News @ M-Media
Tag: US
  • IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က ဘယ်လိုသုတ်သင်ခဲ့သလဲ
    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က ဘယ်လိုသုတ်သင်ခဲ့သလဲ
    အောက်တိုဘာ ၂၈၊ ၂၀၁၉
    M-Media
    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ
    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်မြို့မှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ သေဆုံးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    ဘဂ္ဂဒါဒီတစ်ယောက် ဘာရီရှာရွာအနီး ပိတ်ဆို့ခံထားရချိန်မှာ မြေအောက်လှိုင်ခေါင်းထဲကို ပြေးဝင်သွားပြီးတဲ့နောက် ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အသေခံဗုံးခွဲဝတ်စုံကို ဖောက်ခွဲကာ အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုအတွင်း သူ့ရဲ့ ကလေး ၃ ဦးလည်း သေဆုံးသွားတယ်လို့ ထရမ့်က ဆိုပါတယ်။
    မနေ့က အိမ်ဖြူတော်ကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာ ထရမ့်က ဘဂ္ဂဒါဒီကို သုတ်သင်ဖို့ ဆောင်ရွက်မှု အသေးစိတ်၊ ဘဂ္ဂဒါဒီရဲ့ နောက်ဆုံးအခြေအနေတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း ဘဂ္ဂဒါဒီရဲ့ အဖွဲ့ဝင်တွေ တော်တော်များများလည်း သေဆုံးခဲ့ပါတယ်။
    ဘဂ္ဂဒါဒီရဲ့ ကျန်ရစ်ခဲ့တဲ့ ကလေး ၁၁ ဦးကို ကြားနေအဖွဲ့တစ်ခုက ထိမ်းသိန်းစောင့်ရှောက်ထားတယ်လို့ ထရမ့်က ပြောကြားခဲ့ပြီး ဘယ်သူဘယ်ဝါလည်းဆိုတာကိုတော့ မပြောခဲ့ပါဘူး။
    နောက်ဆုံးအချိန်မှာ ဘဂ္ဂဒါဒီဟာ သွေးရူးသွေးတန်းနဲ့ အော်ဟစ် ငိုယို ပြေးလွှားနေခဲ့ပြီး သူရဲဘောကြောင်စွာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ သမ္မတထရမ့်ဟာ စစ်ဆင်ရေးတစ်ခုလုံးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်ရှုခဲ့တာပါ။
    DNA စစ်ဆေးပြီး
    စစ်ဆင်ရေးပြီးဆုံးပြီးတဲ့နောက် အပိုင်းအပိုင်းဖြစ်နေတဲ့ ဘဂ္ဂဒါဒီရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို DNA စစ်ဆေးခဲ့ပြီး ဘဂ္ဂဒါဒီဖြစ်ကြောင်း အတိအကျ အတည်ပြုနိုင်ခဲ့တယ်လို့ ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို စစ်ဆင်ရေးကနေ ရရှိခဲ့သလို အမေရိကန်တပ်ဖွဲ့တွေ တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း ထရမ့်က ဆိုပါတယ်။
    ဘဂ္ဂဒါဒီကို ဆက်ခံမယ့်သူတွေအနေနဲ့ အမေရိကန်ရဲ့လက်ကနေ ပြေးမလွတ်ဘူးလို့လည်း ထရမ့်က ထည့်သွင်းသတိပေးခဲ့ပါတယ်။
    နိုင်ငံခြားရေး အောင်မြင်မှု
    ဒီစစ်ဆင်ရေးလုပ်ဆောင်ဖို့အတွက် ရုရှား၊ တူရကီ၊ ဆီးရီးယား၊ အီရတ်နဲ့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ပေးတာအပါအဝင် ကူညီဆောင်ရွက်မှုတွေ ရှိခဲ့ပြီး ဒီအတွက် ကျေးဇူးတင်တယ်လို့လည်း ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ဘဂ္ဂဒါဒီ ဘယ်မှာရှိလဲဆိုတာကို ရင်းမြစ်တစ်ခုကနေ ထောက်လှမ်းရေးသတင်း ရရှိခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဘဂ္ဂဒါဒီ ပုန်းအောင်းနေတဲ့နေရာဟာ ရုရှားနဲ့ ဆီးရီးယားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။
    အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက စစ်ဆင်ရေးဟာ ဘဂ္ဂဒါဒီကို ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ပြီး တပ်ဖွဲ့ဝင်နှစ်ဦး အသေးစားဒဏ်ရာတွေ ရခဲ့ပေမယ့် ပြန်လည်တာဝန်ထမ်းဆောင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
    ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အို ဘရိုင်ယန်က ဘဂ္ဂဒါဒီရဲ့ ရုပ်အလောင်းကို အစ္စလာမ်ထုံးစံအတိုင်း သင်္ဂြိုဟ်သွားမှာဖြစ်ပြီး၊ ဘင်လာဒင်လိုပဲ ပင်လယ်ရေအောက်မှာ မြှုပ်နှံသွားမယ်လို့ ထုတ်ပြန်‌ခဲ့ပါတယ်။
    ဘဂ္ဂဒါဒီ ဘယ်သူလဲ
    ဘဂ္ဂဒါဒီဦးဆောင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘဂ္ဂဒါဒီက သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စုပေါင်းကာ ခါလီဖိတ်နိုင်ငံတစ်ခု ထူထောင်ကြောင်း ကြေငြာခဲ့ပါတယ်။
    ဆီးရီးယားနဲ့ အီရတ်တို့က ဘာသာရေးလူနည်းစုတွေအပေါ် ကျူးလွန်မှု၊ နိုင်ငံတော်တော်များများမှာ IS အဖွဲ့က ပြုလုပ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ဘဂ္ဂဒါဒီကို တာဝန်ရှိသူအဖြစ် သတ်မှတ်ထားပြီး အမေရိကန်က သူ့ရဲ့ခေါင်းကို ကန်ဒေါ်လာ ၂၅ သန်း ဆုကြေးငွေ ထုတ်ခဲ့ပါတယ်။
    IS အဖွဲ့ နယ်မြေတွေ ပြန်လည်ဆုံးရှုံးခဲ့ပြီးတဲ့နောက် ဘဂ္ဂဒါဒီဟာ ပုန်းအောင်းနေထိုင်ခဲ့ပြီး အသံဖိုင်တွေ ထုတပြန်ကာ သူ့ရဲ့နောက်လိုက်တွေကို သတင်းစကားပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးအသံဖိုင်ဟာ ပြီးခဲ့တဲ့လမှာ ပေါ်ထွက်ခဲ့တာပါ။
    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ် ချေမှုန်းနိုင်ခဲ့ပြီး ဆီးရီးယားမှာတော့ အခုနှစ်မတ်လမှာ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပါတယ်။
    Ref: CNN, Aljazeera
  • အာကာသတွင် အမျိုးသမီး ၂ ဦး ပထမဆုံးအကြိမ် ‌လမ်းလျှောက်မှု သမိုင်းမှတ်တိုင်သစ် ဖြစ်လာ
    အာကာသတွင် အမျိုးသမီး ၂ ဦး ပထမဆုံးအကြိမ် ‌လမ်းလျှောက်မှု သမိုင်းမှတ်တိုင်သစ် ဖြစ်လာ
    အောက်တိုဘာ ၂၀၊ ၂၀၁၉
    M-Media
    -လူသားတွေရဲ့ အာကာသ စူစမ်းရှာဖွေမှုသမိုင်းတစ်လျှောက် ပထဆုံးအကြိမ်အဖြစ် အမျိုးသမီး အာကာသယာဉ်မှူး ၂ ဦး သောကြာနေ့က အာကာသမှာ လမ်းလျှောက်ခဲ့ပြီး ဒါဟာ နာဆာအတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုလည်း ဖြစ်ပါတယ်။
    အာကာသယာဉ်မှူး ခရစ္စတီးနား ကို့ချ်နဲ့ ဂျက်ဆီကာ မီရ်တို့ဟာ နိုင်ငံတကာ အာကာသစခန်း ISS အပြင်ကိုထွက်ကာ ဆိုလာဓာတ်အားပေးစနစ်က ဘထ္ထရီတစ်လုံးကို လဲလှယ်တပ်ဆင်ခဲ့တာပါ။ ဒီဆောင်ရွက်မှုကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။
    အိမ်ဖြူတော်မှာလည်း အမေရိကန်သမ္မတနဲ့ အစိုးရထိပ်တန်းခေါင်းဆောင်တွေဟာ ဒီလမ်းလျှောက်မှုကို တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး သမ္မတထရမ့်က အာကာသယာဉ်မှူးတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။
    “ကျေးဇူးပါရှင့်။ ကျွန်မတို့ရဲ့အရင်မှာလည်း အာကာသထွက် လမ်းလျှောက်တဲ့ အမျိုးသမီးယာဉ်မှူးတွေ ရှိတဲ့အတွက် အရမ်းကြီး ချီးကျူးမခံဝံ့ပါဘူး။ အခုတစ်ခါက အမျိုးသမီးနှစ်ဦး ပထမဆုံးအကြိမ် လမ်းလျှောက်မှုသာ ဖြစ်ပါတယ်။ ကျွန်မတို့အတွက် ဒါဟာ လုပ်ရမယ့်အလုပ်ကို လုပ်လိုက်တာပါ” လို့ အာကာသယဉ်မှူး ဂျက်ဆီကာ မီရ်က ထရမ့်ကို ပြန်လည်ပြောကြားခဲ့ပါတယ်။
    အရင်က အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီး အာကာသယာဉ်မှူးတွေ အာကာသမှာ လမ်းထွက်လျှောက်ကြပေမယ့် ၂ ဦးပါတဲ့အဖွဲ့မှာ အမျိုးသမီး ၁ ဦးသာ ပါဝင်လေ့ရှိပါတယ်။ သောကြာနေ့က လမ်းလျှောက်မှုမှာတော့ ၂ ဦးစလုံး အမျိုးသမီးအာကာသယာဉ်မှူးတွေ ဖြစ်ပါတယ်။
    ခရစ္စတီးနား ကို့ချ်နဲ့ ဂျက်ဆီကာ မီရ်တို့ရဲ့ အာကာသလမ်းလျှောက်မှုဟာ ၁၉၉၈ ခုနှစ်က နိုင်ငံတကာ အာကာသစခန်းကို စတင်တပ်ဆင်ပြီးနောက်ပိုင်း ၂၂၁ ကြိမ်မြောက် လမ်းလျှောက်မှု ဖြစ်ပါတယ်။
    အာကာသမှာ ပထမဆုံး လမ်းလျှောက်သူက ဆိုဗီယက် အာကာသယာဉ်မှူး အလက်ဇီ လီယိုနော့ဗ်ဖြစ်ပြီး ၁၉၆၅ ခုနှစ်မှာ လျှောက်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ ဆိုဗီယက်အာကာသယာဉ်မှူး ဆဗက်လာတာ ဆာဗစ်ကာယာဟာ အာကာသမှာ ပထမဆုံးလမ်းလျှောက်တဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    Ref: CBS News
  • လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ
    လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ
    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media
    နာဆာက မိတ်ဆက်ပြသလိုက်သည့် အာကာသ ဝတ်စုံသစ်
    -လကမ္ဘာမှာ ပထမဆုံး လမ်းလျှောက်မယ့် အမျိုးသမီး ဝတ်ဆင်နိုင်မယ့် အာကာသဝတ်စုံကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။
    နာဆာဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လပေါ်ကို လူလွှတ်ခြင်းမရှိတော့ဘဲ ၂၀၂၄ ခုနှစ်မှာတော့ လပေါ်ကို အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ Artemis လို့ အမည်ပေးထားတဲ့ အဲဒီခရီးစဉ်မှာလိုက်ပါမယ့် အမျိုးသမီးအာကာသယာဉ်မှူးဟာ လပေါ်ကို ခြေချနိုင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
    အောက်တိုဘာ ၁၅ ရက်နေ့မှာ နာဆာက ၂၀၂၄ ခရီးစဉ်မှာ ဝတ်ဆင်မယ့် အာကာသဝတ်စုံ ၂ ခုကို မိတ်ဆက်ခဲ့ပြီး ဒီ ၂ ခုစလုံးဟာ ၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်တွေက အပိုလိုခရီးစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းကို အခြေခံထားတာပါ။
