News @ M-Media

Tag: US

  • အမေရိကန်နှင့် အီရန်တို့က စစ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန် သတ်မှတ်

    အမေရိကန်နှင့် အီရန်တို့က စစ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန် သတ်မှတ်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    IRGC တပ်ဖွဲ့ဝင်များ

    – နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာကို တုန့်ပြန်တဲ့အနေနဲ့ အီရန်က အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ပြီး အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်အားပေးအစိုးရ’ ဖြစ်တယ်လို့ သမုတ်လိုက်ပါတယ်။

    အီရန်နိုင်ငံရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် IRGC ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်အစိုးရက ပြီးခဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်အပေါ် စီးပွားအရေးအရ ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်ခဲ့တာပါ။

    အရင်က IRGC နဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး မနေ့ကတော့ တပ်ဖွဲ့တစ်ခုလုံးကို ပစ်မှတ်ထားခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက IRGC တပ်ဖွဲ့ဟာ အီရန်နိုင်ငံကို ကာကွယ်သူတွေဖြစ်ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က အမှားတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ရဲ့ ဒီအမှားက အီရန်ပြည်သူတွေကို စုစည်းစေကာ အစောင့်တပ်ဖွဲ့ကိုလည်း အီရန်မှာ ပိုပြီး လူကြိုက်များလာမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဒေသတွင်းမှာ အကြမ်းဖက်သမားတွေကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေပြီး အစောင့်တပ်ဖွဲ့က ဆီးရီးယားကနေ အီရတ်အထိ အဲဒီအကြမ်းဖက်သမားတွေကို တိုက်ထုတ်နေရပါတယ်”

    ထရမ့်ရဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ အီရန်အစိုးရက အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် CENTCOM ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာကာ၊ အမေရိကန်အစိုးရကိုလည်း အကြမ်းဖက်အားပေးအစိုးရအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က အမေရိကန်အနေနဲ့ အီရန်အပေါ် ထပ်ပြီး ဖိအားပေးနေမယ်ဆိုရင် ၂၀၁၅ စာချုပ်အရ ရပ်ဆိုင်းထားတဲ့ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် နှုတ်ထွက်သွားပေမယ့် စာချုပ်မှာပါဝင်တဲ့ အခြား အင်အားကြီး ၅ နိုင်ငံကတော့ နှုတ်ထွက်ခြင်း မရှိသေးပါဘူး။ နိုင်ငံက ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်ခတ်နိုင်တဲ့ အတိုင်းအတာအထိ ရောက်နေပြီလို့ အီရန်တာဝန်ရှိသူတွေဟာ ယခင်တုန်းက ပြောကြားထားဖူးပြီး၊ ဖိအားအလွန်အကျွံပေးလာရင် ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရလိမ့်မယ်လို့လည်း ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • လေယာဉ်နှစ်စီးပျက်ကျကာ အသက်ဆုံးရှုံးမှုများအတွက် Boeing ကုမ္ပဏီက တောင်းပန်

    လေယာဉ်နှစ်စီးပျက်ကျကာ အသက်ဆုံးရှုံးမှုများအတွက် Boeing ကုမ္ပဏီက တောင်းပန်

    ဧပြီ ၅၊ ၂၀၁၉
    M-Media

    737 MAX လေယာဉ်

    – ပြီးခဲ့တဲ့ ၆ လအတွင်း ဘိုးအင်း 737 MAX လေယာဉ်နှစ်စီး ပျက်ကျမှုဟာ အလိုအလျောက် ထိန်းချုပ်မှုစနစ် ချို့ယွင်းတာနဲ့ သက်ဆိုင်နေတယ်လို့ ဘိုးအင်းကုမ္ပဏီ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ၀န်ခံခဲ့ပြီး အသက်တွေ ဆုံးရှုံးရတဲ့အတွက် တောင်းပန်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က 737MAX လေယာဉ်၊ ပြီးခဲ့တဲ့လက Ethiopian Airlines က 737 MAX လေယာဉ်တို့ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး စုစုပေါင်း လူ ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဒီပျက်ကျမှု နှစ်ခုစလုံးမှာ တူညီမှုတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

