သည်။
    အာဖဂန်နစ္စတန်နှင့်ထိစပ်နေသော နယ်စပ်တစ်ကြောရှိ ဥပဒေမဲ့ဒေသများတွင် ခိုအောင်းလျက်ရှိသည့် တာလီဘန် နှင့် အလ်ကိုင်ဒါး စစ်သွေးကြွများကို တိုက်ခိုက်ရန် မောင်းသူမဲ့လေယာဉ်များအား မဖြစ်မနေအသုံးပြုရမည်ဟု ၀ါရှင်တန်မှ အမြင်ရှိနေသည်။
    သို့သော်လည်း လွန်ခဲ့နှစ်နှစ်အတွင်း ပါကစ္စတန်တွင် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုအကြိမ်ရေ သိသိသာသာ လျော့ကျသွားခဲ့သည်။ ၂၀၁၀ ခုနှစ်၌ တိုက်ခိုက်မှုအကြိမ် ၁၀၁ ခေါက် နှင့် လူ ၆၇၀ အား သေစေခဲ့ခြင်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင်မူ ၁၄ ကြိမ်သာ တိုက်ခိုက်မှုရှိခဲ့ပြီး လူ အယောက် ၉၀ အားသေကြေစေခဲ့သည်ဟု  AFP ၏သတင်းတစ်ရပ်က ဆိုသည်။