News @ M-Media

Tag: US

  • ကလေးများတွင် ​ကိုဗစ်နောက်ဆက်တွဲ ရှုပ်ထွေးသည့်ရောဂါဖြစ်ပွားနေမှု ပညာရှင်များသတိပေး

    ကလေးများတွင် ​ကိုဗစ်နောက်ဆက်တွဲ ရှုပ်ထွေးသည့်ရောဂါဖြစ်ပွားနေမှု ပညာရှင်များသတိပေး

    မေ ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်ခံရတဲ့ ကလေးတွေမှာ ​ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ရောဂါတစ်ချို့ ဖြစ်ပွားမှုအရေအတွက်ဟာ မြင့်တက်လာနိုင်တယ်လို့ အမေရိကန် ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    ကလေးတွေမှာ ကိုဗစ်နောက်ဆက်တွဲဖြစ်ပွားတဲ့ အဲဒီရောဂါကို Multisystem inflammatory syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါလက္ခဏာတွေက ရက်ဆက်ဖျားတာ၊ ကျောက်ကပ် ဒါမှမဟုတ် နှလုံးလို ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ရောင်ယမ်းပြီး ပုံမှန် အလုပ်မလုပ်တော့တာ၊ သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။

    လက်ရှိ နယူးယောက်မှာ ဒီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ် အနည်းဆုံး ၁၅၀ လောက်ကို နိုင်ငံတစ်ဝှမ်းက ဆရာဝန်တွေ စုပေါင်းက လေ့လာကုသမှု လုပ်ဆောင်နေပြီး အမေရိကန်က အခြားပြည်နယ်တွေမှာလည်း ဒီလို ကုသမှုတွေ ရှိနေပါတယ်။

    “Multisystem inflammatory syndrome ရောဂါက ကိုရိုနာဗိုင်းရပ်စ်​ကြောင့် ဖြစ်ပွားတာ မဟုတ်ပါဘူး။ လူနာရဲ့ ကိုယ်ခံအား တုန့်ပြန်မှုကြောင့် ဖြစ်ပွားရတာလို့ ယူဆထားပါတယ်” လို့ ဘော်စတွန်ကလေးဆေးရုံက အထူးကု ဒေါက်တာ ဂျက်ဖရီဘန်းစ်က ပြောကြားခဲ့ပါတယ်။

    ဒီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း အတည်ပြုနိုင်သူတွေ မဟုတ်ပေမယ့်၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်က အခြားပြည်နယ်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကတော့ ရောဂါလက္ခဏာ မပြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ကူးစက်ရောဂါဖြစ်ပွားပြီးတဲ့နောက် တွေ့ရလေ့ရှိတဲ့ Multisystem inflammatory syndrome ဟာ ဖြစ်တောင့်ဖြစ်ခဲရောဂါမျိုး ဖြစ်ပေမယ့် လူသန်းနဲ့ချီ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အခုလိုအချိန်မျိုးမှာ ဒီလိုအခြေအနေတွေကို ပိုမို မြင်တွေ့ရနိုင်တယ်လို့ ဘန်းစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Multisystem inflammatory syndrome ရောဂါ ဖြစ်ပွားနေတဲ့ကလေးငယ် အများစုဟာ ရောဂါဒဏ်ကို အကြီးအကျယ် မခံစားရပေမယ့် သေဆုံးမှု အနည်းငယ်တော့ ရှိနေပါတယ်။

    “ပျောက်အောင်ကုလို့ရတဲ့နည်းလမ်း ကျွန်တော်တို့မှာ ရှိနေပြီး ဒါကို အသုံး​​ပြုနေပါတယ်” လို့ ဘန်းစ်က ပြောပါတယ်။

    Ref: CNN

  • ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    မေ ၉၊ ၂၀၂၀
    M-Media

    -ကာကွယ်ရေးနယ်ပယ်မှာ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ဆက်လက်တည်ရှိသွားမယ်လို့ အမေရိကန်နဲ့ ဆော်ဒီ ခေါင်းဆောင်တွေက ထပ်လောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

    မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ပြီးနောက်ပိုင်း ရေနံထုတ်လုပ်မှု လျှော့ချဖို့ ထရမ့်ရဲ့ ပြောကြားမှုကို ဆော်ဒီက နားမထောင်တဲ့အတွက် နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေတာပါ။

    အဲဒီနောက်ပိုင်းမှာ ဆော်ဒီမှာ ချထားတဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ် ၂ ခုကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