    Exploration Extravehicular Mobility (xEMU) လို့ အမည်‌ပေးထားတဲ့ ဝတ်စုံဟာ အနီ၊ အဖြူနဲ့ အပြာရောင်တို့ ပေါင်းစပ်ထားပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းပေါ်ကို ဆင်းရင် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လိမ္မော်ရောင် နောက်တစ်စုံကိုတော့ Orion Crew Survival System လို့ အမည်ပေးထားပြီး ကမ္ဘာနေ လကို အသွားအပြန်ခရီးစဉ်မှာ ဝတ်ဆင်ရမှာပါ။
    ဒီဝတ်စုံတွေဟာ အရင်က ဝတ်စုံတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုထားပြီး အာကာသယာဉ်မှူးတွေအတွက် သက်တောင့်သက်သာ ပိုဖြစ်လိမ့်မယ်လို့ နာဆာက ပြောကြားခဲ့ပါတယ်။
    အာကာသဝတ်စုံရဲ့ လုပ်ဆောင်ချက်တွေကတော့ အောက်ဆီဂျင်ကို ထိန်းသိမ်းတာ၊ အဆိပ်ဓာတ်ငွေ့တွေ၊ အနံ့တွေ၊ ရေခိုးရေငွေ့တွေ ဖယ်ရှားပေးတာ၊ အပူချိန် ထိန်းညှိပေးတာတွေ ဖြစ်ပါတယ်။ အခုဝတ်စုံသစ်မှာ ဆက်သွယ်ရေးနည်းနစ်ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
    Artemis ခရီးစဉ်အတွက် အသုံးမပြုခင် အဲဒီဝတ်စုံသစ်ကို နိုင်ငံတကာ အာကာသစခန်းမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး လိုအပ်ချက်တွေ ရှိခဲ့ရင် ပြုပြင်သွားဖို့လည်း နာဆာက စီစဉ်ထားပါတယ်။ ဒီဝတ်စုံကို အနာဂတ် အင်္ဂါဂြိုဟ်ခရီးစဉ်မှာ ပြုပြင်အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့လည်း နာဆာက ဆိုပါတယ်။
    Ref: CNN
  • အာဖဂန်၌ မေလက အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုတွင် အရပ်သား ၃၀ သေဆုံး
    အာဖဂန်၌ မေလက အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုတွင် အရပ်သား ၃၀ သေဆုံး
    အောက်တိုဘာ ၁၀၊ ၂၀၁၉
    M-Media
    -အာဖဂန်နစ္စတန်မှာ တာလီဘန်ရဲ့ မူးယစ်ဓာတ်ခွဲခန်းဆိုပြီး မေလက အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သား ၃၀ သေဆုံးခဲ့တယ်လို့ ကုလက ထုတ်ပြန်ခဲ့ပြီး အမေရိကန်စစ်တပ်ကတော့ ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
    နိုင်ငံအနောက်ပိုင်း ဖာရာနဲ့ နင်မရို့ဇ်ပြည်နယ်တွေက မူးယစ်ဆေးထုတ်လုပ်တဲ့ နေရာ ၆၀ ကျော်လောက်ကို အမေရိကန်-အာဖဂန် ပူးပေါင်းအဖွဲ့တွေက မေလ ၅ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
    အာဖဂန်က ကုလ စောင့်ကြည့်ရေးအဖွဲ့ UNAMA က ဒီတိုက်ခိုက်မှုအတွက် ၄ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနေ့က ကုလ လူ့အခွင့်အရေးရုံးနဲ့ ပူးပေါင်းကာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၀ သေဆုံးခဲ့ပြီး၊ သေဆုံး ဒဏ်ရာရသူ စုစုပေါင်း ၃၉ ဦးရှိရာမှာ ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံး ဒဏ်ရာရသူတွေဟာ လက်နက်ကိုင်တွေ မဟုတ်တဲ့အတွက် ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့လည်းကုလက ဆိုပါတယ်။
    အာဖဂန်က အမေရိကန်တပ်ဖွဲ့ USFOR-A က ကုလရဲ့ ပြောကြားမှုကို လက်မခံကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ၊ တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးခြင်းမရှိကြောင်း၊ အရပ်သားလို့ပြောကြားမှုတွေဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
    ၁၈ နှစ် ကြာမြင့်နေပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲမှာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကစလို့ အမေရိကန်ဟာ မူးယစ်ဆေး ထုတ်လုပ်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။
    ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း အာဖဂန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေမှာ အနည်းဆုံး အရပ်သား ၃၈၁၂ ဦး သေဆုံးခဲ့ပြီး နေတိုးအဖွဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
    Ref: Aljazeera
  • ၀န်ထမ်းများ လစာပေးရန် ကုလတွင် ငွေကြေးမလောက်တော့ဟု အတွင်းရေးမှူးပြော
    အောက်တိုဘာ ၉၊ ၂၀၁၉
    M-Media
    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်
    -အဖွဲ့ဝင်နိုင်ငံတွေက ပေးစရာရှိတဲ့ ငွေတွေကို မပေးဘူးဆိုရင် ကုလအနေနဲ့ လာမယ့်လမှာ ၀န်ထမ်းတွေကို လစာပေးဖို့ ငွေကြေး လုံလုံလောက်လောက် ရှိမှာ မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
    ကုလသမဂ္ဂကို အဓိကထောက်ပံ့ကူညီနေတာက အမေရိကန်ဖြစ်ပြီး ကုန်ကျစားရိတ် စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းကို ပေးအပ်နေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကုလရဲ့ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၃.၃ ဘီလီယံဖြစ်ပါတယ်။
    မနေ့က အထွေထွေညီလာခံရဲ့ ဘက်ဂျက်ကော်မတီမှာ ဂူတာရက်စ်က အသုံးစားရိတ်လျှော့ချဖို့အတွက် ဇန်နဝါရီလကတည်းက လုပ်ဆောင်တာမျိုး မရှိခဲ့ဘူးဆိုရင်၊ ပြီးခဲ့တဲ့လ ထွေထွေညီလာခံအတွက် ငွေကြေးလုံလောက်မှာတောင် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “အခုလမှာတော့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ၀င်ငွေ၊ ထွက်ငွေ မမျှတမှုကို ကျွန်တော်တို့
    ကြုံတွေ့ရပါလိမ့်မယ်။ နိုဝင်ဘာလရောက်ရင် ၀န်ထမ်းလစာပေးဖို့တောင် ငွေကြေးလောက်တော့မှာ မဟုတ်ပါဘူး”
    အမေရိကန်ဟာ ကုလ ပုံမှန်ထည့်ဝင်ငွေမှာ ကန်ဒေါ်လာ ၃၈၁ သန်းနဲ့ ၂၀၁၉ ခုနှစ် ဘက်ဂျက်မှာကန်ဒေါ်လာ ၆၇၄ သန်း ပေးအပ်ဖို့ ကျန်ရှိနေပါသေးတယ်။ ကုလဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပုံမှန်ထည့်ဝင်ငွေရဲ့ ပမာဏတော်တော်များများကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ကုလကို ငွေကြေးထည့်ဝင်ရာမှာ အမေရိကန်က မမျှတတဲ့ ၀န်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်း ဆော်သြထားပါတယ်။ ကုလအတွင်းရေးမှူး ဂူတာရက်စ်ကလည်း ကုလရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်အောင် ဆောင်ရွက်နေပါတယ်။
    Ref : Reuters