    “ဒီ မတော်တဆမှုနှစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အစိုးရတွေက ထုတ်ပြန်တော့မှာပါ။ လေယာဉ် နှစ်စီးစလုံးက MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုအချက်အလက်ကို မှားယွင်းတုန့်ပြန်လိုက်တာကြောင့် ဖြစ်ပုံရပါတယ်” လို့ ဘိုးအင်းစီအီးအိုက မနေ့လွှင့်တင်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုကို အလိုအလျောက် ထိန်းညှိပေးတဲ့စနစ် ဖြစ်ပါတယ်။ လေယာဉ်ဦးပိုင်း အလွန်အမင်း ထောင်နေရင် stall ဖြစ်ကာ ပျက်ကျနိုင်တာကြောင့် အမြှီးပိုင်းကို မြှင့်ပေးကာ ဟန်ချက် ထိန်းပေးတာပါ။ ဒါပေမယ့် မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်နှစ်စီးစလုံးဟာ လေယာဉ်နှုတ်သီးမှာ တပ်ဆင်ထားတဲ့ ဆင်ဆာအချက်အလက်ကို MCAS စနစ်က မှားယွင်း ဖတ်မိရာကနေ ဦးစိုက်ဆင်းကာ ပျက်ကျသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေ၊ ဒီကိစ္စနဲ့ နီးစပ်တဲ့သူတွေက ပြောကြားထားပါတယ်။

    Ethiopian Airlines က လေယာဉ် ပျက်ကျမှုမှာ လေယာဉ်မှူးတွေဟာ ဘိုးအင်းက ညွှန်ကြားထားတဲ့ နည်းလမ်းတွေကို ထပ်တလဲလဲ လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်ဦး ပြန်မမော့လာခဲ့ဘူးလို့ အီသီယိုးပီးယားအာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီသီယိုးပီးယား အဖြစ်အပျက်ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 MAX လေယာဉ်တွေကို ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။ မူလင်ဘာ့ဂ်က ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်စေဖို့အတွက် သူတို့ကုမ္ပဏီဟာ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု ပြုလုပ်ကာ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအဆင့်မြှင့်တင်မှုအတွက် ကမ္ဘာ့နိုင်ငံတွေက လေကြောင်းဌာနတွေရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပြီး နောက်ပိုင်းမှ 737 MAX လေယာဉ်တွေ
    ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

    Ref : RT

  • 737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    မတ် ၂၈၊ ၂၀၁၉
    M-Media

    ဘိုးအင်း 737 Max လေယာဉ်

    – ၅ လအတွင်း 737 Max လေယာဉ် ၂ စီး ပျက်ကျမှုမှာ သံသယဖြစ်စရာရှိနေတဲ့ အငြင်းပွားဖွယ် ထိန်းချုပ်ရေးစနစ်ကို ပြင်ဆင်ပြီးပြီလို့ ဘိုးအင်းကုမ္ပဏီက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air နဲ့ အခုလအစောပိုင်း Ethiopian လေကြောင်းလိုင်းတို့က ဘိုးအင်း 737 Max လေယာဉ်နှစ်စီးဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

    ပျက်ကျမှုနှစ်ခုစလုံးဟာ MCAS လို့ခေါ်တဲ့ အလိုအလျောက် လေယာဉ်ထိန်းချုပ်မှုစနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပေမယ့် စုံစမ်းစစ်ဆေးမှု တရားဝင်ကောက်ချက်တော့ ထွက်မလာသေးပါဘူး။

    မနေ့က ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ဘိုးအင်းက MCAS စနစ်အပါအ၀င် 737 Max ရဲ့ ထိန်းချုပ်မှုဆော့ဖ်ဝဲတွေကို အဆင့်မြှင့်တင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သတိပေးချက်စနစ်တစ်ခုကိုလည်း ဘိုးအင်းက 737 Max လေယာဉ်တွေမှာ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ အရင်က အဲဒီသတိပေးချက်စနစ်ကို ၀ယ်ယူတဲ့ လေကြောင်းလိုင်းရဲ့ ဆန္ဒအတိုင်း မတပ်လည်းရပေမယ့် အခုအချိန်မှာတော့ 737 Max လေယာဉ်အားလုံးကို တပ်ပေးသွားမှာဖြစ်ကြောင်း ဒီအတွက် အပိုငွေ မယူကြောင်း ဘိုးအင်းက ပြောကြားခဲ့ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၉ ဦးစလုံး သေဆုံးခဲ့တဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုဟာ MCAS စနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပြီး လေယာဉ်ဟာ အကြိမ် ၂၀ ကျော်လောက် ခေါင်းထိုးစိုက်ဆင်းခဲ့ကာ နောက်ဆုံးအကြိမ်မှာတော့ ပင်လယ်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ FAA က Ethiopian လေကြောင်းလိုင်းကလေယာဉ် ပျက်ကျမှုမှာ ဒီလိုတူညီမှုတွေ ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဘိုးအင်းက ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုကြောင့် ဆင်ဆာတွေက အချက်အလက်ဖတ်ရှုမှု မတူညီတာမျိုးဖြစ်လာရင် MCAS စနစ်က အလိုအလျောက် ပိတ်သွားမှာဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက လေယာဉ် ပျက်ကျပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 Max အမျိုးအစားအားလုံးကို ပျံသန်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ဘိုးအင်းက ပြင်ဆင်မှုလုပ်ပေမယ့် ရပ်ဆိုင်းထားတဲ့လေယာဉ်တွေ ဘယ်တော့လောက်မှ အသုံးပြုမလဲဆိုတာကို မသိရသေးပါဘူး။

