News @ M-Media

Tag: US

  • ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်

    ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်

    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ ၀ယ်ထားတဲ့ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ပို့ဆောင်မှုတွေ ရောက်ရှိလာပြီလို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ ဒီအစိတ်အပိုင်းတွေကို မြို့တော် အန်ကာရာအပြင်ဘက်မှာရှိတဲ့ မူရ်တဒ် လေတပ်စခန်းမှာ ထားရှိပါတယ်။

    “ဒုံးခွင်းစနစ်က ကျန်တဲ့အစိတ်အပိုင်းတွေဟာ လာမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့အတိုင်း အသုံးပြုမှာဖြစ်ပါတယ်” လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က
    သီးခြား ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

    နည်းပညာမြင့် ဒုံးခွင်းစနစ်လို့ သတ်မှတ်ထားတဲ့ S-400 ကို တူရကီက အခုနှစ် အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမှုအတွက် အမေရိကန်က တူရကီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး F-35 တိုက်လေယာဉ်ရောင်းချမှု၊ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမှု၊ လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုမှာ တူရကီရဲ့ ပါဝင်မှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေပါ ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။

    မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီမှာ S-400 စနစ် ရောက်လာတာဟာ သူတို့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ယူဆနေပါတယ်။

    Ref: Aljazeera

  • အမျိုးသမီး ကမ္ဘ္ဘာ့ဖလားတွင် အမေရိကန်ဗိုလ်စွဲပြီး၊ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်ဗိုလ်စွဲ

    အမျိုးသမီး ကမ္ဘ္ဘာ့ဖလားတွင် အမေရိကန်ဗိုလ်စွဲပြီး၊ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်ဗိုလ်စွဲ



    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    -မနေ့က ကစားခဲ့တဲ့ ကိုပါအမေရိက နောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းက ပီရူးအသင်းကို အနိုင်ရခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ အဲဗာတန် ဆိုအာရက်စ်၊ ဂါဘရီယဲလ် ဂျီးဆက်စ်နဲ့ ရီချာလီဆန်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာပါ။ အဲဗာတန်ဟာ ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသလို၊ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    ဘရာဇီးလ် ညာနောက်ခံလူ ဒါနီ အဲလ်ဗက်စ်က ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။

    ပီရူးဟာ အုပ်စုတွင်းမှာလည်း ဘရာဇီးလ်ကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပီရူးအသင်း ကိုပါအမေရိကဖလားကို နောက်ဆုံးရှိခဲ့တာဟာ ၁၉၇၅ ခုနှစ်မှာဖြစ်ပြီး အဲဒါဟာ သူတို့ရဲ့ ဒုတိယမြောက် ကိုပါအမေရိကဖလား ဖြစ်ပါတယ်။

    ဘရာဇီးလ်ကတော့ ကိုပါအမေရိကဖလားကို ၉ ကြိမ်မြောက် ရရှိတာဖြစ်ပြီး၊ ဘရာဇီးလ်မြေမှာ ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခြင်းပါ။

    ချန်ပီယံဘွဲ့ ကာကွယ်တဲ့ အမေရိကန်

    မနေ့က ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက နယ်သာလန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံဘွဲ့ကို
    ကာကွယ်နိုင်ခဲ့ပါတယ်။

    အမေရိကန်အတွက် အနိုင်ဂိုးတွေကို မီဂန် ရာပီနိုးနဲ့ ရို့စ် လာဗီလီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘ္ဘာ့ဖလားမှာ ဂျာမနီပြီးတဲ့နောက် အမေရိကန်ဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    အမေရိကန်ဟာ ၁၉၉၁၊ ၁၉၉၉ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း ဗိုလ်စွဲဖူးပါတယ်။ အခုနှစ်ကျင်းပတဲ့
    ပြိုင်ပွဲဟာ အမျိုးသမီး ကမ္ဘ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် စိတ်ဝင်စားမှုအများဆုံး ရရှိခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