    မနေ့က ဆွေးနွေးမှုမှာတော့ ကမ္ဘာ့စွမ်းအင်စျေးတွက် တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် နှစ်ဦးက သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျုဒ် ဒီရီက ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့စွမ်းအင်စျေးကွက်တွေမှာ တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ကာကွယ်ရေးဆိုင်ရာမှာ အမေရိကန်-ဆော်ဒီ ခိုင်မာတဲ့ မိတ်ဆက်ဆံရေး ဆက်လက်ထားရှိဖို့လည်း ထပ်လောင်း သန္ဓိဌာန် ပြုခဲ့ကြပါတယ်”

    အိမ်ဖြူတော်ရဲ့ ကြေငြာချက်မှာ ပက်ထရီယော့ ဒုံးခွင်းကိစ္စ မပါဝင်ဘဲ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီက ထုတ်ပြန်မှုမှာတော့ ထရမ့်ဟာ ဒေသတွင်း သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ထရမ့်က ထပ်မံ ကတိပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ပြန်ရုပ်သိမ်းမယ့်ကိစ္စဟာ ဆော်ဒီအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို လျော့ချဖို့ မဟုတ်သလို၊ ရေနံကိစ္စ ဖိအားပေးဖို့လည်း မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ပြန့်နှံ့မှုက ၉/၁၁ တိုက်ခိုက်မှုထက် ပိုဆိုးဟု ဒေါ်နယ်ထရမ့် ပြော

    ကိုဗစ်ပြန့်နှံ့မှုက ၉/၁၁ တိုက်ခိုက်မှုထက် ပိုဆိုးဟု ဒေါ်နယ်ထရမ့် ပြော

    မေ ၇၊ ၂၀၂၀
    M-Media

    -လက်ရှိ ကြုံတွေ့နေရတဲ့ Covid-19 ကပ်ရောဂါဟာ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှု၊ ၉/၁၁ တိုက်ခိုက်မှုတွေထက် ပိုမိုဆိုးရွားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး တရုတ်နိုင်ငံကိုလည်း ထပ်မံ ပြစ်တင်လိုက်ပါတယ်။

    ဒုတိယ ကမ္ဘာစစ်အတွင်းက ပုလဲဆိပ်ကမ်းကို ဂျပန်တွေ တိုက်ခိုက်မှု၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို အလ်-ကိုင်းဒါးအဖွဲ့က လေယာဉ်တွေနဲ့ ဝင်တိုက်မှုဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အထိနာဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

    သမ္မတထရမ့်ကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါက အဲဒီအခြေအနေတွေထက် ပိုဆိုးတယ်လို့ မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးက ဖြစ်ကို မဖြစ်သင့်ပါဘူး။ တရုတ်မှာ စဖြစ်ကတည်းက ရပ်တန့်နိုင်ခဲ့ရမှာပါ။ ဒါပေမယ့် မရပ်တန့်ခဲ့ပါဘူး”

    အမေရိကန်မှာ Covid-19 ကူးစက်သူ၊ သေဆုံးသူ အရေအတွက် မြင့်တက်လာတဲ့အချိန် အမေရိကန်အစိုးရကလည်း တရုတ်နိုင်ငံပေါ် ဝေဖန်ပြစ်တင်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက တရုတ်နိုင်ငံဟာ သိလျက်နဲ့ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို မတားဆီးခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ လူသိန်းချီသေဆုံးကာ စီးပွားရေး အကြီးအကျယ်ကျဆင်းမှုကို ကြုံတွေ့နေရတာ ဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်ကတော့ အမေရိကန်ရဲ့ ဒီပြစ်တင်မှုကို တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကိစ္စ တရုတ်ကိုအရေးယူရန် အမေရိကန်က ရေရှည်စီမံကိန်း ဆွဲနေ

    ကိုဗစ်ကိစ္စ တရုတ်ကိုအရေးယူရန် အမေရိကန်က ရေရှည်စီမံကိန်း ဆွဲနေ

    မေ ၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို ဘက်ပေါင်းစုံကနေ အရေးယူအပြစ်ပေးရေး ထရမ့်အစိုးရက ရေရှည်စီမံကိန်း ဆွဲနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    နိုင်ငံအတွင်း Covid-19 ပြန့်နှံ့မှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အာရုံလွှဲဖို့အတွက် တရုတ်ကို အပြစ်တင်တဲ့နည်းကို ထရမ့်က သုံးနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဒါပေမယ့် အမေရိကန်အစိုးရ ရင်းမြစ်တွေကတော့ ပိတ်ဆို့မှုတွေ၊ အကြွေးကိစ္စတွေ၊ ကုန်သွယ်ရေး ပေါ်လစီအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ တရုတ်ကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Covid-19 ဟာ ဝူဟန်မြို့ရဲ့ ဓာတ်ခွဲခန်းတစ်ခုကနေ ပေါက်လာတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ထရမ့်အစိုးရက ဖိအားပေးတာကြောင့် ကန်ထောက်လှမ်းရေးအဖွဲ့က သူတို့အနေနဲ့ ဒီကိစ္စအတွက် အချက်အလက်တွေ စုဆောင်းနေတယ်လို့ ကြေငြာချက် ထုတ်ပြန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူဟာ ကုန်သွယ်ရေးကိစ္စမှာဒေါ်လာ ဘီလီယံချီ ရယူလိုက်နိုင်တာကြောင့် တရုတ်အစိုးရက သူ ဆက်လက်ရွေးကောက်ခံရမှာကို မမြင်လိုဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဟာ အမေရိကန်ကို ဘယ်တုန်းကမှ မကြုံဖူးတဲ့နည်းလမ်းနဲ့ အုပ်စီးဖို့ ကြိုးစားနေတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တရုတ်ဟာ သူလုပ်ခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်ကို ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ့် နည်းလမ်းတွေကို အစိုးရ၊ အိမ်ဖြူတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အပါအဝင် အစိုးရအဖွဲ့တွေက ဆွေးနွေးနေပေမယ့် အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးကောင်စီထံကို မတင်သွင်းရသေးဘူးလို့ သတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။ ဒါပေမယ့် ဒီအရေးယူမှုတွေဟာ လတ်တလော ဖြစ်လာဖွယ် မရှိသေးပါဘူး။

    Ref: CNN

  • အမေရိကန်ပြည်နယ်တစ်ချို့တွင် ကိုဗစ်ကန့်သတ်ချက်များ လျှေ့ာချ

    အမေရိကန်ပြည်နယ်တစ်ချို့တွင် ကိုဗစ်ကန့်သတ်ချက်များ လျှေ့ာချ

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -အမေရိကန်မှာ Covid-19​ ကြောင့် သေဆုံးသူ ၅ သောင်း ကျော်သွားပေမယ့် ပြည်နယ်တစ်ချို့ကတော့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကို သောကြာနေ့မှာ စတင်လျှော့ချကာ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးနေပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၃၃၀၀ ကျော် ရှိခဲ့တာပါ။ ကူးစက်သူအရေအတွက်ကတော့ စုစုပေါင်း ၈၉၀၀၀၀ ကျော် ရှိနေပါတယ်။ နယူး​ယောက်ကတော့ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံး ခံရတဲ့ ဒေသဖြစ်ပါတယ်။

    အိုကလာဟိုးမား၊ အလာစကာနဲ့ ဂျော်ဂျီယာတို့အပါအဝင် ပြည်နယ်တစ်ချို့ရဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ရွေ့လျားသွားလာမှုကန့်သတ်ချက်တစ်ချို့ကို သောကြာနေ့ကနေ စတင်လျှော့ချပေးမယ်လို့ ကြေငြာခဲ့ပါတယ်။​ ဂျော်ဂျီယာဟာ ကူးစက်မှုနဲ့ သေဆုံးမှုအချိုး မြင့်မားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

    ကန့်သတ်မှု လျှော့ချတဲ့ အစီအစဉ်ကြောင့် ဆံပင်ညှပ်ဆိုင်၊ ကိုယ်ကာယ လေ့ကျင်ရေးစင်တာတွေ၊ ဘိုးလင်းစင်တာတွေအပါအဝင် စီးပွားရေးလုပ်ငန်းတစ်ချို့ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် social distancing လမ်းညွှန်ချက်တွေကို ပြည့်ပြည့်၀၀ လိုက်နာရမယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    Covid-19 ပြန့်နှံ့မှုနောက်ဆက်တွဲ စီးပွားရေးလုပ်ငန်းတွေ ပိတ်ရတာကြောင့် ပြီးခဲ့တဲ့ ၅ ပတ်အတွင်း အမေရိကန်မှာ အနည်းဆုံး လူ ၂၆ သန်းလောက်ဟာ အလုပ်လက်မဲ့ထောက်ပံ့ကြေး ရယူခဲ့ကြရပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကန့်သတ်မှုတွေကို ဒီလို စောစောစီးစီး လျှော့ချခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သလို ဒါဟာ အန္တရာယ် အလွန်ရှိနိုင်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera