News @ M-Media

Tag: US

  • အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    ဖေဖော်ဝါရိ ၁၄၊ ၂၀၂၀
    M-Media

    -အီရန်ကို စစ်တိုက်တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ အခွင့်အာဏာကို ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ရီပက်ဘလစ်ကန်ကြီးစိုးတဲ့ အမေရိကန်အထက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    အခုဥပဒေအရ အီရန်ကို စစ်ရေးအရ အရေးယူမယ်ဆိုရင် သမ္မတထရမ့်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရတော့မှာ ဖြစ်ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တပ်မှူး ကာစင် ဆိုလိုင်မာနီကို ထရမ့်ရဲ့ အမိန့်နဲ့ ပြီးခဲ့တဲ့လမှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အီရန်ကလည်း အီရတ်က အမေရိကန်စစ်စခန်း ၂ ခုကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာပါ။

    မူကြမ်းတင်သွင်းတဲ့ လွှတ်တော်အမတ် တင်မ်ကိုင်နီက ဒီမူကြမ်းကို ထရမ့်ကြောင့် ဒါမှမဟုတ် သမ္မတအာဏာကြောင့် အတည်ပြုတာမျိုးမဟုတ်ဘဲ လွှတ်တော်ရဲ့ စစ်ကြေငြာခွင့် အခွင့်အာဏာကို ပိုမိုခိုင်မာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည် တိုက်ခိုက်ခံရမယ့် အနေအထားမျိုး ကြုံလာရင် တိုင်းပြည်ကို ကာကွယ်ဖို့ သမ္မတမှာ အာဏာအပြည့်အ၀ရှိပေမယ့် ထိုးစစ်ဆင်မှုအတွက်တော့ လွှတ်တော်မှာဆွေးနွေးမှု၊ လွှတ်တော်ရဲ့အတည်ပြုမှု ရယူရမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့လက ထရမ့်ရဲ့ စစ်ကြေငြာခွင့်အာဏာကို ကန့်သတ်တဲ့ ဆုံးဖြတ်ချတ်ချက်တစ်ခု အတည်ပြုခဲ့ပါတယ်။

    ဇန်နဝါရီ ၃ ရက်နေ့က အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို ဒရုန်းနဲ့လုပ်ကြံမှုကိစ္စမှာ ထရမ့်အစိုးရကို ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အီရန်က တိုက်ခိုက်မှု ပြုလုပ်လာနိုင်တယ်ဆိုတဲ့ သတင်းကို အမေရိကန်အာဏာပိုင်တွေက အသေးစိတ်မဟုတ်ဘဲ အပေါ်ယံသာ ပေးခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်ကတော့ တင်မ်ကိုင်နီရဲ့ ဒီမူကြမ်းကို ဆန့်ကျင်တာဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအဆိုပြုချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘဲ ပါလက်စတိုင်းဟာ ‘ထန်းချက်ခဲခွေးရက်သလို’ လုံးပါးပါးမယ့် အခြေအနေမျိုးကိုသာ ဖြစ်စေမယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ ဒီအဆိုပြုချက်ကို လက်မခံကြောင်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက အရင်ကတည်းက ပြောကြားထားပြီး မနေ့ကမိန့်ခွန်းမှာတော့ အဘတ်စ်က ထပ်မံပယ်ချခဲ့တာပါ။ အာရပ်လိဂ်၊ အိုအိုင်စီအဖွဲ့နဲ့ အာဖရိကသမ္မဂတို့ကလည်း မိမိတို့နဲ့အတူ ရပ်တည်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစ္စရေး-အမေရိကန်တို့ရဲ့ အဆိုပြုချက်ကို ပါလက်စတိုင်းက လက်မခံဘူးဆိုတာ ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်”

    ၁၉၆၇ ခုနှစ်မတိုင်ခင် နယ်နမိတ်ကိုအခြေခံတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ဆွေးနွေးဖို့ ထရမ့်ကို အဘတ်စ်က တိုက်တွန်းခဲ့သလို၊ ပြဿနာဖြေရှင်းရေး နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့လည်း ဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အတူတကွ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မှာ ပါလက်စတိုင်းပိုင်နက်တွေမှာရှိနေတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာအားလုံးကို အသိအမှတ်ပြုထားပါတယ်။ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ရှိရေး ပါဝင်ပေမယ့် ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံထားတဲ့ ၁၉၆၇ မတိုင်ခင် နယ်နမိတ်အတိုင်းမဟုတ်ဘဲ နယ်မြေအနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ်။

    သမ္မတ အဘတ်စ်ကတော့ ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ အာရပ်ငြိမ်းချမ်းရေးအစီအစဉ်တို့ကို ချိုးဖောက်တဲ့ တစ်ဖက်သတ်ဆောင်ရွက်မှုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ရေးနဲ့ ၊ လွတ်လပ်မှုကို ဒီအဆိုပြုချက်က ပျက်သုဉ်းစေခဲ့ပြီး အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေ၊ ပါလက်စတိုင်းတွေရဲ့နယ်မြေ သိမ်းပိုက်ခံရမှုကို တရားဝင်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”

    Ref: Aljazeera

  • အမေရိကန် ပြန်လည်ကြီးကျယ်လာပြီဟု နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်သမ္မတထရမ့်ပြော

    အမေရိကန် ပြန်လည်ကြီးကျယ်လာပြီဟု နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်သမ္မတထရမ့်ပြော

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀
    M-Media

    -မိမိရဲ့ သက်တမ်း ၃ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာ ကျဆင်းနေမှုကို ဖယ်ရှားနိုင်ခဲ့ပြီး အမေရိကန်ဟာ ပြန်လည်ကြီးကျယ်လာခဲ့ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့ အောက်လွှတ်တော် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    မနေ့က အဲဒီမိန့်ခွန်းဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းမှာ ၃ ကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းဖြစ်ပြီး သူ့ရဲ့ စီးပွားရေးပေါ်လစီ အောင်မြင်မှုကို အဓိကထား ပြောသွားခဲ့ပါတယ်။

    သူအာဏာစရကတည်းက စတော့ရှယ်ယာ ၇၀ ရာခိုင်နှုန်း မြင့်တက်လာတာ၊ လူမည်းတွေနဲ့ စပိန်စကားပြောသူတွေ အလုပ်လက်မဲ့နှုန်း သိသိသာသာကျဆင်းလာတာ၊ လုပ်ခလစာတွေ မြင့်တက်လာတာ၊ ရာဇဝတ်မှုကျဆင်းလာတွေကို ထရမ့်က ထောက်ပြခဲ့ပြီး တိုင်းပြည်ဟာ အရင်ကထက်ပိုမို တောင့်တင်းခိုင်မာလာခဲ့ပြီလို့ ဆိုပါတယ်။

    မိန့်ခွန်းမပြီးခင်လေးမှာ ရီပက်ဘလစ်ကန် အမတ်တွေက ‘နောက်ထပ်လေးနှစ်’ လို့ အော်ဟစ်ဂုဏ်ပြုခဲ့ပါတယ်။

    အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲတစ်ခုဖြစ်တဲ့ အာဖဂန်နစ္စတန်စစ်ပွဲကနေ စစ်သားတွေ ပြန်လည်ရုပ်သိမ်းမယ်လို့ ထရမ့်က မိန့်ခွန်းထဲမှာ ထပ်လောင်း အတည်ပြုခဲ့သလို၊ တာလီဘန်နဲ့ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ဆိုပါတယ်။

    ထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်ပြီး အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။

    ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်အကြောင်း၊ အီရန်အပေါ် ဖိအားပေးထားမှုအကြောင်းတွေကို အကျဉ်းရုံး ပြောကြားခဲ့ပါတယ်။

    လွှတ်တော်ဥက္ကဌနှင့် ပြဿနာ

    နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမှုမှာ ထရမ့်ဟာ အောက်လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီနဲ့ အသံတိတ် ကတောက်ကဆ ဖြစ်ခဲ့ပါတယ်။

    မိန့်ခွန်းစာရွက်ပေးတဲ့အချိန် ပီလိုစီက လက်ဆန့်တန်းပေးမှုကို ထရမ့်က လက်မခံဘဲ လက်ဆွဲနှုတ်ဆက်ခြင်း မပြုခဲ့ပါဘူး။ အောက်လွှတ်တော်ဟာ ဒီမိုကရက်တွေကြီးစိုးတဲ့ နေရာဖြစ်ပြီး ပီလိုစီဟာ အမေရိကန်ရဲ့ ရွေးကောက်ခံ ဒီမိုကရက်အမတ်တွေထဲမှာ ဩဇာအကြီးဆုံးသူ ဖြစ်ပါတယ်။

    မိန့်ခွန်းအပြီး ပီလိုစီကလည်း ထရမ့်ရဲ့ မိန့်ခွန်းစာရွက်ကို ဆွဲဖြဲခဲ့ပါတယ်။ ပီလိုစီရဲ့ လက်ကမ်းပေးမှုကို ထရမ့်က ငြင်းပယ်တာဟာ လွှတ်တော်ဥက္ကဌကို မလေးမစားပြုမူတာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။

    သမ္မတအာဏာကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွဲချက်နဲ့ လွှတ်တော်မှာ တရားစွဲဆိုဖြုတ်ချဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်‌တွေက ဆောင်ရွက်ခဲ့ပေမယ့် ထရမ့်က သူ့ရဲ့မိန့်ခွန်းမှာ ‌ဒီမိုကရက်အမတ်တွေကို တိုက်ရိုက် ဝေဖန်ပြောဆိုခဲ့ခြင်း မပြုခဲ့ပါဘူး။

    Ref: CNN, BBC

  • သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    ၁၉၁၇ ခုနှစ်မှစ၍ ပါလက်စတိုင်းနိုင်ငံ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်ခံရမှုမြေပုံ

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချတယ်လို့ အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကြောင့် ထရမ့်ရဲ့ ဒီအစီအစဉ်ကို ဆွေးနွေးဖို့အတွက် OIC ဟာ မနေ့က ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့တာပါ။ အမေရိကန်အစိုးရက ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ဘယ်လိုပုံစံမျိုးမှာမဆို မပါဝင်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို OIC က တိုက်တွန်းခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ထားပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးဖို့အတွက် အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဒီကနေ့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုနဲ့ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ဂျစ်ဒါမှာပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ၂ ရက်တာ ကြာငြမ့်မှာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့အစီအစဉ်ဟာ အချိန်အလွန်ကြာနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့်အစီအစဉ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်က ဒါဟာ ‘ရာစုနှစ်ရဲ့ သဘောတူညီချက်’ (Deal of the Century) လို့ လည်း သမုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ‌OIC က နိုင်ငံခြားရေးဝန်ကြီအဆင့် ပြုလုပ်မယ့် ဒီအရေးပေါ်အစည်းအဝေးမှာ ထရမ့်အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး မိမိတို့အဖွဲ့ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးသွားမယ်လို့ ‌Twitter စာမျက်နှာမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

    အီရန်က ဒီအစည်းအဝေးကို မိမိတို့မတက်ရောက်နိုင်အောင် ဆော်ဒီအာရေဗျက တားမြစ်ခဲ့တယ်လို့စွပ်စွဲခဲ့ပြီး အိမ်ရှင်ဆိုတဲ့ အခြေအနေကို တစ်လွဲအသုံးချနေတယ်လို့ OIC အဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

    Ref: Aljazeera