    Ref: BBC

  • ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    မတ် ၂၅၊ ၂၀၁၉
    M-Media

    – ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ထရမ့်ကို တရားရေးမှာ ၀င်ရောက်နှောက်ယှက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ အထောက်အထားလည်း မရှိဘူးလို့ အမေရိကန်က အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက သုံးသပ်ထားပါတယ်။

    ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မူလာဟာ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် နောက်ဆုံးအစီရင်ခံစာကို ရှေ့နေချုပ် ရောဘတ် ဘားထံ သောကြာနေ့က တင်သွင်းခဲ့ပါတယ်။ ဘားက ဒါကို သုံးသပ်ပြီး အစီရင်ခံစာ အနှစ်ချုပ်ကို ရေးသားကာ လွှတ်တော်အမတ်တွေဆီ ပေးပို့ခဲ့ပါတယ်။

    “၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရေး ရုရှားရဲ့ ကြိုးပမ်းမှုမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ ဒါမှမဟုတ် အဖွဲ့နဲ့ဆက်နွယ်တဲ့ တစ်ယောက်ယောက်က ပူးပေါင်းဆောင်ရွက်တာ၊ လျှို့ဝှက်ဆက်သွယ်တာတွေ ရှိတယ်လို့ စစ်ဆေးရေးမှုရဲ့ စုံစမ်းမှုမှာ မတွေ့ခဲ့ရပါဘူး။ ‘သမ္မတဟာ ရာဇ၀တ်မှုကျူးလွန်တယ်လို့ ဒီအစီရင်ခံစာက ကောက်ချက်မချပေမယ့် သမ္မတဟာ အပြစ် လုံးဝလွတ်ကင်းသူ မဟုတ်ပါဘူး’ လို့ စုံစမ်းစစ်ဆေးရေးမှူးက ဖော်ပြထားပါတယ် ” လို့
    ဘားက ရေးသားထားပါတယ်။

    ဘားရဲ့ အနှစ်ချုပ် ထွက်လာခဲ့ပြီးတဲ့နောက်မှာ ထရမ့်က ‘ပူးပေါင်းကြံစည်မှု မရှိ။ နှောက်ယှက်မှုမရှိ။ လုံးဝအပြစ်လွတ်သည်။ အမေရိကန်ကို ကြီးကျယ်အောင် ဆက်လုပ်ကြစို့’ လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုကို ထရမ့်က နှောက်မှု ရှိခဲ့လားဆိုတာနဲ့ပတ်သက်လို့ မူလာက ရှင်းရှင်းလင်းလင်း သုံးသပ်တင်ပြထားခြင်း မရှိပေမယ့် ရှေ့နေချုပ်ဘားက ပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့အထောက်အထား မတွေ့ရတာကြောင့်၊ တရားရေးကို နှောက်ယှက်တယ်လို့ သတ်မှတ်ဖို့ မခိုင်လုံဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ရွေးကောက်ပွဲကို စွက်ဖက်ရေး ရုရှားအစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တာ၊ လျှို့ဝှက် ဆက်သွယ်တာတွေ ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုမှာ မတွေ့ခဲ့ရပါဘူး” လို့ မူလာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကို ကူညီဖို့အတွက် ရုရှားအစိုးရနဲ့နွယ်တဲ့သူတွေ အကြိမ်များစွာ ကမ်းလှမ်းတာမျိုး ရှိတယ်လို့ မူလာက သုံးသပ်ထားပါတယ်။

    ဘားနဲ့ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိုင်တို့က အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ စုံစမ်းစစ်မှုအတွင်း ရရှိခဲ့တဲ့ အထောက်အထားတွေဟာ ထရမ့်အနေနဲ့ တရားရေးကို နှောက်ယှက်မှုရှိတယ်လို့ ယူဆဖို့ မခိုင်လုံဘူးလို့ သုံးသပ်ပါတယ်။

