News @ M-Media

Tag: US

  • ဘတ်စတ်ဘောသမိုင်း၏ အကြီးကျယ်ဆုံး ကစားသမားတစ်ဦး လေယာဉ်ပျက်ကျ ကွယ်လွန်

    ဘတ်စတ်ဘောသမိုင်း၏ အကြီးကျယ်ဆုံး ကစားသမားတစ်ဦး လေယာဉ်ပျက်ကျ ကွယ်လွန်

    ဇန်နဝါရီ ၂၇၊ ၂၀၂၀
    M-Media

    ကိုဘေးဘရိုင်ယန်နှင့် သမီးဖြစ်သူ ဂီယန်နာ

    -အမေရိကန် ဘတ်စကတ်ဘောပြိုင်ပွဲ NBA သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦဖြစ်တဲ့ ကိုဘေး ဘရိုင်ယန်ဟာ သမီးဖြစ်သူနဲ့အတူ မနေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၄၁ နှစ်အရွယ် ကိုဘေး၊ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် ဂီယန်နာနဲ့ အခြား လူ ၇ ဦး လိုက်ပါသွားတဲ့ Sikorsky S-76 ရဟတ်ယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့ အနောက်‌မြောက်ဖက်က ကုန်းမြင့်ပေါ်မှာ ပျက်ကျကာ မီးလောင်ခဲ့တာဖြစ်ပါတယ်။

    လိုက်ပါသွားသူအားလုံး အသက်ရှင်ဖွယ် မရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပျက်ကျရမှုအကြောင်းအရင်းကို အမေရိကန် အရက်ဖက် လေကြောင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

    လေယာဉ်ပေါ်မှာ ကိုဘေးသမီးကစားတဲ့ ဘတ်စကတ်ဘောအသင်းက အသင်းဖော်နဲ့ မိဘတစ်ဦး၊ Orange Coast ကောလိပ် ဘတ်စကတ်ဘောအသင်းရဲ့ နည်းပြတို့ လိုက်ပါသွားတယ်လို့လည်း ဆိုပါတယ်။

    ကိုဘေးဘရိုင်ယန်ဟာ ကစားသမားဘ၀ကတည်းက လော့စ်အိန်ဂျလီစ်မြို့ရဲ့ ကားပိတ်မှုဒဏ်ကို ရှောင်ရှားဖို့ ရဟတ်ယာဉ်နဲ့ မကြာခဏ သွားလေ့ရှိသူ ဖြစ်ပါတယ်။

    Los Angeles Lakers မှာ နှစ်ပေါင်း ၂၀ ကစားခဲ့တဲ့ ကိုဘေး ဘရိုင်ယန်ဟာ NBA ချန်ပီယံဆုကို ၅ ကြိမ်တိုင်တိုင်ရရှိကာ NBA All Star အသင်းမှာ ၁၈ နှစ်တိတိ အရွေးခံရသူလည်း ဖြစ်ပါတယ်။ NBA ဘတ်စကတ်ဘောပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်း‌ အောင်မြင်ကျော်ကြားအောင် ဆောင်ရွက်ရာမှာ ကိုဘေးက တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပြီး၊ ပရိတ်သတ် သန်းနဲ့ချီ ရရှိထားသူလည်း ဖြစ်ပါတယ်။

    ‌NBA ကော်မရှင်နာ အဒမ် ဆေးလ်ဗားက ကိုဘေးဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အလွန်အမင်း ထူးချွန်ပြောင်မြောက်ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

    ကိုဘေးကွယ်လွန်မှုအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း အားကစား၊ နိုင်ငံရေးနဲ့ အနုပညာအသိုင်းဝိုင်း စသဖြင့် နယ်ပယ်ပေါင်းစုံက ထင်ရှားသူတွေ၊ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေက ဆိုရှယ်မီဒီယာတွေမှာ ရေးသားပြောဆိုနေကြပါတယ်။

    Ref: Reuters

  • တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    ဇန်နဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -အမည်မသိ အဆုတ်ရောင်ရောဂါကူးစက်မှု အရေအတွက်ဟာ ၄၄၀ အထိ မြင့်တက်လာခဲ့ပြီး သန္ဓေပြောင်းကာ ပိုမိုကူးစက်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့တဲ့ အဲဒီရောဂါပိုးဟာ အခုအချိန်မှာ ပြည်နယ် ၁၃ ခုကို ရောက်ရှိသွားခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၉ အဦးအထိ ရှိလာပါတယ်။

    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ တာဝန်ရှိသူ လီဘင်က ဒီရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး သန္ဓေပြောင်းကာ ပိုမိုပြန့်နှံ့နိုင်တယ်လို့ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရောဂါဟာ လူအချင်းချင်း ကူးစက်နိုင်တယ်လို့လည်း တရုတ်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မကြာသေးခင်က တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတစ်ဦးမှာ ဒီရောဂါတွေ့ခဲ့ရတယ်လို့ အမေရိကန်က မနေ့မှာ အတည်ပြုခဲ့ပြီး ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့နောက်ပိုင်း ရောဂါရောက်ရှိတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    တရုတ်ရဲ့ ပိုင်နက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ မကာအိုကလည်း ရောဂါကူးစက်သူတစ်ဦး တွေ့ရှိရတယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကာစီနိုလောင်းကစား၀ိုင်းတွေကို တရားဝင်ဖွင့်လှစ်ထားတဲ့ မကာအိုဟာ တရုတ်ခရီးသွားတွေ အသွားများတဲ့ နေရာလည်း ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

    တရုတ်က အမည်မသိအဆုတ်ရောင်ရောဂါကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အရင်က ပြန့်နှံ့ခဲ့တဲ့ SARS ရောဂါအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • အမေရိကန်တပ်ဖွဲ့၏ ကုန်ကျစားရိတ်အတွက် ဆော်ဒီက ဒေါ်လာ သန်း ၅၀၀ ပေးထား

    အမေရိကန်တပ်ဖွဲ့၏ ကုန်ကျစားရိတ်အတွက် ဆော်ဒီက ဒေါ်လာ သန်း ၅၀၀ ပေးထား

    ဇန်နဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကုန်ကျစားရိတ်အတွက်‌ ဆော်ဒီဟာ အမေရိကန်ကို ကန်ဒေါ်လာ သန်း ၅၀၀ နီးပါးလောက် ပေးထားတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ဖွင့်ဟပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ လွှဲပေးခဲ့တာပါ။ အမေရိကန်က ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီသတင်းကို အတည်မပြုခဲ့ပါဘူး။ ပြီးခဲ့တဲ့တစ်ပတ် Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီဟာ ကန်ဒေါ်လာ ၁ ဘီလီယံလောက်ကို ဘဏ်မှာ စပေါ်တင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ စစ်စားရိတ်ကို ဆော်ဒီက ပေးချေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲတုန်းက ဆော်ဒီ၊ ကူဝိတ်နဲ့ အခြား ပင်လယ်ကွေ့နိုင်ငံတွေဟာ စစ်စားရိတ် ကန်ဒေါ်လာ ၃၆ ဘီလီယံ ပေးချေခဲ့ဖူးပါတယ်။

    ၂၀၁၉ ခုနှစ် စက်တင်ဘာလက ဆော်ဒီမှာရှိတဲ့ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရပြီးနာက်ပိုင်း မြင့်တက်လာတဲ့ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ဟာ ဆော်ဒီမှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ဒုံးခွင်းစနစ်တွေနဲ့ တိုက်လေယာဉ်တွေကို ချထားပါတယ်။ ဒီချထားမှုအတွက် ကုန်ကျစားရိတ်တွေကို ဆော်ဒီက ပေးချေရမှာ ဖြစ်ပါတယ်။

    ဒီအတွက်‌ အမေရိကန်နဲ့ ဆော်ဒီတာဝန်ရှိသူတွေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကကစတင်ပြီး ယီမင်က ဟူသီသူပုန်တွေကို ဆော်ဒီတိုက်လေယာဉ်တွေက တိုက်ခိုက်ရာမှာ လေကြောင်းကနေ ဆီဖြည့်ပေးမှု ကုန်ကျစားရိတ်အတွက်လည်း ဆော်ဒီက အမေရိကန်ကို အနိမ့်ဆုံး ဒေါ်လာ ၃၃၁ သန်း သီးသန့်ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

    Ref: CNN

  • အီရန်၏ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရဟု အမေရိကန် ထုတ်ပြန်

    အီရန်၏ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရဟု အမေရိကန် ထုတ်ပြန်

    ဇန်နဝါရီ ၁၇၊ ၂၀၂၀
    M-Media

    -ဇန်နဝါရီ ၈ ရက်နေ့ အီရတ်ကစစ်စခန်းတွေကို အီရန်ရဲ့တိုက်ခိုက်မှုမှာ တပ်ဖွဲ့ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာ အထိအခိုက်မရှိဘူးဆိုတဲ့ ကနဦးထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတာဖြစ်ပါတယ်။

    ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံအနောက်ပိုင်းက အိန် အလ်-အာဆတ် လေတပ်စခန်း၊ မြောက်ပိုင်း ကာ့ဒ်ဒေသက စစ်စခန်းတွေကို အီရန်က ဒုံးကျည် အနည်းဆုံး တစ်ဒါဇင်လောက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတထရမ့်နဲ့ အမေရိကန်စစ်တပ်တို့က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ တိုက်ခိုက်မှုအပြီးမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အထက်ကအမိန့်ကြောင့် ကန်တပ်ဖွဲ့ဝင် ၁၅၀၀ လောက်ဟာ မြေအောက်ဘန်ကာတွေမှာ ပုန်းခို‌နေခဲ့တာပါ။

    မနေ့က အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးတာမျိုး မရှိပေမယ့် တစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဘီလ် အာဘန်က ပြောကြားခဲ့ပါတယ်။

    ကြိုတင်ကာကွယ်တဲ့အနေနဲ့ တစ်ချို့တပ်ဖွဲ့ဝင်တွေကို ဂျာမနီနဲ့ ကူဝိတ်တို့မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပို့ဆောင်ကာ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Aljazeera

  • ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း အီရန် ဝန်ခံ

    ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း အီရန် ဝန်ခံ

    ဇန်နဝါရီ ၁၁၊ ၂၀၂၀
    M-Media

    -အခုတစ်ပတ်အစောပိုင်းက မြို့တော်တီဟီရန်အနီး ယူကရိန်းလေယာဉ် ပျက်ကျသွားတာဟာ မိမိတို့က မှားယွင်းပစ်ချမိတာကြောင့် ဖြစ်တယ်လို့ အီရန်က ဒီကနေ့မှာ ဝန်ခံလိုက်ပါတယ်။

    ခရီးသည် ၁၇၆ ဦး နဲ့ လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကိုသွားဖို့ အီမာမ်ခိုမေနီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျသွားတာပါ။ အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့မနက် အီရန်စစ်ဦးစီးအရာရှိချုပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီ ခရီးသည်တင်လေယာဉ်ဟာ စစ်ရေးအရ အရေးပါတဲ့ နေရာအနီးကို ပျံသန်းသွားချိန်၊ စစ်သည်တွေရဲ့ အမှားကြောင့် ပစ်ချလိုက်မိတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီလိုဆိုးရွားတဲ့အမှားအတွက် အလွန်အမင်း ကြေကွဲနောင်တရမိပြီး ထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းမိကြောင်း၊ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ဒီလိုအမှားမျိုးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    ကနေဒါနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်က မှားယွင်း ပစ်ချလိုက်တာ ဖြစ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပြီး အီရန်က အစောပိုင်းမှာ ငြင်းဆိုခဲ့ပါ‌သေးတယ်။ အီရတ်က အမေရိန်ကစစ်စခန်းတွေကို ဒုံးကျည်နဲ့တိုက်ခိုက်အပြီး တုန့်ပြန်လာမှာကို စိုးရိမ်တဲ့အတွက် ဒုံးခွင်းစနစ်တွေ ဖွင့်ထားချိန်မှာ မတော်တဆ ပစ်ချမိလိုက်တာ ဖြစ်နိုင်တယ်လို့လည်း အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref: Aljazeera