News @ M-Media
Tag: US
  • ၀န်ထမ်းများ လစာပေးရန် ကုလတွင် ငွေကြေးမလောက်တော့ဟု အတွင်းရေးမှူးပြော
    အောက်တိုဘာ ၉၊ ၂၀၁၉
    M-Media
    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်
    -အဖွဲ့ဝင်နိုင်ငံတွေက ပေးစရာရှိတဲ့ ငွေတွေကို မပေးဘူးဆိုရင် ကုလအနေနဲ့ လာမယ့်လမှာ ၀န်ထမ်းတွေကို လစာပေးဖို့ ငွေကြေး လုံလုံလောက်လောက် ရှိမှာ မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
    ကုလသမဂ္ဂကို အဓိကထောက်ပံ့ကူညီနေတာက အမေရိကန်ဖြစ်ပြီး ကုန်ကျစားရိတ် စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းကို ပေးအပ်နေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကုလရဲ့ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၃.၃ ဘီလီယံဖြစ်ပါတယ်။
    မနေ့က အထွေထွေညီလာခံရဲ့ ဘက်ဂျက်ကော်မတီမှာ ဂူတာရက်စ်က အသုံးစားရိတ်လျှော့ချဖို့အတွက် ဇန်နဝါရီလကတည်းက လုပ်ဆောင်တာမျိုး မရှိခဲ့ဘူးဆိုရင်၊ ပြီးခဲ့တဲ့လ ထွေထွေညီလာခံအတွက် ငွေကြေးလုံလောက်မှာတောင် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “အခုလမှာတော့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ၀င်ငွေ၊ ထွက်ငွေ မမျှတမှုကို ကျွန်တော်တို့
    ကြုံတွေ့ရပါလိမ့်မယ်။ နိုဝင်ဘာလရောက်ရင် ၀န်ထမ်းလစာပေးဖို့တောင် ငွေကြေးလောက်တော့မှာ မဟုတ်ပါဘူး”
    အမေရိကန်ဟာ ကုလ ပုံမှန်ထည့်ဝင်ငွေမှာ ကန်ဒေါ်လာ ၃၈၁ သန်းနဲ့ ၂၀၁၉ ခုနှစ် ဘက်ဂျက်မှာကန်ဒေါ်လာ ၆၇၄ သန်း ပေးအပ်ဖို့ ကျန်ရှိနေပါသေးတယ်။ ကုလဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပုံမှန်ထည့်ဝင်ငွေရဲ့ ပမာဏတော်တော်များများကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ကုလကို ငွေကြေးထည့်ဝင်ရာမှာ အမေရိကန်က မမျှတတဲ့ ၀န်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်း ဆော်သြထားပါတယ်။ ကုလအတွင်းရေးမှူး ဂူတာရက်စ်ကလည်း ကုလရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်အောင် ဆောင်ရွက်နေပါတယ်။
    Ref : Reuters
  • ‘ခိုးဝင်’ စကားလုံးအပါအ၀င် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများကို နယူးယောက်တွင် ပိတ်ပင်
    ‘ခိုးဝင်’ စကားလုံးအပါအ၀င် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများကို နယူးယောက်တွင် ပိတ်ပင်
    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media
    -‘ခိုးဝင်’ (illegal alien) လို့ ခေါ်ဆိုသုံးနှုန်းမှုအပါအ၀င် လူတစ်ဦးတစ်ယောက်ကို နှိမ်ချတဲ့၊ အရှက်ရစေတဲ့ အသုံးအနှုန်းတွေ ပိတ်ပင်တဲ့ အမိန့်ညွှန်ကြားချက်တစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး ချိုးဖောက်ရင် ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။
    အဲဒီ အမိန့်ညွှန်ကြားချက် အသစ်တွေကို ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်စကားပြော လေယူလေသိမ်းအပေါ် ခွဲခြားမှု၊ မျိုးရိုးဇာတိအပေါ် အခြေခံကာ အာဏာပိုင်များကို ခေါ်ဖမ်းခိုင်းမည်ဆိုသည့် ခြိမ်းခြောက်မှုတွေကိုလည်း တားမြစ်ထားပါတယ်။ တားမြစ်ချက်တွေကို ကျူးလွန်သူတွေဟာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀၀၀ အထိ အရိုက်ခံရမှာ ဖြစ်ပါတယ်။
    လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ဒီအမိန့်ညွှန်ကြားချက်တွေဟာ အများပြည်သူ နေထိုင်ရာနေရာတွေ၊ လုပ်ငန်းခွင်တွေနဲ့ အိမ်ယာတွေ အားလုံးမှာ အကျုံးဝင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဗဟိုအစိုးရက ခြောက်လုံးလှန့်လုံးတွေပြော၊ လူမျိုးရေးခွဲခြားတဲ့ ပေါ်လစီတွေ ချမှတ်ပြီး ပြောင်းရွှေ့အခြေချချ လူ့အဖွဲ့အစည်းတွေရဲ့ သာယာဝပြောမှုကို ခြိမ်းခြောက်နေတဲ့အချိန် ဒီလို အရေးပါတဲ့ ညွှန်ကြားချက်တစ်ခုကို နယူးယောက်မြို့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းပြီး ထုတ်ပြန်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ် ” လို့ နယူးယောက် မြို့တော်ဝန်ရုံးရဲ့ တာဝန်ရှိသူ ဘီတာ မို့စ်တိုဖီက ပြောကြားခဲ့ပါတယ်။
