News @ M-Media

Tag: US

  • ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဇါန် ၂၅၊ ၂၀၂၀
    M-Media

    ဖလွိုက်ဒေသဆုံးသည်အထိ လည်ပင်းကို ဒူဖြင့်ထောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ချူဗင်း

    -လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်သေဆုံးမှုဟာ လူတ်သတ်ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တမင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မင်နီယာပိုလစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက မီဒါရီယာ အေရာဒွန်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။

    ဂျော့ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်တဲ့ရဲတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး၊ ရဲတပ်ဖွဲ့အတွင်း ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

    ဖလွိုက်ကို သေဆုံးတဲ့အထိ ဒူးနဲ့ လည်ပင်းကိုထောက်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရက်ချူဗင်းနဲ့ ဖမ်းဆီးမှုမှာ ပါ၀င်တဲ့ အခြားရဲတပ်ဖွဲ့၀င် ၃ ဦးဟာ လက်ရှိမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

    အခင်းဖြစ်ပွားရာ မင်နီယာပိုလစ်မြို့ရဲ့ ရဲချုပ် မီဒါရီယာ အေရာဒွန်ဒိုရဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ဒဲရက်ချူဗင်းဟာ ဖလွိုက် အသက်ရှူကြပ်နေသာ သိသိကြီးနဲ့ လုပ်​​ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မစ္စတာ ဂျော့ဂျ်ဖလွိုက် ဆိုးဆိုးရွားရွားသေဆုံးမှုဟာ လေ့ကျင့်မှု အားနည်းလို့ မဟုတ်ပါဘူး။ လေ့ကျင်မှုကောင်းခဲ့တယ်။ (ရဲအရာရှိ) ချူဗင်းဟာ သူ့လုပ်ရပ်ကို သူသိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဘာဖြစ်နေလဲဆိုတာ သိကြပါတယ်။ တစ်ယောက်က တမင် အသက်ရှုကြပ်အောင် လုပ်ပြီး နောက်လူတွေကလည်း ဒါကို မတားကြပါဘူး။ ဒါဟာ လူသတ်မှုဖြစ်ပြီး လေ့ကျင့်မှုအားနည်းတာကြောင့် မဟုတ်ပါဘူး”

    ဒီလိုအနေအထားမျိုးနဲ့ ဖမ်းဆီးတဲ့အခါ အသက်ရှုကြပ်ပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားအသိပေးဖို့ ၂၀၁၃ ခုနှစ်က အကြံပြုချက်ကို မင်နီယာပိုလစ်ရဲဌာနက အပြည့်အ၀ လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း ရဲချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    ဇွန် ၂၁၊ ၂၀၂၀
    M-Media

    -အမေရိကန် ဆေးဘက်ဆိုင်ရာ သုတေသနလောကဟာ တရုတ်သူလျှိုပြဿနာနဲ့ ကြုံလာရပြီး၊ အချိန်မီမထိန်းနိုင်ရင် အကျိုးဆက်က ဆိုးရွားမယ်လို့ ဝါရှင်တန်အခြေစိုက် ပေါ်လစီရေးရာသုံးသပ်သူ ရှိုရှာနာ ဘာရ်ယန် (Shoshana Bryen) က Asia Times က သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

    တရုတ်နိုင်ငံရဲ့ Thousand Talents မှာပါဝင်မှု၊ ဝူဟန်နည်းပညာတက္ကသိုလ်အတွက် အလုပ်လုပ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ဖက်ဒရယ်အာဏာပိုင်တွေထံ လိမ်လည်ထွက်ဆိုခဲ့တာကြောင့် ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ချားလ်စ် လီဗာဟာ (Charles Lieber ) ဇန်နဝါရီလမှာ အဖမ်းခံခဲ့ရပါတယ်။

    လီဗာဟာ အမေရိကန်အစိုးရ ကျန်းမာရေးဌာန (NIH) နဲ့ ကာကွယ်ရေးဌာန (DOD) တို့အတွက် အလုပ်လုပ်ပေးနေသူဖြစ်ပြီး သူ ဖမ်းဆီးခံရမှုကလည်း ခေါင်းကြီးသတင်း ဖြစ်ခဲ့ပါတယ်။

    ဘာရ်ယန်က လီဘာကိစ္စဟာ အစသာရှိသေးပြီး အမေရိကန် ကျန်းမာရေးနဲ့ သုတေသနနယ်ပယ်မှာ တရုတ်နဲ့ မကင်းမရှင်း ဆက်ဆံရေးရှိတဲ့ လူ ၃၀၀ လောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကာကွယ်ရေးဌာနမှာလည်း တရုတ်သူလျှိုပြဿနာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ရဲတပ်ဖွဲ့အပါအဝင် အမေရိကန် အစိုးရတစ်တစ်ခုလုံးမှာ ဒီလိုကိစ္စ​ပေါင်း ထောင်နဲ့ချီရှိနိုင်တာကြောင့် အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူက သုံးသပ်ထားပါတယ်။

    အမေရိကန်ဥပဒေအရ အစိုးရရဲ့ အထောက်အပံ့နဲ့ သုတေသန လုပ်ဆောင်နေတဲ့ ပညာရှင်တွေ၊ အဖွဲ့စည်းတွေဟာ စီမံကိန်းအသေးစိတ် ကို အစိုးရထံ မချွင်းမချန်တင်ပြရပြီး၊ နိုင်ငံခြားအစိုးရနဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ စီမံကိန်းနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ပွတ်တိုက်မှုမရှိကြောင်း လက်မှတ်ရေးထိုး အာမခံထားရတာပါ။

    တရုတ်နိုင်ငံတဲ့နွယ်တဲ့ နောက်ကြောင်းမရှင်းတဲ့ ငွေရေးကြေးကိစ္စ ပြဿနာကြောင့် NIH က ဒါဇင်နဲ့ချီတဲ့ သုတေသနပညာရှင်တွေကို မကြာသေးခင်က အလုပ်ထုတ်ခဲ့ပြီး အများစုက အသက် ၅၀ ကျော် အာရှနွယ်ဖွားတွေဖြစ်တယ်လို့ အမေရိကန် တရားရေးစောင့်ကြည့်အဖွဲ့ Judicial Watch ရဲ့ အခုတစ်ပတ် ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

    သံသယရှိတဲ့ သုတေသနပညာရှင် ၃၉၉ ဦးကို စုံစမ်းစစ်ဆေးရာမှာ ၁၃၃ ဦးက နိုင်ငံခြာအစိုးရတစ်ခုထံကနေ ငွေကြေးယူထားတာ၊ ၁၀၂ ဦးက တရုတ် Thousand Talents ဆုကို လျှို့ဝှက် လက်ခံထားတာတွေ တွေ့ရပါတယ်။

    NIH အထူး အလုပ်အဖွဲ့က ဌာနအတွင်း တရုတ်သူလျှိုတွေ စိမ့်ဝင်နေမှုကို Foreign Influences on Research Integrity ခေါင်းစဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

    တရုတ်ဟာ အမေရိကန်က အကြီးတန်း သုတေသန ပညာရှင်တွေနဲ့ လျှို့ဝှက်ချိတ်ဆက်ကာ Thousand Talents ဆုလို မက်လုံတွေပေးပြီး သုတေသနရလဒ်တွေ လွှဲပြောင်းရယူတာရှိနေကြောင်း၊ ဇွန်လအတွင်း အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ NIH အလုပ်အဖွဲ့က ဖော်ပြခဲ့ပါတယ်။

    တရုတ်ဟာ သူလျှိုတွေကနေတစ်ဆင့် သုတေသနအချက်အလက်တွေ ဘယ်လောက်များများ ရရှိထားလဲဆိုတာကို မသိရကြောင်း၊ နည်းပညာလုံခြုံရေးကို ဥပဒေကောင်းကောင်းနဲ့ အမေရိကန်က မထိန်းချုပ်နိုင်ဘူးဆိုရင် ရေရှည်ရိုက်ခတ်မှုရှိနိုင်တဲ့ စစ်ပွဲတစ်ခုကို ရှုံးနိမ့်တော့မှာဖြစ်ကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

    Ref: Asia Times

  • ဆဲလ်ဖုန်းအရွယ်သာရှိသည့် နာနိုဒရုန်းများကို မကြာခင်မြင်ရတော့မည်

    ဆဲလ်ဖုန်းအရွယ်သာရှိသည့် နာနိုဒရုန်းများကို မကြာခင်မြင်ရတော့မည်

    ဇွန် ၁၉၊ ၂၀၂၀
    M-Media

    -ဆဲလ်ဖုန်းအရွယ်အစားလောက်သာရှိပြီး ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ကောင်းကောင်းအသုံးချနိုင်မယ့် နာနိုဒရုန်းတွေကို အမေရိကန်စစ်တပ်မှာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

    အမေရိကန်စစ်တပ်ဟာ အောက်ခြေက စစ်သားတွေကို တစ်ကိုယ်ရည်သုံး နည်းပညာမြင့် ပစ္စည်းတွေ ထောက်ပံ့ဖို့အတွက် စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေပြီး Black Hornet 3 Personal Reconnaissance System လို့ အမည်ပေးထားတဲ့ နာနိုဒရုန်းတွေက ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    နာနိုဒရုန်းတွေထုတ်လုပ်ဖို့အတွက FLIR နည်းပညာကုမ္ပဏီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီက ကန်ဒေါ်လာ ၃၉.၇ သန်းတန် ကန်ထရိုက်တစ်ခု ပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ ဒုတိယအကြိမ်အဖြစ် ကန်ဒေါ်လာ ၂၀.၆ သန်းတန် စာချုပ်တစ်ခု ထပ်ချုပ်ခဲ့ပါတယ်။

    လက်ရှိ ဒရုန်းတွေကို မြေပြင်မှာ စမ်းသပ်တဲ့အဆင့်အထိ ရောက်နေပြီး၊ အလုံးရေ ၁၂၀၀၀ ကျော်လောက်ကို ဗြိတိန်၊ ပြင်သစ်၊ ဩစတေးလျနဲ့ အခြားနိုင်ငံပေါင်း ၄၀ ကျော်က စစ်တပ်တွေကို ပေးပို့ထားပါတယ်။

    ဆဲလ်ဖုန်းအရွယ်လောက်သာရှိတဲ့ Hornet 3 နာနိုဒရုန်းဟာ ၃၃ ဂရမ်သာ အလေးချိန်ရှိပြီး အရည်အသွေးမြင့် Live ဗီဒီယိုတွေ၊ ပုံတွေကို စိတ်ချရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ထိန်းချုပ်သူထံ ပို့ပေးနိုင်မှာပါ။

    ပျံသန်းရာမှာ အသံ လုံး၀ ဆူညံခြင်းမရှိဘဲ ၂၅ မိနစ်အထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရန်သူရဲ့နေရာကို အတိအကျပေးပို့နိုင်ပြီး တိုက်ပွဲတွေမှာ နှာတစ်ဖျား အသာ​ေစမှာ ဖြစ်ပါတယ်။

    Ref: Asia Times

  • ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် သတင်းပေးသူကို အီရန်က ကွပ်မျက်တော့မည်

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် သတင်းပေးသူကို အီရန်က ကွပ်မျက်တော့မည်

    ဇွန် ၉၊ ၂၀၂၀
    M-Media

    -တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ကာစင် ဆိုလိုင်မာနီ လုပ်ကြံခံရမှုမှာ ရန်သူတွေထံ သတင်းပေးခဲ့သူကို မကြာခင် ကွပ်မျက်တော့မယ်လို့ အီရန်က ​ကြေငြာလိုက်ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ စစ်ရေးဩဇာကို ဖြန့်ကျက်နိုင်ခဲ့တဲ့ ဆိုလိုင်မာနီကို ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်က အီရတ်မှာ ဒရုန်းနဲ့ ပစ်ခတ်လုပ်ကြံခဲ့တာပါ။

    “(အမေရိကန်ထောက်လှမ်းရေး) စီအိုင်အေနဲ့ (အစ္စရေးထောက်လှမ်းရေး) မိုဆာ့ဒ်တို့အတွက် သူလျှိုလုပ်ပေးခဲ့သူတွေထဲက မဟ်မူဒ်း မူဆာဗီ မဂျစ်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ ကျဆုံးသွားတဲ့ ဆိုလိုင်မာနီ ဘယ်မှာရှိတယ်ဆိုတာကို ရန်သူတွေထံ သတင်းပေးခဲ့တာပါ” လို့ ဒီကနေ့ ရုပ်သံကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန် တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလမ် ဟိုစိန် အစ္စမာအီလီက ပြောကြားခဲ့ပါတယ်။

    မဂျစ်ဟာ ဆိုလိုင်မာနီနဲ့ပတ်သက်တဲ့ ဘာသတင်းတွေကို ပေးခဲ့တယ်ဆိုတာနဲ့ ဘယ်တော့ ကွပ်မျက်မယ် ဆိုတာကိုတော့ အစ္စမာအီလီက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    စီအိုင်အေအတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှို ၇ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ချို့ကို သေဒဏ်ပေးလိုက်တယ်လို့ ပြီးခဲ့တဲ့နွေရာသီတုန်းမှာ အီရန်က ထုတ်ပြန်ခဲ့ပြီး အခု မဂျစ်ရဲ့ကိစ္စဟာ ဒါနဲ့ ဆက်စပ်နေလားဆိုတာကိုလည်း အီရန်အာဏာပိုင်တွေက ထုတ်ဖော်မပြောခဲ့ပါဘူး။

    ဟိုစိန် ဆိုလိုင်မာနီ လုပ်ကြံခံရပြီး သိပ်မကြာခင်မှာပဲ အီရန်ဟာ အီရတ်က အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ထရမ့်တရားစွဲခံရ

    ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ထရမ့်တရားစွဲခံရ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    အိမ်ဖြူတော်အနီးရှိ ဘုရားကျောင်းတွင် သမ္မာကျမ်းစာအုပ်ကိုင်၍ ဓာတ်ပုံရိုက်နေသော ထရမ့်

    -အိမ်ဖြူတော်ရှေ့က ဆန္ဒပြမှုကိုဖြိုခွဲရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုလိုက်ပါတယ်။

    မင်နီယာပိုလစ်မြို့မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက် ရဲလက်မှာ သေဆုံးခဲ့မှုနောက်ဆက်တွဲအဖြစ် မြို့တော် ဝါရှင်တန်အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာ တစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    တနင်္လာနေ့ အိမ်ဖြူတော်ရှေ့က ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်ဆံတွေ၊ ငရုပ်ရည်ဗုံးတွေ၊ မီးခိုးဗုံးတွေသုံးကာ ဖြိုခွဲခဲ့ပါတယ်။ အိမ်ဖြူတော်နားက ခရစ်ယာန်ဘုရားကျောင်းကို ထရမ့်သွားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေက လမ်းရှင်းပေးခဲ့တာပါ။

    ဆန္ဒပြသူတွေကို ဖြိုခွင်းတာဟာ မှန်ကန်တယ်ဆိုတဲ့သဘောနဲ့ ထရမ့်ဟာ အဲဒီဘုရားကျောင်းရှေ့မှာ သမ္မာကျမ်းစာအုပ်ကိုင်ကာ ဓာတ်ပုံရိုက်ခဲ့ပြီး ဒီအတွက်လည်း ဝေဖန်မှု ခံနေရပါတယ်။

    အမေရိကန် နိုင်ငံသားအခွင့်အရေးဆိုင်ရာ သမဂ္ဂ (ACLU) နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့တွေက ဒီအဖြစ်အပျက်အတွင်း သမ္မတထရမ့်နဲ့ အခြား အစိုးရထိပ်တန်းအရာရှိတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဆန္ဒထုတ်ဖော်မှုဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    “သူတို့နဲ့အမြင်မတူတဲ့အတွက် ဆန္ဒပြသူတွေအပေါ် ရာဇဝတ်မှုမြောက်တဲ့ ပေါ်တင်တိုက်ခိုက်မှုဟာ ကျွန်တော်တို့တိုင်း​ပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေကို ယိမ်းယိုင်သွားစေတာပါပဲ” လို့ ACLU ရဲ့ ဥပဒေဆိုင်ရာ တာဝန်ရှိသူ စကော့ မိုက်ကယ်မန်းက ပြောကြားခဲ့ပါတယ်။

    ဂျော့ဖလွိုက်ကို ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ရဲတွေဟာ လူသတ်မှု၊ ကြံရာပါမှုတွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    အမေရိကန်ရှေ့နေချုပ် ဘီလ်ဘားရ်က အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုဟာ သမ္မတထရမ့် ဘုရားကျောင်းသွားတဲ့ကိစ္စနဲ့ ပတ်သက်မှုမရှိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: AFP