    Ref: Aljazeera



  • ကယ်လီဖိုးနီးယားတွင် ၂ ရက်အတွင်း အကြိမ် ၈၀ ကျော် ငလျင်လှုပ်

    ကယ်လီဖိုးနီးယားတွင် ၂ ရက်အတွင်း အကြိမ် ၈၀ ကျော် ငလျင်လှုပ်

    ဇူလိုင် ၆၊ ၂၀၁၉
    M-Media

    -ကြာသာပတေးနေ့က ၂၅ နှစ်အတွင်း အပြင်းဆုံးငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မနေ့က အင်းအားပြင်း ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါတယ်။

    ပြင်းအား ၆.၄ မဂ္ဂနီကျုရှိတဲ့ ကြာသာပတေးနေ့က ငလျင်ကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကာ နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး၊ လူတစ်ချို့ ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အဦးနံရံတွေ အက်ကွဲမှု၊ ကားလမ်းတွေ အက်ကွဲကာ မြေအောက်ရေပိုက်တွေ ပေါက်ပြီး ရေစိမ့်ထွက်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ဒဏ်ကို လူ သန်း ၂၀ လောက်ခံစားခဲ့ရပြီး လူ ၂၈၀၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

    ဒါဟာ လူ ၅၇ ဦး သေဆုံးပြီး ဒေါ်လာ ဘီလီယံချီ ပျက်စီးဆုံးရှုံးခဲ့တဲ့ ၁၉၉၄ ခုနှစ် ငလျင်နောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အပြင်းဆုံး ငလျင်လည်း ဖြစ်ပါတယ်။ ကြာသာပတေးနေ့နောက်ပိုင်း နောက်ဆက်တွဲငလျင်ပေါင်း ၈၀ လောက်လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅.၄ မဂ္ဂနီကျုရှိတဲ့ မနေ့က ငလျင်ဟာ အပြင်းဆုံး ဖြစ်ပါတယ်။

    ငလျင်ဒဏ်ကို အဓိကခံစားခဲ့ရတဲ့ ရစ်ဂ်ျခရက်စ်မြို့ မြို့တော်ဝန် ပစ်ဂျီ ဘရီဒန်က ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အာဏာပိုင်တွေက ဆန်းစစ်နေပြီး ရှင်းလင်းရေးလုပ်ငန်း၊ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်စမ်းသပ်မှု အမေရိကန် ဝေဖန်

    တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်စမ်းသပ်မှု အမေရိကန် ဝေဖန်

    ဇူလိုင် ၃၊ ၂၀၁၉
    M-Media

    -အငြင်းပွား တောင်တရုတ်ပင်လယ်မှာ တရုတ်က ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအတွက် စိတ်ပျက်မိပြီး ဒါဟာ ပိုင်နက်အငြင်းပွားနေတဲ့ ဒေသမှာ စစ်ဖက်ဆိုင်ရာနေရာ မလုပ်ဘူးဆိုတဲ့ ကတိက၀တ်တွေကို ဆန့်ကျင်ရာရောက်တယ်လို့ အမေရိကန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကုန်သွယ်ရေးစစ်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ထိုမ်ဝမ်ကိစ္စတွေအပါအ၀င် တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အဓိက အကြောင်းအရာတွေထဲမှာ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စလည်း ပါဝင်ပါတယ်။ တရုတ်ဟာ ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့အပါအ၀င် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်မှာ
    ပိုင်ဆိုင်မှု အငြင်းပွားနေတာပါ။

    အငြင်းပွားကျွန်းတစ်ချို့မှာ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်တာ၊ ကျွန်းအတုတွေ ဆောက်လုပ်တာတွေကို တရုတ်က လုပ်ဆောင်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မကြာခဏ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။

    အမေရိကန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဒေ့ဗ် အီတ်စ်ဘန်းက တရုတ်ဟာ အငြင်းပွား Spratly ကျွန်းမှာ ပြီးခဲ့တဲ့တစ်ပတ်က သင်္ဘောဖျက်ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်ဆိုတာကို မိမိတို့ သိရှိခဲ့ကြောင်း၊ ဒါဟာ ဒေသတွင်း ငြိမ်းချမ်းအောင် ဆောင်ရွက်ချင်တဲ့ဆိုတဲ့ တရုတ်ရဲ့ ပြောကြားမှုတွေနဲ့ ကွဲလွဲကာ အငြင်းပွားနေတဲ့ အခြားနိုင်ငံတွေကို စိန်ခေါ်တာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို NBC သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး၊ တရုတ်အစိုးရကတော့ ဒီအတွက် မှတ်ချက်မပေးသေးပါဘူး။

    Ref: Reuters

  • ကင်-ထရမ့် တတိယမြောက်တွေ့ဆုံမှုမှာ ဘာတွေ သဘောတူခဲ့သလဲ

    ကင်-ထရမ့် တတိယမြောက်တွေ့ဆုံမှုမှာ ဘာတွေ သဘောတူခဲ့သလဲ

    ဇူလိုင် ၁၊ ၂၀၁၉
    M-Media

    မြောက်ကိုရီးယားသို့ အမေရိကန်သမ္မတ ခြေချစဉ်

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဇွန်လ ၃၀ ရက် (မနေ့က) ကိုရီးယားနှစ်နိုင်ငံ စစ်မက်ဇုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒါဟာ သမိုင်းဝင်တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ထရမ့်ဟာ ကင်နဲ့တွေ့ဆုံဖို့ ဇွန်လ ၂၉ ရက်နေ့ကမှ Twitter စာမျက်နှာကတစ်ဆင့် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကြောင့် ထရမ့်ဟာ မြောက်ကိုရီးယားဖက်ကို ပထမဆုံး ခြေချတဲ့ ရာထူးလက်ရှိ အမေရိကန်သမ္မတအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

    ဘာတွေ ဆွေးနွေးခဲ့သလဲ

    ထရမ့်နဲ့ ကင်တို့ရဲ့ အခုတစ်ကြိမ် တွေ့ဆုံမှုဟာ တစ်နှစ်ကျော်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က စင်ကာပူနိုင်ငံမှာ တွေ့ဆုံစဉ် ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စ ဆောင်ရွက်ဖို့ နှုတ်အားဖြင့် သဘောတူခဲ့ကြပြီး နောက်ပိုင်းမှာ တိုးတက်မှုတစ်ချို့လည်း ရှိခဲ့ပါတယ်။ အခုနှစ်အစောပိုင်း ဗီယက်နမ် တွေ့ဆုံပွဲမှာတော့ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရေး ကင်ရဲ့ တောင်းဆိုမှုကို ထရမ့်က မလိုက်လျောခဲ့တဲ့အတွက် ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။

    အဲဒီတွေ့ဆုံပွဲအပြီး နှစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    မနေ့က တွေ့ဆုံမှုအတွင်း ကင်က လက်ဆွဲနှုတ်ဆက်မှုကို ‘ငြိမ်းချမ်းရေး နှုတ်ဆက်မှု’ လို့ ကင်ပွန်းတပ်ခဲ့ပြီး တောင်-မြောက် နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့နေရာမှာ အခုလို တွေ့ဆုံနိုင်မှုက မိမိတို့အနေနဲ့ အတိတ်ကို အတိတ်မှာသာထားခဲ့ဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ကလည်း မြောက်ကိုရီးယားဖက်ကို ခြေချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုတွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားရဲ့ နျူစီမံကိန်းကိစ္စအတွက် ရပ်ဆိုင်းနေတဲ့ လုပ်ငန်းအဆင့် ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်ဖို့ ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။ ကင်ကို အိမ်ဖြူတော်လာဖို့ ထရမ့်က ဖိတ်ခေါ်ခဲ့ပြီး လာချင်တဲ့အချိန် လာရောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်နဲ့ ကင်တို့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နိုင်ငံရေး ကျွမ်းကျင်သူတွေမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။ အေးနေတဲ့ နျူအရေး ဆွေးနွေးမှု ပြန်လန်အရှိန်ရလာစေမယ့် ဆွေးနွေးမှုမျိုးလို့ ယူဆကြသလို၊ အမြင်ကောင်းစေဖို့ ဆောင်ရွက်မှုလို့လည်း ဆိုကြပါတယ်။

    Ref: AP