    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက alien ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံသားမဟုတ်သူ၊ အမေရိကန် ဌာနေလူမျိုး မဟုတ်သူလို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
    စာမျက်နှာ ၂၉ မျက်နှာပါ အခု ညွှန်ကြားချက်မှာတော့ လူမျိုးရေးခွဲခြားမှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု၊ လူမျိုးဖြစ်တည်မှုတွေကို အခြေခံကာ ပြောဆိုမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    အထောက်အထားမရှိတဲ့ အိမ်ငှားကို လ၀ကခေါ်ကာ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အိမ်ရှင်တစ်ဦးကို နယူးယောက်တရားရုံးက အခုလအစောပိုင်းမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၁၇၀၀၀ ရိုက်ခဲ့ပါတယ်။ ခြိမ်းခြောက်ခံရသူအတွက် နယူးယောက် လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားပြုတရားရင်ဆိုင်ပေးခဲ့တာ ဖြစ်ပါတယ်။
    Ref: CNN
  • သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media
    -ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ အမေရိကန်အစိုးရက အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    အသက် ၅၆ နှစ်အရွယ် ပန်ချွဲဟွာဆိုသူဖြစ်ပြီး ပြည်ပ ထောက်လှမ်းရေးသူလျှိုအဖြစ် ဆောင်ရွက်မှု၊ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေထံ ပေးပို့မှုတွေနဲ့ တရားစွဲခံထားရတာပါ။
    ခေတ်ဟောင်းနဲ့ ခေတ်သစ်နည်းပညာတွေ ပေါင်းစပ်ကာ သူလျှိုလုပ်ခဲ့တာမျိုးဖြစ်ပြီး၊ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအချက်အလက်တွေကို ရရှိဖို့ တရုတ်အစိုးရက လျှို့ဝှက်ပြီး ကြိုးစားနေတာကို တွေ့မြင်လိုက်ရတာ ဖြစ်တယ်လို့ အစိုးရရှေ့နေ ဒေးဗစ် အလ် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။
    ပန်ချွဲဟွာဟာ ဆန်ဖရန်စစ္စကိုဒေသတစ်ဝိုက်မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူပါ။
    သူဟာ သတင်းအချက်အလက်တွေ ပေးပို့ဖို့နဲ့ ငွေကြေးလွှဲပြောင်းဖို့အတွက် လျှို့ဝှက် နေရာတွေကို အသုံးပြုခဲ့သလို၊ အမေရိကန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ ပါဝင်တဲ့ တရုတ်ရဲ့ ဒစ်ဂျစ်တယ် ကဒ်ပြားတွေကိုလည်း ကိုင်ဆောင်ထားတယ်လို့ အန်ဒါဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    တရားစွဲဆိုထားမှုဖိုင်မှာ ပန်ချွဲဟွာဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက် လမ်းညွှန်မှုအတိုင်း သူလျှိုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လူတစ်ချို့ထံကနေ ရခဲ့တဲ့လျှို့ဝှက် အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ပန်ကို သောကြာနေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတစ်ပတ်အတွင်း စတင်ကြားနာမှာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ
    မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -မြောက်အမေရိကမှာ နှစ်ပေါင်း ၅၀ အတွင်း ငှက်ကောင်ရေ ၃ ဘီလီယံလောက် ဆုံးရှုံးသွားခဲ့ပြီး ဒါဟာ ဂေဟစနစ်ပျက်သုဉ်းမှုကို ပြသနေတဲ့ စိုးရိမ်စရာ လက္ခဏာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။
