News @ M-Media

Tag: US

  • လပေါ်သို့ ပထမဆုံးခြေချမှု ခရီးစဉ်မှ လူသိနည်းသည့် စိတ်ဝင်စားဖွယ် အချက် (၁၂) ခု

    လပေါ်သို့ ပထမဆုံးခြေချမှု ခရီးစဉ်မှ လူသိနည်းသည့် စိတ်ဝင်စားဖွယ် အချက် (၁၂) ခု

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    -ဇူလိုင်လ ၂၀ ရက်နေ့ဟာ လပေါ်ကို လူသားတွေ ခြေချနိုင်မှု နှစ် ၅၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။

    အဖွဲ့ခေါင်းဆောင် နီးလ် အမ်းစထရောင်း၊ အာကာသယာဉ်မှူး မိုက်ကယ်ကာလင်းနဲ့ လဆင်းယာဉ်ငယ် ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်တို့ရဲ့ Apollo 11 လသွားခရီးစဉ်ဟာ လူသားတွေရဲ့ အာကာသသမိုင်းမှာ ကြီးကျယ်တဲ့ အောင်မြင်တစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီခရီးစဉ် အောင်မြင်ဖို့အတွက် ၁၀ နှစ်လောက် အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး လူ့အသက်တွေအပါအ၀င် ပေးဆပ်မှုပေါင်းများစွာလည်း ရှိခဲ့ပါတယ်။

    သမိုင်းဝင် Apollo 11 အာကာသခရီးစဉ်က လူသိနည်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၁၁ ချက်ကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ၁။ သေဘေးက သီသီလေးလွတ်ခဲ့တဲ့ အမ်းစထရောင်း

    Apollo 9 စီမံကိန်းရဲ့ အရံယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ၁၉၆၈ ခုနှစ်က အမ်းစထရောင်းဟာ လေ့ကျင့်ရင်း အသက်ဆုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    ဟူစတန်မြို့က အဲလင်တန် လေတပ်စခန်းမှာ လဆင်းယာဉ်ပုံတူကို စမ်းသပ်ပျံသန်းနေစဉ် အမြင့်ပေ ၂၀၀ အရောက်မှာ ယာဉ်ငယ် မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ အမ်းစထရောင်းဟာ ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့တာကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၀၁ ခုနှစ် NASA ရဲ့ အင်တာဗျူးအစီအစဉ်မှာ အမ်းစထရောင်းက လပေါ်မှာ လေတိုက်မှုနဲ့ အခြား ဆွဲအား ပြဿနာတွေ မရှိတဲ့အတွက် လဆင်းယာဉ် ဆင်းသက်ရတာ ကမ္ဘ္ဘာမြေထက် ပိုမိုလွယ်ကူတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂။ သမိုင်းဝင်ခရီးမှာ နောက်ကွယ်က ပါဝင်ခဲ့တဲ့ အမျိုးသမီးများ

    ကက်သရင်း ဂျွန်ဆင်

    လပေါ်ကို လူသားတွေ ပထမဆုံး ခြေချနိုင်မှုမှာ NASA သုတေသနဌာနက သင်္ချာပညာရှင် ကက်သရင်း ဂျွန်ဆင်ရဲ့ အရေးပါတဲ့ ကူညီပံ့ပိုးမှုတစ်ခုကို လူတွေက သိပ်မသိကြပါဘူး။

    သူမဟာ Apollo 11ကို လပေါ်ကိုရောက်တဲ့အခါ ပျံသန်းနိုင်မယ့် အရှိန်နှုန်းကို တွက်ချက်ထုတ်ပြန်ပေးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အာကာသ သမိုင်းမှတ်တိုင် တော်တော်များများမှာလည်း ကက်သရင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

    ၁၉၆၁ ခုနှစ်မှာ အမေရိကန်ရဲ့ အာကာသကို ပထမဆုံး လူလွှတ်ခဲ့တဲ့ ခရီးစဉ်မှာ အလ်ရှက်ဟာ့ဒ် လိုက်ပါမယ့် အာကာသယာဉ် အမြန်နှုန်းကိုလည်း သူမပဲ တွက်ချက်ထုတ်ပြန်ပေးခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ အာသာယာဉ်မှူး ဂျွန်ဂလန်း ဆောင်ရွက်တဲ့ အကာသယာဉ်နဲ့ ပထမဆုံး ကမ္ဘ္ဘာပတ်မှုမှာလည်း သူမရဲ့ သင်္ချာဆိုင်ရာ ကူညီပံ့ပိုးမှုတွေက အဓိကကျခဲ့ပါတယ်။

    NASA မတိုင်ခင် ရှိခဲ့တဲ့ အမေရိကန် လေကြောင်းဆိုင်ရာ အကြံပေးကော်မတီ NACA မှာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှုကို ပြန်လည် ဆန်းစစ် အတည်ပြုပေးမယ့် ‘လူသားကွန်ပျူတာ’ အဖွဲ့မှာ အမျိုးသမီးအနည်းငယ်သာ ပါဝင်ခဲ့ပြီး ကက်သရင်းက အဲဒီထဲကတစ်ယောက် ဖြစ်ပါတယ်။

    သူမဟာ ၂၀၁၅ ခုနှစ်မှာ Presidential Medal of Freedom ဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က
    ထွက်ခဲ့တဲ့ Hidden Figures ရုပ်ရှင်ကားကတော့ သူမရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    မာဂရက် ဟာမီလ်တန်

    Apollo အာကာသ စီမံကိန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ နောက်ထပ်
    အမျိုးသမီးတစ်ဦးကတော့ ကွန်ပျူတာသိပ္ပံပညာရှင် မာဂရက် ဟာမီလ်တန် ဖြစ်ပါတယ်။

    သူမဟာ အပိုလို အာကာသယာဉ်အတွက် လမ်းညွှန်စနစ်နဲ့ လမ်းကြောင်းရှာ စနစ်တွေကို ရေးသားခဲ့သူ ဖြစ်ပါတယ်။၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ Presidential Medal of Freedom ဆု ရရှိခဲ့ပါတယ်။

    ၃။ လပေါ်က မြေကြီးနှင့် ကျောက်ခဲများ

    လပေါ်ကို ပထမဆုံး ခြေချပြီးပြီးချင်းမှာပဲ အမ်းစထရောင်းဟာ လပေါ်က ကျောက်ခဲတွေနဲ့ မြေကြီးတွေကို ကောက်ယူပြီး အာကာသ၀တ်စုံက အိပ်ထဲကို အပြည့်အသိပ် ထည့်ခဲ့ကာ ကမ္ဘ္ဘာမြေပြင် ပြန်ရောက်ရင် သိပ္ပံပညာရှင်တွေ လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။

    လပေါ်ကိုရောက်တာနဲ့ တွေ့သမျှအရာတွေကို စူးစမ်းချင်တဲ့စိတ် ပြင်းပြနေတယ်လို့ အမ်းစထရောင်းက ၂၀၀၁ ခုနှစ် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    လမျက်နှာပြင်ဟာ အမေရိကန်က ခြောက်သွေ့တဲ့ သဲကန္တာရနဲ့ ဆင်တူပြီး၊ လေထုမရှိတာကြောင့် ဖုန်တွေကို ခြေထောက်နဲ့ ကန်ရင်တောင် ပျံ့လွင့်တာမရှိဘူးလို့ သူက ဆိုပါတယ်။

    ဓာတ်ပုံကတော့ လဆင်းယာဉ်အနားမှာ အမ်းထရောင်း ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။

    ၄။ ထူးထူးခြားခြား ဒီဇိုင်းထုတ်ခဲ့ရတဲ့အလံ

    Apollo 11 ခရီးစဉ်အတွင်း လပေါ်မှာ စိုက်ခဲ့တဲ့ အမေရိကန်အလံကို စီမံကိန်းရဲ့ နည်းပညာဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျက် ကင်ဇလာက ဒီဇိုင်းထုတ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

    လပေါ်မှာ လေမရှိတာကြောင့် ၃ ပေ၊ ၅ ပေ နိုင်လွန်အလံကို လွင့်နေတဲ့ပုံစံဖြစ်အောင် အလူမီနီယံချောင်းနဲ့ ပိုးထားရတာ ဖြစ်ပါတယ်။

    လပေါ်မှာတွေ့ရတဲ့ အမေရိကန်အလံတွေဟာ Apollo 11 က အလံမဟုတ်ဘဲ အဲဒီနောက်ပိုင်းသွားခဲ့တဲ့ ခရီးစဉ်တွေက စိုက်ထားတဲ့အလံတွေ ဖြစ်ပါတယ်။

    လဆင်းယာဉ်ငယ်ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်က ခရီးစဉ်ပြီးလို့ လဆင်းယာဉ်ငယ် ပျံတက်တဲ့အချိန် အင်ဂျင်တွန်းကန်အားကြောင့် အလံဟာ လမျက်နှာပြင်ပေါ်ကနေ ပြုတ်ထွက်သွားတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

    ဓာတ်ပုံက လပေါ်မှာစိုက်ထူထားတဲ့ အမေရိကန်အလံတိုင်အနီး ဘက်ဇ် အောလ်ဒရင် ရပ်နေတာ ဖြစ်ပါတယ်။

    ၅။ လကျောက်ခဲများ

    အမ်းစထရောင်းနဲ့ အောလ်ဒရင်တို့ဟာ လပေါ်ကနေ ကျောက်ခဲ ၄၇.၅၁ ပေါင်ကို ယူလာခဲ့ပါတယ်။

    အဲဒီကျောက်ခဲတွေကနေ အာမာလ်ကိုလိုက်၊ ထရန်ကွီလီတီယိုက်နဲ့ ပိုင်ရိုဖာရိုက်ဆိုတဲ့ ဓာတ်သတ္ထု ၃ မျိုးကို တွေ့ခဲ့ပါတယ်။

    အာမာလ်ကိုလိုက် သတ္တုကို လပေါ်က Sea of Tranquility (ထရန်ကွီလီတီပင်လယ်) မှာ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်း ကမ္ဘ္ဘာပေါ်မှာလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီသတ္တုကို အပိုလို ၁၁ က အာကာယာဉ်မှူးတွေ ဖြစ်တဲ့ အမ်းစထရောင်း၊ အောလ်ဒရင်နဲ့ ကောလင်းတို့ရဲ့ ထိပ်ဆုံးစာလုံးတွေကို ပေါင်းစပ် မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

    ၆။ အမ်းစထရောင်းနဲ့ ကမ္ဘ္ဘာကျော်စကား

    လပေါ်မှာ ပထမဆုံးခြေချပြီး နီးလ် အမ်းစထရောင်းပြောခဲ့တဲ့စကားဟာ ကမ္ဘ္ဘာကျော်စကား
    ဖြစ်လာပါတယ်။

    “လူသားတစ်ယောက်ရဲ့ ခြေရာအသေးလေးတစ်ခုက လူသားထုတစ်ရပ်လုံးအတွက် ကြီးကျယ်တဲ့ ခုန်ပျံကျော်လွှားမှု ဖြစ်ပါတယ်”

    ၂၀၀၁ ခုနှစ် အင်တာဗျူးမှာ အမ်းစထရောင်းက လပေါ်ကို ခြေချပြီးတဲ့နောက် ဘာပြောရမလဲဆိုတာကို တော်တော်စဉ်းစားခဲ့ရကြောင်း၊ အဲဒီစကားဟာ လူသားတစ်ယောက် ခြေလှမ်းတစ်ခုလှမ်းတာကို ရိုးရိုးလေးတွေးပြီး ပြောကြားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

    ဓာတ်ပုံကတော့ လပေါ်က ပထမဆုံး လူသားခြေရာ ဖြစ်ပါတယ်။

    ၇။ ကမ္ဘ္ဘာပေါ်ပြန်လာပြီးနောက် ကြုံတွေ့မှု

    အမ်းစထရောင်းတို့အဖွဲ့ ပြန်လည်လိုက်ပါလာတဲ့ အာကာသယာဉ်ဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ ဟာဝိုင်ယီကျွန်း အနောက်တောင်ဖက် မိုင် ၉၀၀ အကွာက မြောက်ပစိဖိတ် သမုဒ္ဒရာရေပြင်ပေါ်ကို ကျရောက်ခဲ့ပါတယ်။

    အမေရိကန် အမှတ် (၁၁) ရေအောက်ဖြိုခွဲရေးအဖွဲ့က ဗိုလ် ကလန်စီ ဟက်လီဘာ့ဂ်က သူတို့အဖွဲ့ကို သက်ကယ်လှေနဲ့ သွားခေါ်ခဲ့ပါတယ်။ အဲဒီနောက် ရှေ့ပြေးမော်တော်ဘုတ်နဲ့ လေယာဉ်တင်သင်္ဘော USS Hornet ဆီကို ခေါ်ဆာင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် လေတပ်ကလေယာဉ်နဲ့
    ဟူစတန်မြို့မှာရှိတဲ့ လေတပ်စခန်းကို ပို့ဆောင်ခဲ့ပါတယ်။

    အမ်းစထရောင်းတို့အဖွဲ့ဟာ လပေါ်ကပြန်လာပြီး ၂၁ ရက်လုံးလုံး သီးသန့်စောင့်ကြည့်အခန်းထဲမှာ နေထိုင်ခဲ့ရပြီး အဲဒီနောက်ပိုင်းမှသာ အပြင်နဲ့ ထိတွေ့ခွင့်ရတာ ဖြစ်ပါတယ်။

    ၈။ ရွေ့လျားပိုးသတ်ခန်း

    လပေါ်ကပါလာတဲ့ ပိုးမွှားတွေ လူသားတွေကို ကူးစက်မှာ စိုးရိမ်တဲ့အတွက် အမ်းစထရောင်းနဲ့အဖွဲ့ကို ရွေ့လျား ပိုးသတ်ခန်း MQF မှာ ၃ ပတ် ထားခဲ့ပါတယ်။

    အဲဒီသီးသန့်ခန်းမှာ အိပ်ခန်း၊ မီးဖိုဆောင်နဲ့ ချေချိုးခန်းတွေ ပါဝင်ပြီး၊ ပြင်ပနဲ့ ဆက်သွယ်ပြောဆိုလို့ ရအောင်လည်း စီစဉ်ထားပါတယ်။

    လပေါ်က ပိုးမွှားတွေ ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီလို ရွေ့လျား ပိုးသတ်ခန်းကို ဖန်းတီးထားတာ ဖြစ်ပေမယ့် လပေါ်မှာ သက်ရှိပိုးမွှားတွေ မရှိဘူးဆိုတာ သေချာပြီးတဲ့နောက် Apollo 14 ခရီးစဉ်နောက်ပိုင်းမှာ ဒီလို သီးသန့်ထား ပိုးသတ်တဲ့အစီအစဉ်ကို မလုပ်ဆောင်တော့ပါဘူး။

    ဓာတ်ပုံက အာကာသယာဉ်မှူး ၃ ဦးဟာ အဲလင်တန် လေတပ်စခန်းမှာ ဇနီးတွေနဲ့ စကားပြောနေပုံ ဖြစ်ပါတယ်။

    ၉။ အကောက်ခွန်ဖောင် ဖြည့်ခဲ့ရ

    လကမ္ဘ္ဘာကနေ ပြန်လာပြီး ဟိုနိုလူလူကိုရောက်တဲ့အခါ အာကာသယာဉ်မှူး ၃ ဦးစလုံးဟာ
    အကောက်ခွန်နဲ့ လ၀က ဖောင်တွေ ဖြည့်ခဲ့ရပါတယ်။

    အကောက်ခွန်ဖောင်က ယူဆောင်ပစ္စည်းနေရာမှာ ‘လကမ္ဘ္ဘာက ကျောက်တုံးနှင့် မြေကြီး နမူနာများ’ လို့ ဖြည့်ခဲ့သလို၊ ‘အာကာသယာဉ်ထဲက အခြေအနေကြောင့် ရောဂါတွေ ပြန့်နှံ့နိုင်လား’ ဆိုတဲ့ မေးခွန်းကို ဆန်းစစ်ရအုံးမယ်လို့ ဖြည့်ခဲ့ပါတယ်။

    ၁၀။ စံချိန်တင် ကြည့်ရှုမှု

    လပေါ်ကိုလူဆင်းတဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသချက်ကို ကမ္ဘ္ဘာတစ်ဝှမ်းက လူပေါင်း သန်း ၆၅၀ လောက် ကြည့်ရှုခဲ့ပြီး အမေရိကန်မှာ ယနေ့အချိန်အထိ ရုပ်သံက လူကြည့်အများဆုံး အဖြစ်အပျက်အဖြစ် မှတ်တမ်း ၀င်နေပါတယ်။

    အမ်းစထရောင်းဟာ တီဗီကင်မရာကို လဆင်းယာဉ်ရဲ့ ပေ ၃၀ အကွာမှာထားခဲ့ပြီး တစ်စက္ကန့်ကို ၅၁.၂ ကီလိုဘစ်နှုန်းနဲ့ ကမ္ဘ္ဘာမြေကို ဆစ်ဂနယ်ပို့လွှတ်တာ ဖြစ်ပါတယ်။

    ပုံက လပေါ်မှာ အာကာသယာဉ်မှူး အောလ်ဒရင်ရဲ့ လေတိုက်နှုန်း စပ်သပ်နေမှု ဖြစ်ပါတယ်။

    ၁၁။ ၀မ်းနည်းကြောင်းပြောဖို့ ပြင်ဆင်ထား

    အဲဒီအချိန်က အမေရိကန်သမ္မတ ရစ်ချက် နစ်ဆန်ဟာ အမ်းစထရောင်းနဲ့ ဘက်ဇ် အောလ်ဒရင်တို့ လပေါ်ဆင်းသက်မှု မအောင်မြင်ရင် နှစ်သိမ့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

    မိန့်ခွန်းရေးပေးတဲ့ ဝီလီယံ စဖိုင်းယားက ခရီးစဉ် မအောင်မမြင်ဖြစ်ရင် အာကာသယာဉ်မှူးတွေရဲ့ ဇနီးသည်တွေကို ဖုန်းဆက်ပြီး ၀မ်းနည်းကြောင်း အရင်ပြောဖို့ အကြံပြုခဲ့ပါတယ်။

    နှစ်သိမ့်မိန့်ခွန်းကို “လပေါ်မှာ ငြိမ်းချမ်းမှု သွားရောက်ရှာဖွေကြသူတွေကို ကံတရားက မျက်နှာသာ မပေးခဲ့ပါဘူး။ လပေါ်မှာပဲ ငြိမ်းအေးရာဘုံဘ၀ကို ရောက်ရှိသွားကြပါပြီ” ဆိုတဲ့ စာကြောင်းနဲ့ အစပြုထားပါတယ်။

    ‘သူတို့ရဲ့ စွန့်လွှတ်စတေးမှုဟာ လူသားတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်’ ဆိုတဲ့ စာကြောင်းလည်း ပြင်ဆင်ထားတဲ့ နှစ်သိမ့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။

    နာဆာက အာကာသယာဉ်မှူးတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားရင် ခရစ်ယာန်ဘုန်းကြီးတွေက ဆုတောင်းပေးဖို့လည်း စဖိုင်းယားက စီစဉ်ထားပါတယ်။

    ဓာတ်ပုံက သမ္မတ နစ်ဆင်ဟာ လပေါ်က အောလ်ဒရင်၊ အမ်းစထရောင်းတို့နဲ့ စကားပြောနေပုံကို တီဗီက ထုတ်လွှင့်နေမှု ဖြစ်ပါတယ်။

    ၁၂။ ကမ္ဘ္ဘာတစ်ပတ် အောင်ပွဲခံ

    အမ်းစထရောင်းတို့ဟာ ကမ္ဘ္ဘာတစ်ဝှမ်း ၂၄ နိုင်ငံက မြို့ပေါင်း ၂၇ မြို့ကို Air Force Two လေယာဉ်နဲ့ ၄၅ ရက်ကြာ အောင်ပွဲခံခရီး လှည့်လည်ခဲ့ပါတယ်။

    လှည့်လည်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ဂျပန်၊ မက္ကဆီကို၊ ပါကစ္စတန်၊ ကနေရီကျွန်း၊ ကွန်ဂိုနဲ့ အီရန်နိုင်ငံတွေ ပါဝင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၊ တော်ဝင်မိသားစုတွေ၊ အစိုးရတာရှိသူတွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ပုံကတော့ နယူးယောက်မြို့က ဘရော့ဝေးလမ်းမှာ လှည့်လည်နေမှု ဖြစ်ပါတယ်။

    Ref: Reuters

  • “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” –  အီရန်နိုင်ငံခြားရေးဝန်ကြီး

    “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” – အီရန်နိုင်ငံခြားရေးဝန်ကြီး

    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media

    -နျူအရေး ထပ်မံဆွေးနွေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ရှုတ်ချခဲ့ပြီး အမေရိကန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေကို လက်နက်ရောင်းကာ အရှေ့အလယ်ပိုင်းကို ပြိုကွဲအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    အခုတစ်ပတ် ကုလသမဂ္ဂ အစည်းအဝေးကို တက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေစဉ် အမေရိကန်ရုပ်သံ NBC နဲ့ အင်တာဗျူးမှာ ဇာရစ်ဖ်ကအမေရိကန်နဲ့ အီရန်တို့အကြား ကိစ္စရပ်တွေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံအကြား ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ်မေလမှာ ကြေငြာခဲ့ပြီး၊ နောက်ပိုင်းမှာတော့ နျူအရေး ပြန်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် ဆွေးနွေးမှုမှာ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကိုပါ ထည့်သွင်းဖို့ လိုလားနေတာပါ။

    ဇာရစ်ဖ်ကတော့ ၂၀၁၅ စာချုပ်က နှုတ်ထွက်ပြီးနောက်ပိုင်း အီရန်အပေါ် ပြန်လည်လုပ်ဆောင်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမှသာလျှင် အမေရိကန်နဲ့ ညှိနှိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးတို့ကိုလည်း ဇာရစ်ဖ်က ဝေဖန်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ဒုံးကျည်စီမံကိန်းအကြောင်း ပြောချင်ရင်၊ အမေရိကန်က ကျွန်တော်တို့ဒေသမှာ ရောင်းချတဲ့ လက်နက်တွေရဲ့ ပမာဏကိုလည်း ထည့်ပြောဖို့ လိုလိမ့်မယ်။ လူဦးရေ သန်း ၈၀ ရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်တပ်အတွက် ကန်ဒေါ်လာ ၁၆ ဘီလီယံ သုံးခဲ့တယ်။ လူတစ်သန်းလောက်သာရှိတဲ့ ယူအေအီးက ၂၂ ဘီလီယံသုံးတယ်။ ကျွန်တော့်ရဲ့ တစ်ဝက်လောက်ပဲ
    လူရှိတဲ့ ဆော်ဒီက ၆၇ ဘီလီယံသုံးတယ်။ အများစုက အမေရိကန်ထံကနေ လက်နက်တွေဝယ်တာ”

    အမေရိကန်ရဲ့ လက်နက်တွေကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ ပေါက်ကွဲလုနီးနီး ဖြစ်နေပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အဲဒီတော့ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်တွေအကြောင်း ပြောချင်ရင် ပထမဆုံး ဒုံးကျည်တွေအပါအ၀င် ကျွန်တော်တို့ဒေသမှာ လက်နက်ရောင်းတာတွေအားလုံးကို ပထမဆုံး ရပ်ဖို့ လိုပါလိမ့်မယ်”

    အင်္ဂါနေ့ အိမ်ဖြူတော်က အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက အီရန်ဟာ ဒုံးကျည်ကိစ္စအတွက် ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့်ရှိနေပြီလို့ ပြောကြားခဲ့သလို၊ သမ္မတ ထရမ့်ကလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့ ဒီပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    တံခါးဖွင့်ထားတယ်

    NBC သတင်းထောက်က အရှေ့အလယ်ပိုင်းဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အီရန်က ထောက်ပံ့နေမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဇာရစ်ဖ်က အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆော်ဒီရဲ့ လုပ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။

    “ကျွန်တော် မေးကြည့်အုံးမယ်။ ယီမင်ကို ဘယ်သူဗုံးကြဲနေတာလဲ။ ဘာရိန်းကို ဘယ်သူ ကျူးကျော်တာလဲ။ တစ်ခြားတိုင်းပြည်ရဲ့ ၀န်ကြီးချုပ်တစ်ယောက်ကို အကျဉ်းချထားတာရော ဘယ်သူလဲ။ မြောက်အာဖရိကပြဿနာမှာ အီရန်ပါလား။ လစ်ဗျားက ပြဿနာရော ဘယ်သူလုပ်တာလဲ။ အီရန်က လစ်ဗျားကိစ္စမှာ ပါလို့လည်း။ ဆူဒန်မှာရော … အလ်ဂျီးရီးယားမှာရော … မတည်ငြိမ်မှုတွေ ဘာ့ကြောင့်ဖြစ်နေတာလဲ။ ကျွန်တော်တို့ဒေသမှာ မလိုမုန်းထားလုပ်ရပ်တွေကို ဘယ်သူလုပ်နေတာလဲဆိုတာ မှန်မှန်ကန်ကန်ကြည့်ဖို့ လိုပါတယ်။ အမေရိကန်အနေနဲ့ အီရန်ကို ပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့မဟာမိတ်တွေကို ဆန်းစစ်ဖို့ လိုပါတယ်”

    အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ဇာရစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပြီး၊ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားကာ ဆွေးနွေးပွဲလုပ်ဖို့ ထရမ့်ကို တိုက်တွန်းခဲ့ပါတယ်။

    “ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ရင် ညှိနှိုင်းဖို့အတွက် တံခါးလည်း ကျယ်ကျယ်ပွင့်သွားမှာပါ။ စားပွဲဝိုင်းကနေထွက်သွားတာက အမေရိကန်ပါ။ ပြန်လာဖို့ အမြဲတမ်း ကြိုဆိုနေပါတယ်”

    ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်

    အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်း တစ်စင်းကို အီရန် ဇွန်လအတွင်းမှာ ပစ်ချခဲ့ပြီးတဲ့နောက် သမ္မတထရမ့်က လက်တုန့်ပြန်တဲ့ အနေနဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့ နာရီပိုင်းအလိုမှာ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

    ဒီလို ရုပ်သိမ်းမှုဟာ သံတမန်နည်းလမ်းနဲ့ သွားမယ်ဆိုတဲ့ သတင်းစကားတစ်ခု ဖြစ်မလားလို့ NBC သတင်းဌာနက မေးမြန်းရာမှာ ဇာရစ်ဖ်က သူ့အနေနဲ့ ဒီလိုမယူဆဘဲ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ တိုင်းပြည်တစ်ခုအပေါ် ရန်စကျူးကျော်မှု မလုပ်ဖို့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အီရန်ဟာ ကိုယ်ပိုင်ရင်းမြစ်တွေ၊ လုပ်နိုင်စွမ်းတွေနဲ့ ကိုယ်ပိုင်ပါရမီတွေကို အားကိုးပြီး တစ်ဖက်လှည့် ဖိအားတွေ၊ ကျူးကျော်မှုတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာသွားမှာပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးတဲ့နောက် အမေရိကန်ဟာ အီရန်အပေါ် အရင်ကထက် ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် အီရန်စီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သလို၊ အရေးပါတဲ့ ဆေးဝါး ပြတ်လတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

    ဇာရစ်ဖ်ကတော့ ဒီဆောင်ရွက်မှုဟာ အီရန်ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဖိအားတွေ ပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာပါ။ သာမန် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒါဟာ စစ်တိုက်တာထက် ဆိုးပါတယ်”

    လေသံပျော့

    ထရမ့်က အမေရိကန်အနေနဲ့ အီရန်အစိုးရ ပြုတ်ကျအောင် ဆောင်ရွက်နေတာ မဟုတ်ဘဲ နျူလက်နက်မရအောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်နဲ့ အမေရိကန်တို့ရဲ့ လတ်တလောတင်းမာမှုမှာ ထရမ့်ရဲ့လေသံ ပျော့သွားတာလည်း ဖြစ်ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ ၂၀၁၅ သဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်တွေကို လိုက်နာမှု မရှိတာကြောင့်၊ မိမိတို့လည်း စာချုပ်ပါ ကန့်သတ်ချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဥရောပနိုင်ငံတွေဟာ သဘောတူညီချက် ၁၁ ချက်မှာ တစ်ခုမှ လိုက်နာခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လိုမဟုတ်ဘဲ ကတိက၀တ်တွေကို လိုက်နာပါတယ်။ အခုတော့ အဲဒီ ကတိက၀တ်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ပြောတော့ သူတို့က လက်မခံဘူး။ လေးစားမှုမရှိတဲ့သူတွေ။ သူတို့ကြတော့ ကတိမတည်ကြဘူး”

    နျူလက်နက် ထုတ်လုပ်နေတယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်တွေကို အီရန်က တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက်တွေ လိုက်နာမှုကို တစ်ဖြည်းဖြည်း လျော့ချသွားပေမယ့် အမေရိကန် စာချုပ်ထဲ ပြန်ပါလာရင် မိမိတို့လည်း စာချုပ်အတိုင်း ဆက်သွားမယ်လို့လည်း အီရန်က ပြောကြားထားပါတယ်။

    Ref: Aljazeera

  • လူအုပ်ကို ကားဖြင့်တိုက်သည့် လူဖြူအစွန်းရောက် ထောင်ဒဏ်တစ်သက် နှစ်ထပ်ကွမ်း ချမှတ်ခံရ

    လူအုပ်ကို ကားဖြင့်တိုက်သည့် လူဖြူအစွန်းရောက် ထောင်ဒဏ်တစ်သက် နှစ်ထပ်ကွမ်း ချမှတ်ခံရ

    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media

    -၂၀၁၇ ခုနှစ် သြဂုတ်လက ဆန္ဒပြလူအုပ်ကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်ကို အမေရိကန်တရားရုံးက ဒုတိယမြောက် တစ်သက် တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် ဂျိမ်းစ် အဲလက် ဖီးလ်ဒ်ဟာ ချားလော့စ်ဗီလီမြို့က ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ကို ကားနဲ့ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အသက် ၃၂ နှစ်အရွယ် ဟီသာဟေယာဆိုတဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး လူတစ်ချို့ ဒဏ်ရာရခဲ့ပါတယ်။

    ဖီးလ်ဒ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့အတွက် မတ်လမှာ ပြည်ထောင်စုတရားရုံးက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်မဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

    မနေ့မှာတော့ ပြည်နယ်တရားရုံးက လူသတ်မှု၊ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိစေမှု စွဲချက် ၈ ခုအတွက် ဖီးလ်ဒ်ကို ထောင်ဒဏ်တစ်သက်နဲ့ ၄၁၉ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ တရားသူကြီး ရစ်ချက်မိုးက ဒီပြစ်ဒဏ်ဟာ ဖီးလ်ဒ်လုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခွဲထွက်ရေးလိုလားတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ရုပ်တုကို ဖယ်ရှားဖို့ ချားလော့ဗီလီမြို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းက လူဖြူအစွန်းရောက်တွေနဲ့ နာဇီလက်သစ် အုပ်စုတွေဟာ ချားလော့ဗီလီကို လာရောက်ပြီး Unite the Right ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဒေသခံတွေကလည်း ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို တန်ပြန်လုပ်ဆောင်ခဲ့ပြီး လူဖြူအစွန်းရောက်တွေနဲ့ တန်ပြန်ဆန္ဒပြသူတွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း လူ ၁၈ ဦး သေဆုံးခဲ့ပြီး၊ အမုန်းခြေပြု ရာဇ၀တ်မှုတွေလည်း ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ FBI က ထုတ်ပြန်ခဲ့ပါတယ်။

    လူဖြူအစွန်းရောက်တွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း Unite the Right ခေါင်းစဉ်နဲ့ ဝါရှင်တန်မှာ ချီတက် ဆန္ဒပြခဲ့ကြပြီး တန်ပြန်ဆန္ဒပြသူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    Ref: Aljazeera

  • အမျိုးသမီးလွှတ်တော်အမတ်များအပေါ် လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့် ဝေဖန်ခံနေရ

    အမျိုးသမီးလွှတ်တော်အမတ်များအပေါ် လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့် ဝေဖန်ခံနေရ

    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media

    ထရမ့်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် ဌာနေအမေရိကန်များ

    -ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေကို စော်ကားရေးသားခဲ့တဲ့ Twitter က မှတ်ချက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

    သိပ်ကို တော်လွန်း၊ တတ်လွန်းနေတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေအနေနဲ့ မူရင်းနိုင်ငံကိုပြန်ကြဖို့ ထရမ့်က ရေးသားခဲ့တာဖြစ်ပြီး အမည်ဖော်ပြခဲ့ခြင်း မရှိပေမယ့် သူ့အစိုးရကို ဝေဖန်တဲ့ အလက်ဇန်ဒရီးယား အိုကာဆီယို ကော်တက်ဇ်၊ အီလ်ဟမ်အိုမာ၊ အေယန်နာ ပရက်စလေနဲ့
    ရရှီဒါ တာလစ်ဘ်တို့ကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

    ကော်တက်ဇ်ဟာ နယူးယောက်ကအမတ်ဖြစ်ပြီး၊ အီလ်ဟမ်အိုမာက မင်နီဆိုတာ၊ ပရက်စလေက မက်ဆာချူးဆက်၊ တာလစ်ဘ်က မီချီဂန်ကိုယ်စားပြု အမတ်တွေ ဖြစ်ပါတယ်။ ကော်တက်ဇ်ဟာ နယူးယောက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ပေါ်တိုရီကိုအနွယ် ဖြစ်ပြီး၊ ပရက်စလေက မက်ဆာချူးဆက်မှာမွေးတဲ့ လူမည်းအမျိုးသမီးဖြစ်ပါတယ်။ ပါလက်စတိုင်းနွယ်ဖွား တာလစ်ဘ်က ဒီထရွိုက်မြို့မှာ မွေးဖွားခဲ့သူပါ။ အီလ်ဟမ် အိုမာက ဆိုမာလီနွယ်ဖွားဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ကင်ညာနိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံကာ အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    “အစိုးရတွေ ဘ၀ပျက်နေပြီး၊ ခြစားမှု၊ ဖရိုဖရဲဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတွေကလာတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေ ‘တော်လွန်း တက်လွန်းနေတာကို’ တွေ့ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အင်အားအတောင့်တင်းဆုံး အမေရိကန်က ပြည်သူတွေကို အစိုးရက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အော်ကျယ်အော်ကျယ်လုပ်နေတယ်။ ပျက်ဆီးနေတဲ့ ရာဇ၀တ်မှုထူပြောနေတဲ့ ခင်ဗျားတို့ရဲ့ မူရင်းတိုင်းပြည်ကို ပြန်ပြီး ဒါတွေကို မပြင်ဆင်ကြဘူးလား” လို့ Twitter စာမျက်နှာမှာ ထရမ့်က ရေးသားခဲ့တာပါ။

    လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီက ထရမ့်ရဲ့ ဒီရေးသားမှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ထရမ့်ဟာ အမေရိကန်ကို လူဖြူတိုင်းပြည်အဖြစ် ဆောင်ရွက်ချင်နေတာလို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ်အမတ်တွေကလည်း ထရမ့်ကို ဝေဖန်ခဲ့ကြပါတယ်။

    ထရမ့်ရဲ့ပေါ်လစီတွေကို ဝေဖန်လေ့ရှိပြီး မကြာခင်ကမှ ရီပက်ဘလစ်ကန်ပါတီကနေ နှုတ်ထွက်သွားခဲ့တဲ့ ဂျပ်စတင် အေမက်ရှ်က ထရမ့်ရဲ့ ဒီမှတ်ချက်ဟာ ‘စက်ဆုပ်စရာကောင်းတဲ့ လူမျိုးရေးခွဲခြားမှုစကား’ လို့ ပြောကြားခဲ့ပါတယ်။

    အရင်က လူမျိုးရေးခွဲခြားမှုဝါဒ ထွန်းကားခဲ့တဲ့ အမေရိကန်မှာ လူဖြူတွေက လူမည်းတွေကို အာဖရိကပြန်လို့ ပြောကြားတာမျိုး ရှိခဲ့ဖူးပြီး ထရမ့်ရဲ့ အခုမှတ်ချက်က အဲဒီလိုပုံစံဖြစ်နေတယ်လို့ ဖေ၀န်မှုတွေလည်း ရှိလာပါတယ်။

    “မင်းတို့လာတဲ့နိုင်ငံကိုပြန်ကြ – လို့ ပြောတဲ့ထုံးစံမျိုး အမေရိကန်မှာ ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ မကောင်းတဲ့ ထုံးစံဖြစ်ပြီး ဖယ်ရှားပစ်ရပါမယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ပြောင်းရွှေ့အခြေချတဲ့သူတွေနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ ဒီလိုပြောဆိုမှုတွေ တိုင်းပြည်မှာ နှစ်ရာနဲ့ချီ ရှိခဲ့ပေမယ့် သမ္မတတစ်ယောက်ရဲ့ပါးစပ်က ထွက်မလာသင့်ပါဘူး” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။

    သူဟာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ၀င်ပြိုင်မယ့် သမ္မတလောင်းလည်း ဖြစ်ပါတယ်။

    ထရမ့်ဟာ အရင်တုန်းကလည်း လူမျိုးရေးခွဲခြားစော်ကားတဲ့စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။ သမ္မတဟောင်း ဘာရက်အိုဘားမားကို လူမျိုးရေးအရ ထိုးနှက်တိုက်ခိုက်ဖူးသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုမှာလည်း မက္ကဆီကန်တွေကို မုဒိမ်းကောင်တွေအဖြစ် ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အိမ်ဖြူတော်က ပြောင်းရွှေ့အခြေချမှုဆိုင်ရာ အစည်းအဝေးမှာ ထရမ့်က ဟေတီ၊ အလ်ဆာဗေဒိုးနဲ့ အခြား အာဖရိကနိုင်ငံတွေကို ‘ချီးထုပ်တိုင်းပြည်တွေ’ လို့ သမုတ်ခဲ့ပြီး ဒီနိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေ ဘာ့ကြောင့် အမေရိကန်ကို အုံလိုက်ကျင်းလိုက် ၀င်လာလဲဆိုတာ စဉ်းစားမရဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်

    ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်

    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ ၀ယ်ထားတဲ့ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ပို့ဆောင်မှုတွေ ရောက်ရှိလာပြီလို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ ဒီအစိတ်အပိုင်းတွေကို မြို့တော် အန်ကာရာအပြင်ဘက်မှာရှိတဲ့ မူရ်တဒ် လေတပ်စခန်းမှာ ထားရှိပါတယ်။

    “ဒုံးခွင်းစနစ်က ကျန်တဲ့အစိတ်အပိုင်းတွေဟာ လာမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့အတိုင်း အသုံးပြုမှာဖြစ်ပါတယ်” လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က
    သီးခြား ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

    နည်းပညာမြင့် ဒုံးခွင်းစနစ်လို့ သတ်မှတ်ထားတဲ့ S-400 ကို တူရကီက အခုနှစ် အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမှုအတွက် အမေရိကန်က တူရကီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး F-35 တိုက်လေယာဉ်ရောင်းချမှု၊ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမှု၊ လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုမှာ တူရကီရဲ့ ပါဝင်မှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေပါ ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။

    မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီမှာ S-400 စနစ် ရောက်လာတာဟာ သူတို့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ယူဆနေပါတယ်။

    Ref: Aljazeera