    လွှတ်တော်အမတ်တစ်ချို့က ဒီကိစ္စမှာ ရှေ့နေချုပ် ဘားရဲ့ ကိုင်တွယ်မှုဟာ သံသယတွေ ရှိနေတဲ့အတွက် မူလာရဲ့ အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

    မူလာရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ရှေ့နေ ၁၉ ဦး၊ FBI အေးဂျင့် ၄၀၊ ထောက်လှမ်းရေးကျွမ်းကျင်သူတွေ၊ မှူခင်းဆရာဝန်တွေ၊ နယ်ပယ်အသီးအသီးက ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ

    ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ

    မတ် ၂၁၊ ၂၀၁၉
    M-Media

    အမေရိကန်ရှိ လူဖြူအစွန်းရောက်ဝါဒီတစ်ချို့

    – ကမ္ဘာတစ်ဝှမ်း မြင့်တက်လာတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က တိုတွန်းလိုက်ပြီး နယူးဇီလန်မှာ ဒီဝါဒမျိုး ရှိနေတယ်ဆိုတာကိုလည်း ၀န်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်ဝါဒီ ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီအကြမ်းဖက်မှုဖြစ်ပွားပြီး ပထမဆုံးအကြိမ်အဖြစ် BBC သတင်းဌာနနဲ့ အင်တာဗျူးမျာ ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က လူဖြူအမျိုးသားရေးဝါဒကို ရှုတ်ချခဲ့ပြီး၊ ပြောင်းရွှေ့အခြေချမှုကြောင့် လူမျိုးရေးခွဲခြားမှု ဖြစ်လာတယ်ဆိုတဲ့ အယူအဆကိုလည်း ပယ်ချခဲ့ပါတယ်။

    “အခုလုပ်သွားတဲ့သူက သြစတေးလျနိုင်ငံသားဖြစ်ပါတယ်။ ဒါပေမယ့် နယူးဇီလန်မှာ ဒီလိုဝါဒမျိုး မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ရှိတယ်ဆိုပြန်ရင်လည်း နယူးဇီလန်နိုင်ငံသားအများစုကို စော်ကားသလို ဖြစ်သွားမှာပါ”

    အမျိုးသားရေးအစွန်းရောက်ဝါဒ ဘယ်နေရာမှာပဲရှိရှိ ဒါကိုအမြစ်ဖြတ်ဖို့၊ ဒီလိုဝါဒမျိုး ပေါက်ဖွားနိုင်တဲ့ ရေခံမြေခံမျိုး မဖန်တီးပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တစ်ကမ္ဘာလုံးကို ကျွန်မ တိုက်တွန်းချင်ပါတယ်။ နယူးဇီလန်မှာ ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လာတာဟာ တစ်ခြားတစ်နေရာမှာ မွေးဖွားကြီးပြင်းကာ ဒီအယူအဆကို ရရှိခဲ့သူကြောင့် ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းပြီး၊ သည်းခံခွင့်လွှတ်နိုင်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာကြီးကို လိုချင်တယ်ဆိုရင် ဒီကိစ္စကို ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး”

    ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူတွေကို နယူးဇီလန်က စံချိန်တင် လက်ခံထားမှုနဲ့ပတ်သက်လို့လည်း ဂျာစင်ဒါက ကာကွယ်ခဲ့ပြီး၊ ဒီလိုလက်ခံတာကြောင့် အမျိုးသားရေးအစွန်းရောက်ဝါဒ မြင့်တက်လာတယ်ဆိုတဲ့ ပြောကြားမှုကိုလည်း ပယ်ချခဲ့ပါတယ်။

    အော်တိုသေနတ်များကို ပိတ်ပင်

    ခရိုက်ချက် ဗလီနှစ်လုံး အကြမ်းဖက်ခံရမှုအပြီး နယူးဇီလန်က သေနတ်ကိုင်ဆောင်မှု ဥပဒေကို တင်းကြပ်ဖို့ ဆော်သြမှုတွေ ရှိခဲ့ပြီး ဂျာစင်ဒါက ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တို သေနတ်တွေကို ရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    “ဒါဟာ ကျွန်မတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ အမျိုးသားအကျိုးစီးပွားလည်းဖြစ်သလို၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း ဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်မှုမျိုး နောက်ထပ်မဖြစ်အောင် တားဆီးဖို့ပါ”

    ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တိုသေနတ်တွေ ပိတ်ပင်မှု ဥပဒေဟာ ဧပြီလ ၁၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒီလက်နက်တွေ အရင်က ၀ယ်ဆောင်ထားသူတွေအနေနဲ့ လက်နက်အစားထိုး လဲလှယ်နိုင်မယ့် အစီအစဉ်ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera, BBC