    လယ်မြေယာမြေတွေ တိုးချဲ့မှုက မြက်ခင်းပြင်တွေ ဆုံးရှုံးရတာ၊ မြေပြန့်လွင်ပြင် ပျက်သုဉ်းရတာတွေ ဖြစ်ပေါ်တာကြောင့် မြေပြန့်မှာ ကျက်စားတဲ့ ငှက်တွေက ဒီဒဏ်ကို အများဆုံး ခံစားရတာပါ။
    စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးတွေကို ပိုမိုသုံးစွဲတာကြောင့် ပိုးမွှားတွေသေဆုံးကာ ငှက်တွေရဲ့ အစာကွင်းစက်အပေါ် ထိခိုက်မှုတွေ ရှိတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။
    အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ ငှက်ကောင်ရေဟာ ၁၉၇၀ ခုနှစ်ကထက်စာရင် ၂၉ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
    ဒီပြဿနာနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို သိပ္ပံပညာရှင်တွေက Science ဂျာနယ်မှာ အခုတစ်ပတ် အစောပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။ မြေပြန့်လွင်ပြင်မှာ ကျက်စားတဲ့ငှက်တွေ အပါအ၀င်၊ တောတောင်ထဲမှာ နေထိုင်တဲ့ ငှက်မျိုးစိတ်တွေလည်း အရေအတွက် လျော့ကျလာတာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
    လျော့ကျသွားတဲ့ ငှက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စာကလေး၊ တေးဆိုငှက်၊ မြေလူးငှက်နဲ့ ငှက်ပုတီးတို့အပါအ၀င် ငှက်မျိုးစိတ် ၁၂ မျိုးဖြစ်ပါတယ်။
    မြောက်အမေရိအပြင် ကမ္ဘ္ဘာတစ်ဝှမ်းက အခြားသောဒေသတွေမှာလည်း မြေပြန့် ငှက်မျိုးစိတ်တွေ လျော့နည်းလာတာကို တွေ့ခဲ့ရပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းလောက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။
    Ref: Aljazeera
  • စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး
    စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -အမေရိကန်နဲ့ ဆော်ဒီတို့က တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်ပွားမယ်လို့
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ သတိပေးလိုက်ပါတယ်။
    ပြီးခဲ့တဲ့စနေနေ့က ဆော်ဒီက ရေနံထုတ်လုပ်ရာနေရာတွေ တိုက်ခိုက်ခံရမှုအပြီး ဆော်ဒီ၊ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကမ္ဘ္ဘာရေနံထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းခဲ့ရပါတယ်။
    ယီမင် ဟူသီသူပုန်အဖွဲ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောပေမယ့် အမေရိကန်ကတော့ ဒီနောက်ကွယ်မှာ အီရန်က ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။
    ကျူးလွန်သူတွေကို တုန့်ပြန်ဖို့အတွက် လက်နက်တွေ အသင့်ပြင်ထားပြီလို့လည်း အမေရိကန်က ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ စစ်ကိုမလိုလားဘူး။ စစ်လည်းမတိုက်ချင်ဘူး။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ မျက်စိမှိတ်နေမှာ မဟုတ်ပါဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က CNN သတင်းဌာနနဲ့ မနေ့ကအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
    အမေရိကန် ဒါမှမဟုတ် ဆော်ဒီက အီရန်အပေါ် တိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာတော့ မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်သွားလိမ့်မယ်လို့ ဇာရစ်ဖ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
    ဆော်ဒီကတော့ တိုက်ခိုက်မှုကို အီရန်က စပွန်ဆာပေးတာဖြစ်ပြီး၊ လက်နက်တွေဟာ အီရန်လုပ် လက်နက်တွေ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက် အပြစ်တင်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။
    ဇာရစ်ဖ်က ဒါတွေဟာ စစ်ပွဲစတင်ချင်လို့ မုသားတွေ၊ လှည့်ဖျားမှုတွေနဲ့ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    Ref: CNN