News @ M-Media

Tag: US

  • လူအုပ်ကို ကားနှင့်ဝင်တိုက်သည့် လူဖြူအမျိုးသားရေးအစွန်းရောက်ကို အမေရိကန်က   ထောင်တစ်သက်ချ

    လူအုပ်ကို ကားနှင့်ဝင်တိုက်သည့် လူဖြူအမျိုးသားရေးအစွန်းရောက်ကို အမေရိကန်က ထောင်တစ်သက်ချ

    ဇွန် ၃၀၊ ၂၀၁၉
    M-Media

    နာဇီဆန့်ကျင်ရေးလူအုပ်ကို ကားဖြင့်ဝင်တိုက်ခဲ့သည့် လူဖြူအမျိုးသားရေးဝါဒီ ဂျိမ်းစ် အဲလက်စ်ဖီးလ်ဒ်

    -၂၀၁၇ ခုနှစ် ချားလော့စ်ဗီလီမြို့က အစွန်းရောက်ဝါဒ ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ကို ကားနဲ့ ၀င်တိုက်ခဲ့တဲ့ လူဖြူအမျိုးသားရေးသမားကို အမေရိကန်တရားရုံးက သောကြာနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

    သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်အတွင်း အသက် ၃၂ နှစ်အရွယ်
    အမျိုးသမီး ဟီသာ ဟေယာ သေဆုံးခဲ့ပြီး လူ ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကားနဲ့ဝင်တိုက်ခဲ့တဲ့ လူဖြူအမျိုးသားရေးသမား အသက် ၂၂ နှစ်အရွယ် ဂျိမ်စ်း အဲလက်စ်ဖီးလ်ဒ်က ပြီးခဲ့တဲ့မတ်လမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

    သောကြာနေ့မှာတော့ ပြည်ထောင်စု တရားရုံးက ဂျိမ်းစ်ကို ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ဒီကိစ္စအတွက် ပြည်နယ်တရားရုံးမှာလည်း စွဲချက်တင်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

    ဆုံးရှုံးနစ်နာခဲ့သူတွေအတွက် တောင်းပန်ကြောင်း၊ မိမိရဲ့ လုပ်ရပ်အတွင်း နောင်တရမိကြောင်း အမိန့်မချခင်မှာ ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ရသူတွေနဲ့ အသက်ဘေးကလွတ်မြောက်လာသူတွေဟာ သောကြာနေ့က အမိန့်ချမှုကို လာရောက်နားထောင်ခဲ့ပါတယ်။ ဟီသာရဲ့ မိဘတွေကတော့ သမီးဖြစ်သူကို ဆုံးရှုံးရမှုအတွက် ဘယ်တော့မှ ပုံမှန်ပြန်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသားရေးအစွန်းရောက် ဆန့်ကျင်မှု

    ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့က ကွန်ဖက်ဒရိတ် ဂုဏ်ပြုရုပ်ထုကို ဖယ်ရှားမယ်လို့ မြို့တော် တာဝန်ရှိသူတွေက ဆုံးဖြတ်ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း လူဖြူ အမျိုးသားရေးဝါဒီတွေက အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး လတ်တလော အမေရိကန်သမိုင်းမှာ လူဖြူအမျိုးသားရေး ဝါဒီတွေရဲ့ အကြီးမားဆုံး ဆန္ဒပြမှုကြီးလည်း ဖြစ်ပါတယ်။

    အဲဒီဆန္ဒပြမှုအတွင်း ချားလော့ဗီလီမြို့ခံတွေ၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လူမျိုးရေးအစွန်းရောက်မှု ဆန့်ကျင်ရေး၊ နာဇီဆန့်ကျင်ရေး အုပ်စုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ လူဖြူအစွန်းရောက်တွေရဲ့ ဆန္ဒပြမှုအပြီး ဖက်စစ်ဆန့်ကျင်သူတွေက တန်ပြန်ဆန္ဒပြမှု ပြုလုပ်တဲ့အချိန်မှာတော့ ဂျိမ်းစ်က ဒီလူအုပ်ကို ကားနဲ့ ၀င်တိုက်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်မှာ ၂ ဖက်စလုံးမှားတယ်လို့ ပြောခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမျိုးရေးခွဲခြားမှုကို အားပေးအားမြှောက်ပြုတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း လူဖြူ အမျိုးသားရေး ဝါဒီတွေကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ Anti-Defamation League အဖွဲ့က ပြောပါတယ်။ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးအဖွဲ့ FBI ရဲ့ မှတ်တမ်းတွေမှာ ၂၀၁၇ ခုနှစ်အတွင်း အမုန်းအခြေပြု ရာဇ၀တ်မှုအရေအတွက်ဟာ ၁၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

    လူဖြူအမျိုးသားရေးဝါဒီတွေဟာ ၂၀၁၈ ခုနှစ်ကလည်း ဝါရှင်တန်မှာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး တန်ပြန် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    Ref: Aljazeera

  • အတ္တလန်တိတ် သမုဒ္ဒရာအောက်တွင် ဧရာမ ရေချိုရင်းမြစ်တစ်ခု တွေ့ရှိ

    အတ္တလန်တိတ် သမုဒ္ဒရာအောက်တွင် ဧရာမ ရေချိုရင်းမြစ်တစ်ခု တွေ့ရှိ

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    -အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း အတ္တလန်တိတ် သမုဒ္ဒရာအောက်မှာ ဧရာမ ရေချိုရင်းမြစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ရေချို ရှားပါးလာတဲ့ ကမ္ဘ္ဘာကြီးအတွက် ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီ ရေချိုရင်းမြစ်ဟာ သမုဒ္ဒရာအောက် ပေပေါင်း ၆၀၀ လောက်မှာ ရေအောင်းလွှာအဖြစ်
    သီးခြား တည်ရှိနေတာ ဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်ကနေ မက်ဆာချူးဆက်ပြည်နယ်အထိ ၇၅ မိုင် ရှည်လျားတဲ့ ဒီရေအောင်းလွှာမှာ ရေချို ဂါလံပေါင်း ၇၃၉ ထရီလီယံလောက် ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဒါဟာ အိုလံပစ်မှာ အသုံးပြုတဲ့ ရေကူးကန်ပေါင်း ၁.၁ ဘီလီယံလောက်ကို ရေဖြေည့်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

    ရှာဖွေဖော်ထုတ်မှုကို ကိုလံဘိယာ တက္ကသိုလ်နဲ့ အမေရိကန်အခြေစိုက် သမုဒ္ဒရာဆိုင်ရာ လေ့လာမှုအဖွဲ့ Woods Hole Oceanographic Institution တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ရလဒ်ကို ပြီးခဲ့တဲ့တစ်ပတ်က Scientific Reports ဂျာနယ်မှာ ဖော်ပြထားပါတယ်။

    ဒီရေအောင်းလွှာဟာ လူ့သမိုင်းတစ်လျှောက် တွေ့ရှိရသမျှ ပင်လယ်အောက် ရေအရင်းအမြစ်တွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ကမ္ဘ္ဘာ့အခြေားဒေသတွေမှာလည်း ဒီလို ရေအရင်းအမြစ်တွေ ရှိနေအုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘ္ဘာကြီးမှာ မိုးခေါင်ရေရှားပြီး လူဦးရေ မြင့်တက်လာနေတဲ့အချိန် ဒီတွေ့ရှိမှုက အရေးပါတဲ့ တွေ့ရှိမှု ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

    ၁၉၇၀ ပြည့်နှစ် အမေရိကန်ကမ်းရိုးတန်းဒေသတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတင် တူးဖော်ထုတ်လုပ်စဉ် အချိန်ကတည်းက အရှေ့မြောက် သမုဒ္ဒရာအောက်မှာ ရေချိုရင်းမြစ် ရှိတယ်ဆိုတာကို သိခဲ့ရပေမယ့် အခုအချိန်မှ တိတိကျကျ ဖော်ထုတ်နိုင်တာလည်း ဖြစ်ပါတယ်။

    သမုဒ္ဒရာအောက် ရေချိုတွေ ဘယ်ကရောက်လာသလဲ

    သိပ္ပံပညာရှင်တွေက ရေခဲခေတ်နှောင်းပိုင်းမှာ ရေခဲတွေ အရည်ပျော်ရာကနေ သမုဒ္ဒရာအောက်က အလွှာတစ်ခုမှာ ပိတ်မိခဲ့တာကြောင့် ဒီနေ့အချိန်အထိ ရေချိုတွေ ရှိနေတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

    အမေရိကန်ရဲ့ အခြား ကမ်းရိုးတန်းဒေသတွေမှာ ရှာဖွေဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့လည်း ပညာရှင်တွေက စီစဉ်ထားပါတယ်။ အခုတွေ့ရှိထားတဲ့ ရေချိုရင်းမြစ်မှာ ရေတွေဟာ ပင်လယ်ရေအနည်းငယ်ဝင်ထားပြီး ဆားဓာတ် နည်းနည်းပါနေတာကြောင့် သန့်စင်ပြီးမှ သောက်သုံးနိုင်မယ်မှာ ဖြစ်ပါတယ်။

    Ref: CNN

  • ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အီရန်ပြည်တွင်းဖြစ် ဒုံးခွင်း

    -နိုင်ငံရဲ့ နယ်စပ်တွေကို ကျူးကျော်မှု ဆက်လုပ်မယ်ဆိုရင် ဒရုန်းလေယာဉ် ပစ်ချမှုထက် ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ အီရန်လွှတ်တော် ဥက္ကဌ အလီ လာရီဂျာနီက အမေရိကန်ကို သတိပေးလိုက်ပါတယ်။

    အီရန်ဟာ ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတောင်ပိုင်း နယ်နမိတ်အတွင်း ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့ Global Hawk လေယာဉ်ကို ဒုံးခွင်းနဲ့ ပစ်ချခဲ့တာပါ။ လာရီဂျာနီက ဒီလိုပစ်ချမှုဟာ နောက်ထပ် ကျူးကျော်မှုတွေကို ရှောင်ရှားဖို့ မှတ်သားလောက်တဲ့ ပညာပေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ နယ်နမိတ်ကို ကျူးကျော်တဲ့ အမှားမျိုး ထပ်လုပ်မယ်ဆိုရင် အီရန်က ပိုမို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာပါ” လို့ လာရီဂျာနီရဲ့ ပြောကြားမှုကို Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒရုန်းလေယာဉ်ပစ်ချမှုနဲ့ပတ်သက်လို့ အမေရိကန်က အီရန်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံအတွင်းက ပစ်မှတ်တစ်ချို့ကို တုန့်ပြန်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် သမ္မတထရမ့်က နောက်ပိုင်းမှာ ဒီအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ဒုံးကျည်ထိန်းချုပ်မှု ကွန်ပျူတာကွန်ယက်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အီရန်ကတော့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုဟာ မအောင်မြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အမေရိကန်နဲ့ စစ်မဖြစ်ချင်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ထရမ့်ကလည်း အီရန်နဲ့ စစ်ဖြစ်မယ့် အခြေအနေဟာ ပိုမိုမြန်ဆန်လာနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပေမယ့် စစ်မဖြစ်လိုဘူးလို့ ဆိုပါတယ်။

    Ref: Aljazeera

  • အီရန်ကို တိုက်ခိုက်ရန် ထရမ့်က ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆင်ရေးကို ရပ်ဆိုင်း

    အီရန်ကို တိုက်ခိုက်ရန် ထရမ့်က ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆင်ရေးကို ရပ်ဆိုင်း

    ဇွန် ၂၁၊ ၂၀၁၉
    M-Media

    -မောင်းသူမဲ့ လေယာဉ်တစ်စင်း ပစ်ချခံရမှုအတွက် အီရန်ကို စစ်ရေးအရ လက်တုန့်ပြန်ဖို့ အမေရိကန်အစိုးရက အတည်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ဖို့ကိစ္စကို ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြကြပါတယ်။

    အီရန်ရဲ့ ရေဒါစနစ်၊ ဒုံးပစ်လောင်ချာတွေအပါအ၀င် ပစ်မှတ်တစ်ချို့ကို တိုက်ခိုက်ဖို့အတွက်
    သမ္မတဒေါ်နယ်ထရမ့်က ကြာသာပတေးနေ့ မနက်ပိုင်းမှာ ခွင့်ပြုခဲ့ပေမယ့် ညနေပိုင်းမှာ ရပ်ဆိုင်းခိုင်းခဲ့တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်ဖို့အတွက် အမေရိကန် တိုက်လေယာဉ်တစ်ချို့ လေထဲကို ပျံတက်သွားပြီး၊ စစ်ရေယာဉ်တွေကလည်း နေရာယူပြီးသွားချိန်မှာ ရပ်ဆိုင်းဖို့အမိန့် ရောက်လာတာဖြစ်တယ်လို့လည်း အခြားရစ်မြစ်တစ်ခုက ပြောပါတယ်။

