News @ M-Media
Tag: US
  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ
    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ
    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media
    တရားသူကြီး ဘရတ်ကာဗာနော့
    လွတ်လပ်ရေးကတိပြုထားသည့် ပါတီကို ဟောင်ကောင်ပိတ်ပင်
    ================
    ဟောင်ကောင်လွတ်လပ်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီ Hong Kong National Party (HKNP) ကို တရုတ်ဖက်ယိမ်းတဲ့ ဟောင်ကောင်အစိုးရက ဒီကနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ ဗြိတိန်ဟာ ဟောင်ကောင်ကို လွန်ခဲ့တဲ့ ၂၁ နှစ်က တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့ပြီး ပြည်မမှာမရတဲ့ လွတ်လပ်စွာပြောဆိုခွင့်လို အခွင့်အရေးမျိုးကို ဟောင်ကောင်မှာ ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်နဲ့ ဟောင်ကောင်အကြား နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ပိတ်ပင်မှုကို လူ့အခွင့်အရေးအဖွဲ့နဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က ရှုတ်ချခဲ့ပါတယ်။
    စည်းဖောက်မှုအတွက် Grab နှင့် Uber တို့ကို စင်ကာပူ ဒဏ်ရိုက်
    =======================
    နိုင်ငံအတွင်း အငှားယာဉ်လုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်အောင် ဆောင်ရွက်တယ်လို့ဆိုပြီး နာမည်ကြီး တက္ကဆီဝန်ဆောင်မှု ကုမ္ပဏီ Grab နဲ့ Uber တို့ကို စင်ကာပူ စင်ကာပူဒေါ်လာ ၆.၄၂ ဘီလီယံ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။ Grab က သူတို့အနေနဲ့ Uber ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းကို ၀ယ်ယူသွားမယ်လို့ မတ်လမှာ ကြေငြာခဲ့တာပါ။ စင်ကာပူရဲ့ ‘စီးပွားရေးယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင် (CCCS)’ က Grab ဟာ ဒီလိုဝယ်ယူပြီးနောက်ပိုင်း သူတို့ရဲ့ ယာဉ်စီးခတွေကို တိုးမြှင့်လိုက်ပြီး ဒါဟာ လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ထရမ့်အဆိုပြုသည် တရားသူကြီးချုပ် လိင်စော်ကားမှုများဖြင့် စွပ်စွဲခံရ
    ====================
    တရားသူကြီးချုပ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းထားတဲ့ တရားသူကြီး ဘရတ်ကာဗာနော့ဟာ သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ယေးလ်တက္ကသိုလ်က ကာဗာနော့ရဲ့အတန်းဖော် အမျိုးသမီးသမီးတစ်ဦးက စွပ်စွဲလိုက်ပါတယ်။ ဒါဟာ ကာဗာနော့ရဲ့ လိင်စော်ကားတယ်ဆိုတဲ့ ဒုတိယမြောက်စွပ်စွဲချက်ဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပါမောက္ခ ခရစ္စတိုင်း ဘလာစီဖို့ဒ်က ကာဗာနော့ဟာ သူမကို ၁၉၈၂ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကာဗာနော့ကတော့ စွပ်စွဲချက်နှစ်ခုစလုံးကို ငြင်းဆိုထားပါတယ်။
    Ref: Aljazeera, BBC, CNA
  • စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်
    စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်
    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media
    – ရုရှားထံကနေ စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူမှုအတွက် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းလိုက်ပြီး အဲဒီလိုမှမဟုတ်ရင် ‘နောက်ဆက်တွဲဆိုးကျိုးတွေ’ ခံစားရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
    တရုတ်ဟာ ရုရှားထံဆီကနေ SU-35 တိုက်လေယာဉ်တွေ၊ S-400 ဒုံးခွင်းနစ်တွေကို ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဒီလို ၀ယ်ယူမှုဟာ ယူကရိန်းကိစ္စနဲ့ ရုရှားအပေါ် သူတို့ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပြီး တရုတ်စစ်တပ်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
    တရုတ်ကတော့ အမေရိကန်အနေနဲ့ ဒီ ပိတ်ဆို့မှုတွေကို မဖယ်ရှားဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဒီကနေ့မှာ သတိပေးခဲ့ပါတယ်။
    “အထက်ကပြောခဲ့တဲ့အတိုင်း အမေရိကန်ရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆောင်ရွက်မှုတွေအတွက် တရုတ်က တော်တော်လေး ခံပြင်းဒေါသထွက်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    ရုရှားကလည်း အမေရိကန်ဟာ မီးနဲ့ကစားနေပြီး ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရုရှားကို ပိတ်ဆို့ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
    အမေရိကန်က ရုရှားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး တတိယနိုင်ငံတစ်ခုကို အရေးယူတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
    ရုရှားရဲ့ ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် တူရကီနဲ့ အိန္ဒိယတို့လည်း စိတ်ဝင်စားနေပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    အမေရိကန်တွင် ဟာရီကိန်းကြောင့် လူ ၈ ဦးသေဆုံး
    ============
    အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းရိုးတမ်းကို ၀င်ရောက်နေတဲ့ ဟာရီကိန်း ဖလော့ရင့်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၈ ဦးရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ လက်ရှိ မုန်တိုင်းဟာ အားပျော့သွားပေမယ့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေတိုက်တာတွေ ဆက်လက်ဖြစ်ပေါ်ကာ အသက်အန္တရာယ် ခြိမ်းခြောက်မှု ဆက်ရှိနေတယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဟာ တစ်ပတ်လောက်အထိ ဆက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
    ဖိလစ်ပိုင်တွင်တိုက်ခတ်သည့် တိုင်ဖုန်းမုန်တိုင်း တရုတ်သို့ ဦးတည်
    ==================
    ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ တိုင်ဖုန်း မန်ခွတ်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာ မုန်တိုင်းဟာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည်နေပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှု၊ အိမ်ပြိုမှုတွေကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရင်ခွင်ပိုက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်ပါတယ်။ ပျောက်ဆုံးသူကလည်း ၂ ဦး ရှိနေပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ နေရာတွေက လူပေါင်း ၉ သောင်းနီးပါးလောက်ကို အစိုးရတာဝန်ရှိသူတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။
    ================
    တိုင်းပြည်ဟာ လက်ရှိမှာ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကို လိုအပ်နေတဲ့အတွက် မိမိအနေနဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အလျင်စလို ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ စင်ကာပူကို ရောက်ရှိနေတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်န၀ါရ် အီဘရာဟင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အန်န၀ါရ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိပြီး နောက်ပိုင်းမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့နေရာကို ဆက်ခံသွားဖို့ ရည်ရွယ်နေပါတယ်။ သူ ၀န်ကြီးချုပ်ဖြစ်လာရင် လက်ရှိ ဒုတိယ၀န်ကြီးချုပ်ဖြစ်နေတဲ့ သူ့ဇနီး ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကို ရာထူးမှာ ဆက်ထားတော့မှာ မဟုတ်ဘဲ လက်ရှိ လွှတ်တော်အမတ်ဖြစ်နေတဲ့ သမီးဖြစ်သူ နူရူလ်အစ်ဇာဟ်ကိုလည်း စောင့်ကြည့်သွားမယ်လို့ အန်န၀ါရ်က ဆိုပါတယ်။
    အီရတ်လွှတ်တော်က အသက်အငယ်ဆုံး ဥက္ကဌကို ခန့်အပ်
    =============
    အီရတ်လွှတ်တော်ဟာ သောကြာနေ့က အသက် ၃၉ နှစ်အရွယ် ဆွန်နီဂိုဏ်းဝင် မိုဟာမက် အလ်-ဟာလ်ဘူဆီကို ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီး မေလ ရွေးကောက်ပွဲပြီးတဲ့နောက် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အစိုးရဖွဲ့စည်းရေး လမ်းကြောင်းတစ်ခု ပွင့်သွားတာလည်းဖြစ်ပါတယ်။ အလ်-ဟာလ်ဘူဆီဟာ အီရတ်သမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရေးထုံးစံအရ လွှတ်တော်အမတ်နေရာကို ဆွန်နီကိုပေးကာ ၀န်ကြီးချုပ်နေရာကို ရှီအာကယူပြီး သမ္မတနေရာကို ကာ့ဒ်လူမျိုးကို ခန့်အပ်လေ့ရှိပါတယ်။
    Ref: Aljazeera, CNA
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၅၊ ၂၀၁၈
    M-Media
    ဟာရီကိန်း ‘ဖလော့ရန့်စ်’ မြင်ကွင်း
    ဖိလစ်ပိုင်တွင် အပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းတစ်ခု တိုက်ခတ်နေ
    ================
    အဆင့် ၅ ရှိတဲ့ တိုင်ဖုန်းမုန်တိုင်း ‘မန်ခွတ်’ ဟာ ဒီကနေ့မနက် အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ၀င်ရောက်ခဲ့ပြီး အာဏာပိုင်တွေက အကြီးအကျယ်ပျက်ဆီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ‘မန်ခွတ်’ ဟာ အခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းဆုံး မုန်တိုင်းလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ နှစ်စဉ် မုန်တိုင်း ၂၀ လောက် တိုက်ခတ်မှုကြောင့် လူရာချီ သေဆုံးလေ့ရှိပါတယ်။ ယခု တိုင်ဖုန်း ‘မန်ခွတ်’ ဒဏ်ကို လူသန်းချီ ခံစားရနိုင်ပါတယ်။
    အမေရိကန်တွင် ဟာရီကိန်း’ဖလော့ရန့်စ်’ ကြောင့် လူ ၅ ဦးသေဆုံး
    ================
    မနေ့က စတင်ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ‘ဖလော့ရန့်စ်’ ကြောင့် အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက ထုတ်ပြန်ခဲ့ကြပါတယ်။ သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦး၊ ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးနဲ့ အမျိုးသား ၂ ဦးတို့ ဖြစ်ကြပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေလဲတာ၊ လမ်းတွေ ပိတ်ဆို့တာ၊ ဓာတ်အားပြတ်တောက်တာတွေလည်း ရှိနေပါတယ်။ ‘ဖလော့ရန့်စ်’ ဟာ မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းတွေကို ဖြတ်သန်းသွားဖို့ရှိပြီး ဗာဂျီးနီးယားပြည်နယ်ကိုလည်း ရိုက်ခတ်ဖို့ ရှိနေပါတယ်။ အာဏာပိုင်တွေကတော့ လူ ၁.၇ သန်းလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ သတိပေးထားပါတယ်။
    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး အမေရိကန် ဆက်ဆွေးနွေးမည်
    =================
    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားနဲ့ မိမိတို့အကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၂ ရက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုဟာ အပြုသဘောဆောင်ခဲ့ပေမယ့် နောက်ပိုင်း နျူကိစ္စနဲ့ပတ်သက်လို့ တင်းမာမှုတွေ ရှိလာတာပါ။ ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထရမ့်နဲ့ နောက်ထပ်တွေ့ဆုံဖို့ ကမ်းလမ်းမှုကို အမေရိကန်က လက်ခံခဲ့ပါတယ် ပွမ်ပီယိုကတော့ သူတို့အနေနဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဒါဟာ မြောက်ကိုရီးယား နျူကင်းစင်ရေး ကြိုးပမ်းမှုမှာ အဓိကကျတယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုလုပ်ရန် စီစဉ်ထားသည့် အကြမ်းဖက် ၁၀ ဦးကို မလေးရှား ဖမ်းဆီး
    ====================
    မလာကာနဲ့ ပီနန်တို့မှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့ အကြမ်းဖက်သံသယရှိသူ ၁၀ ဦးကို နိုင်ငံတစ်ဝှမ်း သြဂုတ်လ ၁၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အုပ်စုငယ် ၂ ခုက အဖွဲ့ဝင်တွေ ဖြစ်ပြီး အသက် ၃၉ နှစ်ကနေ ၅၃ နှစ်အထိ ရှိကြပါတယ်။ အဲဒီထဲကတစ်ချို့ဟာ အရှေ့အလယ်ပိုင်းက အစွန်းရောက်အဖွဲ့တွေနဲ့ သွားရောက်ဖို့ စီစဉ်နေသူတွေ ဖြစ်ပါတယ်။ မလေးရှားရဲချုပ်က ဒီလူတွေဟာ တမန်တော်မိုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေကို ပုံဖျက်ရိုက်သွင်း ဦးနှောက်ကျင်းခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera