News @ M-Media

Tag: US

  • ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -ဂြိုဟ်တုဖျက် လက်နက်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှားအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် အာကာသစစ်ဌာနချုပ်ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်မှာ ရုရှားဟာ အာကာသမှာ ဂြိုဟ်တုဖျက်ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး အမေရိကန်ရဲ့ အာကာသစနစ်အပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ယူကေ အာကာသဌာနရဲ့ ဒုတိယစစ်သေနာပတိ ဟာဗေးစမစ်က ဒီလုပ်ရပ်မျိုးဟာ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေး ကတိကဝတ်ကို မိမိတို့က အတိအကျ လိုက်နာနေတယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    “ဝါဒဖြန့်တိုက်ခိုက်တာမျိုးထက်၊ ပရော်ဖက်ရှင်နယ်ဝါဒမျိုး ပိုမိုပြသဖို့၊ အတူတကွ ဆွေးနွေးတိုင်ပင်ဖို့ အမေရိကန်နဲ့ ယူကေက လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းပါတယ်”

    ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်နက်တစ်ခု စမ်းသပ်ခဲ့တာကို ရုရှားက ဝန်ခံပါတယ်။ ဒီစမ်းသပ်မှုဟာ အာကာသစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ နိုင်ငံတာဥပဒေတွကိုလည်း ချိုးဖောက်မှုမရှိဘူးလို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -တရုတ်က အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းရာမှာ ဟူစတန်မြို့ ကောင်စစ်ဝန်ရုံးက အဆိုးဆုံးဖြစ်နေတဲ့အတွက် ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    တက္ကဆက်ပြည်နယ် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို လာမယ့်သောကြာနေ့ နောက်ဆုံးထား ပိတ်ပေးဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမိန့်ပေးခဲ့ပြီး တရုတ်ကလည်း ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။

    အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနတွေကို တရုတ်က ခိုးယူဖို့ ကြိုးစားနေပြီး ဟူစတန်ကောင်စစ်ဝန်ရုံးက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ်ဟာ အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ အဓိကအလုပ်ဆောင်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ တရုတ်က ကိုဗစ်ကာကွယ်ဆေး သုတေသနကို ဘယ်လောက်အနေအထားအထိ ရရှိဖို့ ပစ်မှတ်ထားခဲ့လဲဆိုတာကိုတော့ ကန်အစိုးရ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်၀န်ဘင်းက အမေရိကန်ရဲ့ ဒီပြောဆိုမှုတွေဟာ ရန်ညှိုးထား သွားပုပ်လေလွင့်စကားတွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်တရားရေးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားထောက်လှမ်းရေး အခြေစိုက်နေရာအဖြစ် အသုံးပြုခွင့် အမေရိကန်က ပေးထားပေမယ့် တရုတ်ကောင်စစ်ဝန်ရုံးက​တော့ စည်းဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters



  • ဉာဏထုတ်ကုန်များ ကာကွယ်ရန် တရုတ်ကောင်စစ်ဝန်ရုံးကို ကန်အစိုးရက ပိတ်ခိုင်း

    ဉာဏထုတ်ကုန်များ ကာကွယ်ရန် တရုတ်ကောင်စစ်ဝန်ရုံးကို ကန်အစိုးရက ပိတ်ခိုင်း

    ဇူလိုင် ၂၂၊ ၂၀၂၀
    M-Media

    One businessman steal the idea from another. Commercial spying concept. National flags of USA and China

    -တက္ကဆက်ပြည်နယ် ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့အတွက် အမေရိကန်အစိုးရက ဒီကနေ့မှာ အမိန့်ထုတ်လိုက်ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန် အော်တာဂုစ်က အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေ၊ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ ဒီလိုပိတ်ခိုင်းတာဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြးာခဲ့ပေမယ့် အသေးစိတ် မပြောခဲ့ပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက အမေရိကန်အစိုးရဟာ ကောင်စစ်ဝန်ရုံးပိတ်ဖို့ ၃ ရက် အချိန်ပေးထားပြီး ဒါဟာ လတ်တလော တရုတ်ကိုဆန့်ကျင်တဲ့ အမေရိကန်ရဲ့ မကြုံစဖူး ဆောင်ရွက်ချက်ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အထင်မှားအမြင်မှားနဲ့ လုပ်လိုက်တဲ့ ဒီဆောင်ရွက်ချက်ကို ရုပ်သိမ်းဖို့ ဝမ်ဝန်ဘင်းက အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပြီး၊ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကိစ္စ၊ ဟောင်ကောင်ကိစ္စ၊ ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့အကြား ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

    တရုတ်ဟာ အမေရိကန်ရဲ့ ဉာဏထုတ်ကုန်တွေ၊ နည်းပညာတွေကို ခိုးယူနေတယ်လို့ အမေရိကန်အစိုးရက တစ်စိုက်မတ်မတ် စွပ်စွဲထားပြီး တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ​တောင်တရုတ်ပင်လယ်တွင် တရုတ်က အနိုင်ကျင့်ဗိုလ်ကျနေသည်ဟု ကန်ထုတ်ပြန်

    ​တောင်တရုတ်ပင်လယ်တွင် တရုတ်က အနိုင်ကျင့်ဗိုလ်ကျနေသည်ဟု ကန်ထုတ်ပြန်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -တောင်တရုတ်ပင်လယ်က ရေပိုင်နက်တွေကို ပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ပြောကြားမှုကို လက်မခံဘူးလို့ အမေရိကန်အစိုးရက မနေ့မှာ တရားဝင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေတာပါ။ ဒီအငြင်းပွားဒေသတွေမှာ စစ်စခန်းဆောက်တာ၊ ငါးခိုးဖမ်းတာ၊ ကျွန်းတုတွေတည်ဆောက်တာ၊ သယံဇာတ ခိုးထုတ်မှုတွေကိုလည်း တရုတ်က လုပ်ဆောင်နေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း အရေးဆိုဖို့အတွက် တရုတ်မှာ ဥပဒေအရေ အခွင့်အရေးမရှိကြောင်း၊ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်တဲ့နည်းလမ်းတွေကို အသုံးပြုနေကြောင်း ပြောကြားခဲ့ပါတယ်။

    “တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးနီးက ကမ်းလွန်ရင်းမြစ်တွေ ပိုင်ဆိုင်တယ်လို့ ဘေဂျင်းရဲ့ပြောဆိုမှု၊ ဒါတွေကိုထိန်းချုပ်ဖို့ ဗိုလ်ကျအနိုင်ကျင့်တာတွေဟာ ဥပဒေနဲ့ လုံး၀မညီညွတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ ။ တောင်တရုတ်ပင်လယ်မှာ အဏ္ဍဝါအင်ပါယာထူထောင်ဖို့ တရုတ်ကကြိုးစားနေတာကို ​ကမ္ဘာကြီးက ခွင့်ပြုမှာ မဟုတ်ပါဘူး”

    အမေရိကန်က တရုတ်သံရုံးကတော့ ပွမ်ပီယိုရဲ့ ဒီပြောဆိုချက်ဟာ လုံး၀ အခြေအမြစ်မရှိဘဲ၊ အမေရိကန်ဟာ အ​ခ​ြ​ေအနေပိုဆိုးအောင် မီးထိုးပေးနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဟောင်ကောင်အရေး၊ ရှင်ကျန်းက လူနည်းစုတွေအပေါ် ဖိနှိပ်နေမှု စတာတွေနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အခုဒီထုတ်ပြန်မှုကြောင့် တင်းမာမှုတွေ ပိုမိုဆိုးရွားမယ့် အလားအလာ ရှိနေပါတယ်။

    Ref: Aljazeera

  • အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    ဇူလိုင် ၅၊ ၂၀၂၀
    M-Media

    -လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမေရိကန် ရက်ပါ ကန်ယီဝက်စ်က ဆိုရှယ်မီဒီယာမှာ မနေ့က တရားဝင် ကြေငြာလိုက်ပါတယ်။

    ဝက်စ်ဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး ဇနီးဖြစ်သူ မင်းသီး ကင်မ် ကာဒက်ရှီယန်နဲ့အတူ အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။

    “ဘုရားသခင်ကို ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အနာဂတ်ကို တည်ဆောက်ခြင်းဆိုတဲ့ အမေရိကရဲ့ ကတိကဝတ်ကို ပြန်လည်သတိရရမယ့်အချိန် ရောက်နေပါပြီ။ အမေရိကန်သမ္မတရွေးပွဲမှာ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုမှာ ဖြစ်ပါတယ်” လို့ ဝက်စ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝက်စ်အနေနဲ့ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ​လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ သမ္မတလောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စာရင်းပေးရမယ့် နောက်ဆုံးရက်ဟာ ပြည်နယ်တော်တော်များများမှာ မကုန်ဆုံးသေးတဲ့အတွက် ဝက်စ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရစ်တစ်ပါတီတွေမှာ ရီပက်ဘလစ်ကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ဝင်ရောက်အရွေးခံမှာဖြစ်ပြီး ဒီမိုကရက်တစ် ပါတီကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

    Ref: Aljazeera