News @ M-Media

Tag: US

  • တောင်တရုတ်ပင်လယ်တွင် ဒုံးကျည် ၂ စင်းပစ်ကာ အမေရိကန်ကို တရုတ်က သတိပေး

    တောင်တရုတ်ပင်လယ်တွင် ဒုံးကျည် ၂ စင်းပစ်ကာ အမေရိကန်ကို တရုတ်က သတိပေး

    ဩဂုတ် ၂၇၊ ၂၀၂၀
    M-Media


    DF-21D ဒုံးကျည်

    -လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်အပါအဝင် ဒုံးကျည်နှစ်စင်းကို တောင်တရုတ်ပင်လယ်မှာ တရုတ်က ပစ်ခတ်ခဲ့ပြီး လေယာဉ်မပျံသန်းရဇုန်မှာ အမေရိကန်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

    တာလတ်ပစ် ဒုံးကျည်တွေဖြစ်တဲ့ DF-26B နဲ့ DF-21D တွေကို ဗုဒ္ဓဟူးနေ့က
    ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပါရာဆဲလ်ကျွန်းနဲ့ ဟိုင်နန်ပြည်နယ် အကြားက ရေပြင်ကို ပစ်ခတ်ခဲ့တယ်လို ဟောင်ကောင်အခြေစိုက် South China Morning Post က ဒီကနေ့မှာ ဖော်ပြပါတယ်။

    မိုင် ၂၈၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ DF-26B ဒုံးကျည်ဟာ ပင်လယ်ထဲက ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိတဲ့အတွက် ‘လေယာဉ်တင်သင်္ဘောခွင်းဒုံး’ လို့ အမည်ပေးခြင်း ခံထားရပါတယ်။ တရုတ်ဟာ ဒီဒုံးကျည်ကို အခုလအစောပိုင်းမှာ တရားဝင်ထုတ်ပြခဲ့တာပါ။

    အင်္ဂါနေ့ တရုတ်ရေတပ်က ကျည်အစစ်နဲ့ စစ်​ရေးလေ့ကျင့်နေစဉ် အမေရိကန်ရဲ့ U-2 ထောက်လှမ်းရေးလေယာဉ်ဟာ လေယာဉ်မပျံသန်းရဇုန်ထဲကို ဝင်ရောက်ပျံသန်းလာတယ်လို့ တရုတ်ဖက်က စွပ်စွဲထားပြီး မိမိတို့ရဲ့ စစ်ရေးလေ့ကျင်မှုကို ဆိုးဆိုးရွားရွား နှောက်ယှက်တာဖြစ်တယ်လို့ ယူကေဆိုင်ရာ တရုတ်သံအမတ် လျိုရှောင်မင်းက ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက တရုတ်ဟာ နိုင်ငံတကာဥပဒေတွေကို လိုက်နာမယ်ဆိုတဲ့ ကတိကဝတ်တွေကို အကြိမ်ကြိမ်ကြိုးဖောက်ပြီး ​အရှေ့တောင်အာရှမှာ အင်အားချဲ့ထွင်လာပုံရတယ်လို့ တရုတ်ရဲ့ မနေ့က ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျိုလီကျန်းကလည်း ထောက်လှမ်းရေးလေယာဉ် ပျံသန်းမှုဟာ ရန်စမှုတစ်ခုဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုး ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အမေရိကန်တွင် လူထုအုံကြွမှု ထပ်ဖြစ်

    လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အမေရိကန်တွင် လူထုအုံကြွမှု ထပ်ဖြစ်

    ဩဂုတ် ၂၆၊ ၂၀၂၀
    M-Media

    -အမေရိကန်ပြည်ထောင်စု ၀စ်ကွန်စင်ပြည်နယ်မှာ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ပြီးနောက်ပိုင်း ဆန္ဒပြမှုတွေ ၃ ရက်ဆက် ဖြစ်ပွားကာ နောက်ထပ် လူသေဆုံးမှုတွေလည်း ရှိလာပါတယ်။

    နိုင်ငံတောင်ပိုင်း မြို့ငယ်လေးကီနိုရှာက မနေ့ကဆန္ဒပြမှုမှာ ဆန္ဒပြသူအချင်းချင်း ပစ်ခတ်မှုကြောင့် အနည်ဆုံး တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ လက်နက်ကိုင်ပြီး ဓာတ်ငွေ့ဆိုင်တစ်ခုကို စောင့်ကြပ်နေတဲ့ ပြည်သူ့စစ်ဆိုတဲ့အဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ဖြစ်ပွားတာမျိုးလားဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

    ကီနိုရှာမြို့မှာ တနဂ်နွေနေ့က အသက် ၂၉ နှစ်အရွယ် ဘလာကီဆိုတဲ့ လူမည်းအမျိုးသားတစ်ဦးကို လူဖြူ ရဲအရာရှိတွေက သေနတ်နဲ့ အနည်းဆုံး ၇ ချက်လောက် ပစ်ခဲ့ပြီးတဲ့ နောက်ပိုင်း ဆန္ဒပြမှုတွေဖြစ်လာလို့ ၀စ်ကွန်စင်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေ ကြေငြာခဲ့ရပါတယ်။

    ဘလက်ကီကို ဘာ့ကြောင့် ပစ်သတ်ခဲ့လဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မိသားစုဝင်တွေက ဘလက်ကီဟာ ကိုယ်တစ်ပိုင်းသေသွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။

    ကီနိုရှာမြို့မှာ ရဲတပ်ဖွဲ့၀င်တွေ ထူထပ်စွာချထားပြီး ဆန္ဒပြသူတွေဟာ ကားတွေ၊ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ကအင်အားသုံးကာ နှိမ်နှင်းမှုတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့မေလတုန်းကလည်း မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း အသက် ၄၅ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: Aljazeera

  • သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် (ဝဲ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ယာ)

    -အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်ဝယ်ယူရေး ​စီစဉ်ထားတဲ့ ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖျက်သိမ်းလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်ပါတယ်။

    ယူအေအီးက တိုက်လေယာဉ်တွေဝယ်ယူရေး ကမ်းလှမ်းမှုကို သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပြီး၊ ကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ၆ လအတွင်း သဘောတူညီချက်ရလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ယူအေအီး၊ အမေရိကန်နဲ့ အစ္စရေးတို့ အခုတစ်ပတ်သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ​နေတန်ယာဟုက ဒီကိစ္စကို သူမသိဘူးလို့ ပြောကြားခဲ့သလို၊ အမေရိကန်က လွှတ်တော်အမတ်တွေနဲ့တွေ့ပြီး တားဆီးသွားမယ်လို့လည်း သူ့အစိုးရအဖွဲ့ဝင်တွေကို ပြောကြားခဲ့ကြောင်း အမေရိကန်သတင်းဌာန Axios က ဖော်ပြခဲ့ပါတယ်။

    ၃ ပွင့်ဆိုင်ဆွေးနွေးမှုကို ဖျက်ပစ်လိုက်တာဟာ အစ္စရေးရဲ့ လုပ်ရပ်ကို မကျေနပ်ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့က ရရှိခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူအေအီးက အစ္စရေးကို ပြသချင်တာဖြစ်တယ်လို့လည်း Axios က ဆိုပါတယ်။

    F-35 တိုက်​လေယာဉ်တွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေးတို့အပါအဝင် မဟာမိတ်နိုင်ငံတွေကို အမေရိကန်က ရောင်းချထားပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးက စစ်အင်အားသာလွန်ရေးဆိုတဲ့ ပေါ်လစီကြောင့် အခြားပင်လယ်ကွေ့နိုင်ငံတွေကို ရောင်းချဖို့ကိစ္စမှာ အသေအချာသုံးသပ်ဖို့ လိုအပ်နေတာပါ။

    အစ္စရေးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ယူအေအီးရဲ့ခြေလှမ်းမှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကလည်း အဓိကအချက်တစ်ချက်အဖြစ် ပါ၀င်တယ်လို့ Axios ဝဘ်ဆိုက် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်သူလျှိုလုပ်သည့် CIA ဝန်ထမ်းဟောင်းကို ကန်ဖမ်းဆီး

    တရုတ်သူလျှိုလုပ်သည့် CIA ဝန်ထမ်းဟောင်းကို ကန်ဖမ်းဆီး

    ဩဂုတ် ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ CIA နဲ့ FBI အရာရှိဟောင်း တရုတ်လူမျိုးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်ပါတယ်။

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလက်ဇန်းဒါး ယွတ်ချင်မာဆိုသဖြစ်ပြီး သောကြာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ နိုင်ငံခြားအစိုးရထံ ကာကွယ်ရေး သတင်းအချက်အလက်တွေ ပေးမှုနဲ့ တရားစွဲဆိုခံထားရပြီး ​ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်တယ်လို့ တရားရေးဌာနက ပြောပါတယ်။

    မာဟာ ၁၉၈၂ ခုနှစ်ကစတင်ကာ CIA မှာ ဝင်ရောက်အမှုထမ်းခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ် အစောပိုင်းမှာ တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးခဲ့တာပါ။ မာနဲ့ အခြား CIA အမှုထမ်းတစ်ယောက်တို့ဟာ တရုတ်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်မှာ တွေ့ဆုံခဲ့ပြီး အမေရိကန် ကာကွယ်ရေးဌာနနဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေကို ​ပေးခဲ့ကြတယ်လို့ ဒီကိစ္စကို စုံစမ်းခဲ့တဲ့ CIA အေးဂျင့်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    ၂၀၀၄ ခုနှစ်မှာ FBI ကို ပြောင်းရွှေ့အမှုထမ်းခဲ့တဲ့ မာဟာ ၂၀၁၀ ခုနှစ်အထိ သူလျှိုအလုပ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ FBI ဟာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး အသွင်ယူစုံစမ်းထောက်လှမ်းမှုလုပ်ကာ မာရဲ့ သူလျှိုလုပ်မှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် အစိုးရအဖွဲ့တွေဟာ တရုတ်သူလျှိုတွေရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပြီး ပြီးခဲ့တဲ့လတွေအတွင်း တရုတ်သူလျှို တစ်ချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -ဂြိုဟ်တုဖျက် လက်နက်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှားအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် အာကာသစစ်ဌာနချုပ်ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်မှာ ရုရှားဟာ အာကာသမှာ ဂြိုဟ်တုဖျက်ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး အမေရိကန်ရဲ့ အာကာသစနစ်အပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ယူကေ အာကာသဌာနရဲ့ ဒုတိယစစ်သေနာပတိ ဟာဗေးစမစ်က ဒီလုပ်ရပ်မျိုးဟာ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေး ကတိကဝတ်ကို မိမိတို့က အတိအကျ လိုက်နာနေတယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    “ဝါဒဖြန့်တိုက်ခိုက်တာမျိုးထက်၊ ပရော်ဖက်ရှင်နယ်ဝါဒမျိုး ပိုမိုပြသဖို့၊ အတူတကွ ဆွေးနွေးတိုင်ပင်ဖို့ အမေရိကန်နဲ့ ယူကေက လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းပါတယ်”

    ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်နက်တစ်ခု စမ်းသပ်ခဲ့တာကို ရုရှားက ဝန်ခံပါတယ်။ ဒီစမ်းသပ်မှုဟာ အာကာသစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ နိုင်ငံတာဥပဒေတွကိုလည်း ချိုးဖောက်မှုမရှိဘူးလို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera