News @ M-Media

Tag: US

  • အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ

    အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ

    မတ် ၃၁၊ ၂၀၂၀
    M-Media

    – အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၃၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    တနင်္လာနေ့တစ်နေ့တည်းမှာ သေဆုံးသူ အနည်းဆုံး ၅၄၀ လောက်ရှိခဲ့တာပါ။ ဒါဟာ တစ်နေ့တာအတွင်း သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။

    အမေရိကန်မှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၆၃၅၀၀ အထိ ရှိလာခဲ့ပြီး ဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံထက် ၂ ဆလောက်ရှိကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလအထိ သက်တမ်းတိုးထားပါတယ်။

    အိမ်ဖြူတော်က ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အကြီးအကဲ ဒေါက်တာ ဒီဘိုရာ ဘီရ်စ်က ကူးစက်မှု ကိန်းဂဏန်းအချက်အလက်တွေကို သုတေသနပြုမှုအရ လှုပ်ရှားသွားလာမှု ကန့်သတ်ထားပေးမယ့်လည်း ကူးစက်မှုတွေ ဆက်ဖြစ်ဖို့ရှိနေတယ်လို့ တနင်္ဂနွေနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဧပြီလအလယ်ပိုင်းလောက်မှာ တစ်နေ့ကို လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးနိုင်ပြီး ဩဂုတ်လရောက်ရင် သေဆုံးသူ ၈၂၀၀၀ ဝန်းကျင်လောက် ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့လည်း ဘီရ်စ်က ဆိုပါတယ်။

    Ref: CNN

  • အမေရိကန်တွင် လူဖြူအစွန်းရောက်အုပ်စုအရေအတွက် မြင့်တက်၊ အာရှသားများ ပစ်မှတ်ထား တိုက်ခိုက်ခံရ

    အမေရိကန်တွင် လူဖြူအစွန်းရောက်အုပ်စုအရေအတွက် မြင့်တက်၊ အာရှသားများ ပစ်မှတ်ထား တိုက်ခိုက်ခံရ

    မတ် ၁၉၊ ၂၀၂၀
    M-Media

    -အမေရိကန်မှာ လူဖြူအစွန်းရောက်အုပ်စုအရေအတွက်ဟာ ၂၀၁၉ ခုနှစ်မှာ ပိုမိုမြင့်တက်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှသားတွေအပေါ် ဝေဖန်တိုက်ခိုက်တာတွေလည်း များပြားလာတယ်လို့ အမေရိကန်အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    Southern Poverty Law Center (SPLC) အဖွဲ့က Hate and Extremism ခေါင်းစဉ်နဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း လှုပ်ရှားနေတဲ့ လူဖြူအစွန်းရောက်အုပ်စုတွေကို မှတ်တမ်းတင် ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်ကနဲ့ယှဉ်ရင် လူဖြူအစွန်းရောက်အုပ်စု အရေအတွက်က ၅၅ ရာခိုင်နှုန်း မြင့်တက်လာပါ။

    အမုန်းအခြေခံအုပ်စုအရေအတွက် ၂၀၁၈ ခုနှစ်မှာ ၁၀၂၀ ရှိရာကနေ ၂၀၁၉ ခုနှစ်မှာတော့ ၉၄၀ သာရှိတော့ပြီး ကျဆင်းသွားတာ ဖြစ်ပါတယ်။ နာဇီလက်အသစ်အုပ်စုကြီး ၂ ခု ပြိုလဲသွားတာက ဒီကျဆင်းမှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ SPLC က ပြောပါတယ်။ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီစီယာ ဘရွတ်က အမုန်းအခြေခံအုပ်စု အရေအတွက် ကျဆင်းသွားပေမယ့် လူဖြူအစွန်းရောက်အုပ်စုတွေ မြင့်တက်လာတာက တိုင်းပြည်ရဲ့ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတာက အမုန်းအခြေခံအုပ်စုတွေကို အားပေးအားမြှောက်ပြုလိုက်သလိုဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အမုန်းအခြေခံအုပ်စု ၇ ရာခိုင်နှုန်း၊ လူဖြူအစွန်းရောက်အုပ်စု ၅၀ ရာခိုင်နှုန်း စသဖြင့် မြင့်တက်လာခဲ့ပါတယ်။ ဘရွတ်က ပုံမှန်အားဖြင့် အပြင်မှာ ပူးပေါင်တာထက်စာရင် အင်တာနက်မှာပဲ စုဝေးကြပြီး ကွန်ယက်ဖြန့်ကျက်တာ၊ လူစုတာနဲ့ ရန်ပုံငွေကောက်တာတွေကိုလည်း အွန်လိုင်းကနေပဲ လုပ်ဆောင်ကြတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အာရှသားတွေ တိုက်ခိုက်ခံရ

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် အမေရိကန်မှာ အာရှသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလည်း ဖြစ်လာပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ Western States Center က အမှုဆောင်ဒါရိုက်တာ အဲရစ်ဝါ့ဒ်က အာရှသားတွေကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ချိတ်ဆက်ပြောဆိုတဲ့ လူဖြူအစွန်းရောက်ဝါဒ မြင့်တက်လာတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့မှု ဆက်လက်မြင့်တက်နေတာကြောင့် အာရှဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို အမေရိကန်မှာ ပိုမိုမြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ကို ‘တရုတ်ဗိုင်းရပ်စ်’ လို့ ခေါ်ဆိုသုံးနှုန်းမှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အစိုးရဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ ထရမ့်ရဲ့ စကားတွေကြောင့် အာရှ- အမေရိကန်တွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြစ်တင်မှုတွေလည်း ရှိလာပါတယ်။

    Ref: Aljazeera

  • ရုရှားဒုံးခွင်းစနစ်ကို မသုံးလျှင် ပက်ထရီယော့ဒုံးခွင်းစနစ် ရောင်းပေးမည်ဟု တူရကီကို ကန် ကမ်းလှမ်း

    ရုရှားဒုံးခွင်းစနစ်ကို မသုံးလျှင် ပက်ထရီယော့ဒုံးခွင်းစနစ် ရောင်းပေးမည်ဟု တူရကီကို ကန် ကမ်းလှမ်း

    မတ် ၁၂၊ ၂၀၂၀
    M-Media

    -ရုရှားရဲ့ နာမည်ကျော် S-400 ဒုံးခွင်းစနစ်ကို အသုံးမပြုဘူးလို့ ကတိပြုရင် မိမိတို့ရဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်ကို ရောင်းချပေးမယ်လို့ အမေရိကန်က တူရကီကို ကမ်းလှမ်းလိုက်ပါတယ်။

    S-400 ဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့အကြား ပြီးခဲ့တဲ့လတွေမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ရောင်းချဖို့ ဆွေးနွေးမှု၊ F35 တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်ကို ကို အမေရိကန်က ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် အခုကမ်းလှမ်းမှုဟာ အမေရိကန်ရဲ့ သဘောထား ပြောင်းလဲသွားမှုကို ဖော်ပြနေတာပါ။

    တူရကီအစိုးရ တာဝန်ရှိသူ ၂ ဦးက အမေရိကန်ရဲ့ ဒီကမ်းလှမ်းမှုကို တူရကီက စဉ်းစားသုံးသပ်နေပေမယ့် S-400 ဒုံးခွင်းစနစ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ပြောင်းလဲသွားမှာမဟုတ်ဘဲ လာမယ့်လမှာ စတင်အသုံးပြုသွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အခုနှစ်အတွင်း ဆီးရီးယားနိုင်ငံ အီဒလစ်မြို့ဒေသမှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားပြီးတဲ့နောက် တူရကီ-ဆီးရီးယားနယ်စပ်မှာ ပက်ထရီယော့ဒုံးခွင်းစနစ် ချထားဖို့ အမေရိကန်ကို တူရကီက တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကတော့ တူရကီဟာ S-400 နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်ကို တစ်ပြိုင်တည်း အသုံးပြုလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဘရပ်ဆဲလ်က ပြန်ရောက်ပြီးတဲ့နောက် လေဆိပ်ကသတင်းရှင်းလင်းပွဲမှာ တူရကီသမ္မတ အာဒိုဂန်က ပက်ထရီယော့ဒုံးခွင်းစနစ် ချထားဖို့ အမေရိကန်ကို မိမိတို့က တောင်းဆိုထားပြီး ဝယ်ဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲမည်ဟုခြိမ်းခြောက်သည့် လူဖြူအစွန်းရောက်များကို အမေရိကန်က ဖမ်းဆီးတရားစွဲ

    ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲမည်ဟုခြိမ်းခြောက်သည့် လူဖြူအစွန်းရောက်များကို အမေရိကန်က ဖမ်းဆီးတရားစွဲ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
    M-Media

    -ခရစ်ယာန်ဘုရားကျောင်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဂျာနယ်လစ်တွေကို ဗုံးခွဲမယ်၊ သတ်ဖြတ်မယ်လို့ ဖုန်းဆက်ခြိမ်းခြောက်တဲ့ လူဖြူအစွန်းရောက် နာဇီလက်သစ်အဖွဲ့ ခေါင်းဆောင်တစ်ချို့ကို အမေရိကန်က ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ဂျွန် စီ ဒန်တန်ဆိုသူဖြစ်ပြီး အခု ပြိုကွဲသွားပြီဖြစ်တဲ့ နာဇီလက်သစ်အဖွဲ့ Atomwaffen Division ကို တည်ထောင်သူ ခေါင်းဆောင်ဖြစ်ပါတယ်။

    သူဟာ ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒရီးယားမြို့က အာဖရိကန်-အမေရိကန် ခရစ်ယာန်ဘုရားကျောင်း၊ ဗာဂျီးနီးယားပြည်နယ်ကိုစားပြု လွှတ်တော်အမတ်တစ်ဦးနဲ့ တက္ကသိုလ်တစ်ခုတို့အပါအဝင် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက နေရာတစ်ချို့ကို ဖုန်းဆက်ပြီး ဗုံးခွဲမယ်လို့ ‌ခြိမ်းခြောက်ခဲ့သူပါ။

    Atomwaffen အဖွဲ့ဟာ အမေရိကန်နိုင်ငံအတွင်း သတ်ဖြတ်မှု တော်တော်များများကို ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်တွေက ဒီအဖွဲ့ဟာ လူမျိုးရေးစစ်ပွဲဖြစ်အောင် လုပ်‌ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒန်တန်နဲ့အတူ အဖွဲ့ရဲ့ အခြားခေါင်းဆောင် ၄ ဦး၊ အဖွဲ့ဝင်တစ်ချို့လည်း ဗုဒ္ဓဟူးနေ့က ဖမ်းဆီး တရားစွဲဆိုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ဒီအဖွဲ့က အဖွဲ့ဝင်တော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

    Ref: AP

  • မိုဒီမှာ အိန္ဒိယ၏ ခြွင်းချက်မဲ့ခေါင်းဆောင်ဟု ထရမ့်ပြော

    မိုဒီမှာ အိန္ဒိယ၏ ခြွင်းချက်မဲ့ခေါင်းဆောင်ဟု ထရမ့်ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
    M-Media

    -အမေရိကန်ဟာ အိန္ဒိယကို ချစ်ခင်မြတ်နိုးပြီး အိန္ဒိယပြည်သူတွေအတွက် သစ္စာရှိတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်း ရှိနေမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မနေ့က အိန္ဒိယကို ရောက်လာခဲ့တာပါ။ ဒါဟာ နှစ် ၆၀ အတွင်း အိန္ဒိယနိုင်ငံကို အမေရိကန်သမ္မတတစ်ဦး ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်ပါတယ်။

    ထရမ့်နဲ့ ဇနီးဖြစ်သူ မီလာနီယာတို့ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိပြည်နယ် ဂူဂျာရသ်ကိုသွားရောက်ကာ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုခဲ့ပါတယ်။ မိုဒီက ထရမ့်ကို အန္တရာယ်ကင်း မျောက် ၃ ကောင်ရုပ်ထု လက်ဆောင်ပေးခဲ့ပါတယ်။

    အဲဒီနောက် ထရမ့်ဟာ အဟ်မဒ်ဒါဘတ်မြို့က ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်အားကစားကွင်းမှာ မိန့်ခွန်းပြောခဲ့ပြီး မိုဒီဟာ ‘ခြွင်းချက်မဲ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး’ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    “အမေရိကဟာ အိန္ဒိယကို ချစ်တယ်။ အမေရိကဟာ အိန္ဒိယကို လေးစားတယ်။ ‌အမေရိကဟာ အိန္ဒိယပြည်သူတွေအတွက် အမြဲတမ်း ယုံကြည်ရတဲ့ သစ္စာရှိမိတ်ဆွေ ဖြစ်နေမှာပါ”

    ထရမ့်ရဲ့ ဒီမိန့်ခွန်းပြောကြားမှုကို လူတစ်သိန်းလောက် တက်ရောက်နားထောင်ခဲ့ပါတယ်။

    အိန္ဒိယဝန်ကြီးချုပ် မိုဒီက သမ္မတထရမ့်ရဲ့ လာရောက်လည်ပတ်မှုဟာ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးမှာ အမေရိကန်ရော၊ အိန္ဒိယပြည်သူတွေပါ တိုးတက်တွန်းကား သာယာ၀ပြောမယ့် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သမ္မတထရမ့်တစ်ယောက် အမေရိကရဲ့ အိပ်မက်တွေကို ဘယ်လို ဖြည့်ဆည်းပေးခဲ့လဲဆိုတာ တစ်ကမ္ဘာလုံးက သိကြပါတယ်”

    ထရမ့်ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ချီးကျူးခဲ့ပြီး ‘အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ အန္တရာယ်ကနေ နိုင်ငံသားတွေကို ကာကွယ်နိုင်ရေး မိမိတို့နှစ်နိုင်ငံစလုံးက ပြတ်ပြတ်သားသားနဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်သွားမယ်’ လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ တနင်္လာနေ့ညနေပိုင်းက နာမည်ကျော် တဂျ်မဟာလ်ဗိမာန်ကိုလည်း သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပါတယ်။

    Ref: Aljazeera