    နိုင်ငံတောင်ပိုင်းက လေပိုင်နက်ထဲကို ၀င်လာတဲ့ အမေရိကန် ဒရုန်းလေယာဉ်တစ်စင်းကို မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်လို့ အီရန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်ကလည်း ဒီသတင်းကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒရုန်းဟာ အီရန်လေပိုင်နက်ထဲ မရောက်သေးဘဲ နိုင်ငံတကာလေပိုင်နက်ထဲမှာပဲ ရှိနေခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။

    ထရမ့်က အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့တယ်ဆိုတဲ့သတင်းကို Washington Post နဲ့ ABC သတင်းဌာနတွေကလည်း အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

    စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်တော့မယ်ဆိုတဲ့ သတင်းစကားကို အိုမန်ကနေတစ်ဆင့် အမေရိကန်က အီရန်ကို အကြောင်းကြားခဲ့ကြောင်း၊ ဒီကိစ္စအတွက် အမြန်ဆုံး ဆွေးနွေးချင်တယ်လို့ ထရမ့်က ပြောကြားခဲ့ကြောင်း အီရန်တာဝန်ရှိသူတွေကို ကိုးကားပြီး Reuters သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။ ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ စစ်မဖြစ်ချင်ဘဲ ကိစ္စရပ်အများအပြားကို တွေ့ဆုံဆွေးနွေးမှုနဲ့သာ အဖြေရှာချင်ကြောင်း၊ ဒီအတွက် အဖြေပြန်ပေးဖို့ အီရန်အစိုးရကို အချိန်တစ်ခုပေးထားကြောင်း အမည်မဖော်လိုတဲ့ အီရန်အစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် Reuters ရဲ့ ဒီသတင်းကို အီရန်က နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • လေပိုင်နက်ထဲဝင်လာသည့် အမေရိကန်ဒရုန်းကို အီရန်ပစ်ချ

    လေပိုင်နက်ထဲဝင်လာသည့် အမေရိကန်ဒရုန်းကို အီရန်ပစ်ချ

    ဇွန် ၂၀၊ ၂၀၁၉
    M-Media

    -နိုင်ငံပိုင်နက်ထဲ ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဒုံးကျည်နဲ့ ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပြီး အမေရိကန်က လေယာဉ်ဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာ ရှိနေတာလို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်ဟာ အီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်တဲ့ ဟော်မုဇ်ဂန်မှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

    “နိုင်ငံတောင်ပိုင်း ဟောမုဇ်ဂန်ပြည်နယ်မှာ အမေရိကန်လုပ် Global Hawk ထောက်လှမ်းရေး ဒရုန်းကို ပစ်ချခဲ့ပါတယ်။ ခူမိုဘာရက် ခရိုင်အနီးက အီရန်လေပိုင်နက်ထဲကို ၀င်ရောက်လာတဲ့အချိန်မှာ ပစ်ချခဲ့တာ ဖြစ်ပါတယ်” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန် တာဝန်ရှိသူတွေက မောင်းသူမဲ့လေယာဉ်တစ်စင်း မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာကို အတည်ပြုခဲ့ပေမယ့် လေယာဉ်ဟာ အီရန်ပိုင်နက်ထဲကို မရောက်ဘဲ နိုင်ငံတကာ လေပိုင်နက်ထဲမှာပဲ ရှိနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ပေါ်ပေါက်လာတဲ့ ဒီအဖြစ်အပျက်ဟာ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတစ်ခုကို အီရန်က တိုက်ရိုက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ပစ်ချမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အီရန်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက မိမိတို့အနေနဲ့ အခြားတိုင်းပြည်တွေနဲ့ စစ်တိုက်ဖို့ ဆန္ဒမရှိပေမယ့် စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ ‘သတင်းစကား’ ကို ရှင်းရှင်းလင်းလင်းပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန် နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးကလည်း မိမိတို့ပိုင်နက်ကို ချိုးဖောက်မှုအပေါ် ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ Tasnim သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera