News @ M-Media

Tag: US

  • အမေရိကန်ဇနီးမောင်နှံ ၂ ဦး ကမ္ဘာ့အသက်အရှည်ဆုံး အတွဲအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

    အမေရိကန်ဇနီးမောင်နှံ ၂ ဦး ကမ္ဘာ့အသက်အရှည်ဆုံး အတွဲအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

    နိုဝင်ဘာ ၉၊ ၂၀၁၉
    M-Media

    -အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့က ဇနီးမောင်နှံနှစ်ဦးဟာ နှစ်ဦးပေါင်း အသက် ၂၁၁ နှစ်နဲ့ အသက်ထင်ရှားရှိတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။

    အသက် ၁၀၆ နှစ်အရွယ် ဂျွန် ဟန်ဒါဆန်နဲ့ အသက် ၁၀၅ နှစ်အရွယ် ချာလော့တီတို့ ဇနီးမောင်နှံဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အိမ်ထောင်သက် နှစ် ၈၀ ပြည့်မှာဖြစ်ပါတယ်။

    သူတို့နှစ်ဦးဟာ ၁၉၃၄ ခုနှစ်က တက္ကဆက် တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြတာပါ။ ချာလော့တီဟာ ဆရာမတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေချိနဖြစ်ပြီး၊ ဟန်ဒါဆန်က ဘောလုံးအသင်းတစ်ခုမှာ အစောင့်လုပ်တာပါ။ ၁၉၃၉ ခုနှစ်မှာ သူတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။

    ဟန်ဒါဆန်ဟာ တက္ကဆက်တက္ကသိုလ် ဘောလုံးအသင်းရဲ့ အသက်ရှည်ဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။

    ဇနီးမောင်နှံ ၂ ဦးစလုံးဟာ တက္ကသိုလ်တက္ကသိုလ်ရဲ့ အဘိုးအဘွားများ ရပ်ကွက်မှာ ကျန်းမာချမ်းသာစွာ နေထိုင်နေကြပါတယ်။ ဘ၀ကို ပုံမှန်အတိုင်းဖြတ်သန်ခြင်းနဲ့ အိမ်ထောင်ဖက်အပေါ် ချစ်ခင်မြတ်နိုးခြင်းတွေဟာ သူတို့ဇနီးမောင်နှံ အခုလို အသက်ရှည်စွာ နေထိုင်နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • ဖောင်ဒေးရှင်းငွေ တလွဲသုံးမှုအတွက် အမေရိကန်သမ္မတ ဒေါ်လာ ၂ သန်း ပေးဆောင်ရမည်

    ဖောင်ဒေးရှင်းငွေ တလွဲသုံးမှုအတွက် အမေရိကန်သမ္မတ ဒေါ်လာ ၂ သန်း ပေးဆောင်ရမည်

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရေးလုပ်ငန်းမှာ ပရဟိတလုပ်ငန်းတစ်ခုက ရန်ပုံငွေတွေ အလွဲသုံးစားပြုမှုအတွက် သမ္မတထရမ့်အနေနဲ့ ကန်ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ဖို့အတွက် နယူးယောက်တရားရုံးက မနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

    ထရမ့်ဟာ Donald J Trump Foundation အမည်တဲ့ ပရဟိတလုပ်ငန်းတစ်ခုကို တည်ထောင်ထားတာပါ။ ဒါပေမယ့် ဒီအဖွဲ့ဟာ ထရမ့်ရဲ့အကျိုးစီးပွားအတွက် ချက်လက်မှတ်တစ်ခုထက် မပိုဘူးလို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ဒီအဖွဲ့ကို ပိတ်သိမ်းခဲ့ပါတယ်။

    မနေ့က တရားသူကြီး ဆာလီယန် စကာပူလာရဲ့ ဆုံးဖြတ်ချက်မှာ ထရမ့်နဲ့ သူ့ရဲ့ သားသမီး ၃ ဦး ဦးဆောင်တဲ့ ပရဟိတအဖွဲ့တွေဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်လို့ မရဘူးလို့ ဖော်ပြထားပါတယ်။

    ထရမ့်ဟာ Donald J Trump Foundation က အမေရိကန်စစ်ပြန်တွေအတွက် ကောက်ယူထားတဲ့ ရန်ပုံငွေကို ၂၀၁၆ ခုနှစ် အိုင်အိုဝါ ရွေးကောက်မှာ အသုံးပြုခဲ့ပြီး ဒါဟာ ‘ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ’ ဖြစ်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

    ဒီအတွက် ထရမ့်ဟာ ကိုယ်ပိုင်ငွေထဲကနေ ဒဏ်ငွေ ၂ သန်း ပေးဆောင်ရမှာဖြစ်ပြီး အဲဒီငွေတွေကို ပရဟိတအဖွဲ့ ၈ ခုကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။

    Donald J Trump Foundation အဖွဲ့ရဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ ထရမ့်ရဲ့သားနဲ့သမီး အဲရစ်ထရမ့်၊ အိုင်ဗန်ကာ ထရမ့်တို့အနေနဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေ ဒါရိုက်တာတွေ လိုက်နာရမယ့် တာဝန်၀တ္တရားဆိုင်ရာ သင်တန်းကို မဖြစ်မနေ တက်ရောက်ဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။

    Ref: BBC

  • တူရကီသမ္မတ အာဒိုဂန်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ တွေ့ဆုံမည်

    တူရကီသမ္မတ အာဒိုဂန်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ တွေ့ဆုံမည်

    နိုဝင်ဘာ ၇၊ ၂၀၁၉
    M-Media

    -သမ္မတ အာဒိုဂန်ဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဝါရှင်တန်မှာ တွေ့ဆုံမယ်လို့ တူရကီအာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

    ထရမ့်နဲ့ အာဒိုဂန်တို့ဟာ မနေ့က ဖုန်းကနေတစ်ဆင့် နှစ်နိုင်ငံအရေးကိစ္စတွေ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ဝယ်ယူမှုကိစ္စ၊ ဆီးရီးယားကို တူရကီက ကျူးကျော်တိုက်ခိုက်မှုအတွက် အမေရိကန်လွှတ်တော်က ရှုတ်ချမှုတွေ စတဲ့ကိစ္စတွေကြောင့် အမေရိကန်နဲ့ တူရကီတို့အကြား တင်းမာမှုတွေ ရှိနေတာပါ။

    အခုတစ်ပတ်အစောပိုင်းမှာလည်း အမေရိကန်အောက်လွှတ်တော်က ပထမကမ္ဘာစစ်အတွင်း တော်တိုမန်တပ်တွေ အာမေးနီးယားမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီး တူရကီအပေါ် ပိတ်ဆို့မှုတွေပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    နှစ်နိုင်ငံအကြား ဒီလိုတင်းမာမှုတွေ ရှိနေပေမယ့် ထရမ့်နဲ့ အာဒိုဂန်တို့အကြား ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ တူရကီအစိုးရ ရင်းမြစ်တွေက ဆိုပါတယ်။

    Ref: Reuters

  • အီရန်ရှိ နျူစက်ရုံတစ်ခုတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်

    အီရန်ရှိ နျူစက်ရုံတစ်ခုတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်

    နိုဝင်ဘာ ၇၊ ၂၀၁၉
    M-Media

    -မြေအောက် နျူကလီးယားစက်ရုံ Fordow မှာ နျူလုပ်ငန်းတွေကို ပြန်လည် လည်ပတ်နေပြီလို့ အီရန်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ လုံး၀ နှုတ်ထွက်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ချပြလိုက်တာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    နိုင်ငံတကာအနုမြူစွမ်းအင်‌ အေဂျင်စီ (IAEA) က တာဝန်ရှိသူတွေရဲ့ရှေ့မှာပဲ အီရန်ဟာ ဓာတ်ပေါင်းဖိုက Centrifuge တွေထဲကို ယူရေနီယံဓာတ်ငွေ့ စတင်ထိုးသွင်းခဲ့ပါတယ်။ အီရန် အနုမြူအေဂျင်စီကလည်း ဒီလုပ်ဆောင်မှုကို အတည်ပြုခဲ့ပါတယ်။

    Fordow နျူစက်ရုံမှာ Centriuge ၁၀၄၄ ခုကို တပ်ဆင်လိုက်ပြီလို့ အီရန်က အစောပိုင်းမှာ ကြေငြာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ယူရေနီယံအရည်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလည်း ထပ်တိုး ပြုလုပ်ခဲ့ပါတယ်။

    အီရန်က သူတို့ရဲ့ အခုလုပ်ရပ်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်တာမဟုတ်ဘဲ ‘အပိုဒ် ၂၆’ နဲ့ ‘အပိုဒ် ၃၆’ တို့က သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂက နျူကလီးယား စောင့်ကြည့်ရေး တာဝန်ရှိသူကို ဗုဒ္ဓဟူးနေ့မှာ အီရန်က တားဆီးကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    အီရန်ကတော့ Natanz နျူစက်ရုံထဲကို အဲဒီတာဝန်ရှိသူ ဝင်ရောက်တဲ့အခါ သတိပေးသံ ပေါ်ထွက်လာခဲ့တာကြောင့် ဝင်ရောက်ခွင့်မပေးဘဲ ရှာဖွေစစ်ဆေးရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ၄ ရက်လုပ် ၃ ရက်နားစနစ်က ၀န်ထမ်းများ၏ လုပ်နိုင်စွမ်းကို တိုးတက်စေသည်ဟု Microsoft စစ်တမ်းတွင် တွေ့ရ

    ၄ ရက်လုပ် ၃ ရက်နားစနစ်က ၀န်ထမ်းများ၏ လုပ်နိုင်စွမ်းကို တိုးတက်စေသည်ဟု Microsoft စစ်တမ်းတွင် တွေ့ရ

    နိုဝင်ဘာ ၅၊ ၂၀၁၉
    M-Media

    -တစ်ပတ်ကို ၄ ရက်အလုပ်လုပ်စေပြီး ၃ ရက်နားခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်စေတယ်စေတယ်ဆိုတာ စမ်းသပ်မှုတစ်ခုမှာ တွေ့ခဲ့ရကြောင်း Microsoft ကုမ္ပဏီရဲ့ ဂျပန်နိုင်ငံရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Microsoft ဟာ ‘Work-Life Choice Challenge’ ခေါင်းစဉ်နဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မျှတရေး၊ ပြောင်းလွယ်ပြင်လွယ်အလုပ်ချိန်က ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေလားဆိုတာကို ဆန်းစစ်ခဲ့တာဖြစ်ပါတယ်။

    ဂျပန်နိုင်ငံက Microsoft ရုံးခန်းဟာ ဩဂုတ်လကစတင်ကာ စ‌နေ၊ တနင်္ဂနွေ‌အပြင် သောကြာနေ့မှာပါ အလုပ်ပိတ်ပေးခဲ့ပြီး စောင့်ကြည့်ခဲ့ရာမှာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်း ၃၉.၉ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။

    အစည်းအဝေးချိန်ကိုလည်း မိနစ် ၃၀ ကန့်သတ်ပေးကာ ရုံးတွင်း ဆက်သွယ်ပြောဆိုမှုကို အီလက်ထရောနစ်နည်းလမ်းတွေ ပိုမိုအသုံးပြုလာအောင်လည်း အားပေးခဲ့ပါတယ်။

    တစ်ရက်ကို ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်နားခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲဆိုတာကို နယူးဇီလန်က ထိပ်တန်းအိမ်ယာလုပ်ငန်း Perpetual Garden ကလည်း စမ်းသပ်ခဲ့ဖူးပြီး တိုးတက်မှုကိုတွေ့ရတာကြောင့် နောက်ပိုင်းမှာ ၃ ရက်ပိတ်တဲ့စနစ်ကို အဲဒီကုမ္ပဏီက အမြဲတမ်း သတ်မှတ်ခဲ့ပါတယ်။

    တစ်ပတ်ကို ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်ပိတ်ခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေရုံသာမက ဓတ်အားခလို အခြားအသုံးစားရိတ်တွေကိုလည်း လျှော့ချနိုင်တယ်ဆိုတာကို တွေ့ခဲ့ရကြောင်း Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Insider