News @ M-Media

Tag: US

  • ဂျေရုစလင်မှာ ရောင်းစားရန်မဟုတ်ဟု ပါလက်စတိုင်းက အမေရိကန်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်

    ဂျေရုစလင်မှာ ရောင်းစားရန်မဟုတ်ဟု ပါလက်စတိုင်းက အမေရိကန်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်ဟာ ‘ရောင်းစားဖို့မဟုတ်’ လို့ ပါလက်စတိုင်း သမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပြီး အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းကို ပေးအပ်နေတဲ့ အကူအညီ ဖြတ်တောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    “ဂျေရုစလင်ဟာ ပါလက်စတိုင်းနိုင်ငံရဲ့ ထာဝရမြို့တော် ဖြစ်ပါတယ်။ ရွှေ၊ ဘီလီယံဒေါ်လာတွေနဲ့ ရောင်းစားရမယ့်အရာ မဟုတ်ပါဘူး” လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အလုပ်မဖြစ်တော့ဘူးလို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က တုန့်ပြန်ခဲ့ပါတယ်။

    ထရမ့်က သူတို့အနေနဲ့ ပါလက်စတိုင်းကို ဒေါ်လာသန်းနဲ့ချီ ပေးထားပေမယ့် ပါလက်စတိုင်းက သူတို့ကို လေးစားမှုမရှိဘဲ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု မလုပ်ချင်ဘူးဆိုရင် ဘာ့ကြောင့် အကူအညီတွေ ပေးရမလဲဆိုတဲ့ သဘောထားမျိုးကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်အတွင်းမှာ ပါလက်စတိုင်းကို အကူအညီ ကန်ဒေါ်လာ ၃၁၉ သန်း ပေးခဲ့တယ်လို့ အမေရိကန်အစိုးရ စာရင်းအင်းတွေအရ သိရပြီး ဒီပမာဏကို ထရမ့်က ရည်ညွှန်းတာလားဆိုတာ တိတိကျကျ မသိရပါဘူး။

    “ဆွေးနွေးညှိနှိုင်းမှုတွေကို ကျွန်တော်တို့ ကျောခိုင်းသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံတကာ ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေကို အခြေခံတဲ့ ဆွေးနွေးမှုမျိုး ဖြစ်ရပါမယ်” လို့ ရူဒီနာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Alarabiya

  • စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    ဇန်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု အာရ်ကန်းနက်စ်ပြည်နယ် ဖို့သ်စမစ်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကို လာရောက်စော်ကားသူကို ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းက ခွင့်လွှတ်ကျေအေးပေးခဲ့ပြီး သူ့ရဲ့ အကြွေးတွေကိုလည်း ဆပ်ပေးခဲ့ပါတယ်။

    “ဒီအရိပ်မည်းကြီးက သူ့ဘ၀တစ်လျှောက်လုံး လိုက်နေတာမျိုး မဖြစ်သင့်ပါဘူး” လို့ တိုက်ခိုက်ခံရတဲ့ ဗလီဝတ်ကျောင်းရဲ့ ဥက္ကဌ အလ် စလာမ် လူအေ နာဆရီက ပြောကြားခဲ့ပါတယ်။

    ဖို့သ်စမစ်မြို့က မတ်စ်ဂျစ် အလ် ဆလာမ်ဗလီကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အေဘရာဟမ် ဒေးဗစ်ဆိုသူက ညဘက် လာရောက်ကာ နံရံမှာ နာဇီတံဆိပ်နဲ့ စော်ကားတဲ့စကားလုံးတွေကို စပရေးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော်ရဲ့ လုံခြုံရေးကင်မရာကနေတစ်ဆင့် ဒေးဗစ်ကို ဖမ်းမိခဲ့ပြီး စွဲချက်တင်ခံခဲ့ရပါတယ်။

    “ဒီလူဟာ မကောင်းတာလုပ်ခဲ့ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဘယ်သူ့အပေါ်ကိုမှ ကျွန်တော်တို့ မကောင်းတဲ့စိတ် မထားပါဘူး” လို့ နာဆရီက ဆိုပါတယ်။

    တရားရုံးက ဒေးဗစ်ကို လှုမှုရေးလုပ်ဖို့နဲ့ ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ဒဏ်ငွေပမာဏ များပြားတာကြောင့် ဒေးဗစ်တစ်ယောက် ပေးဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။

    ဒါ့ကြာင့် မတ်စ်ဂျစ်ဒ် အလ် ဆလာမ်ဗလီ ဥက္ကဌ နာဆရီက ဗလီပြင်ဖို့ ကောက်ခံရရှိထားတဲ့ အလှူငွေကနေ ဒဏ်ငွေကို စိုက်ထုတ်ပေးခဲ့ပါတယ်။

    “သူမှာ ငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ဒဏ်ငွေမပေးနိုင်ရင် ထောင် ၆ နှစ်ကျမှာပါ။ သူ ထောင်ထဲမှာ ၆ နှစ်နေရမှာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒီနောက် (ငွေကြေးစိုက်ထုတ်ပေးပြီးနောက်) အားလုံး အဆင်ပြေသွားပါတယ်။ သူ ကြပ်ကြပ်တည်းတည်းနဲ့ နေထိုင်ရတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ပြောခဲ့သလိုပဲ သူ့ကို ပိုကောင်းတဲ့ အနာဂတ် ရစေချင်ပါတယ်” လို့ နာဆရီက ဆိုပါတယ်။

    ဒီလိုလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ထင်ကြောင်း၊ လူတစ်ယောက်က အမှားလုပ်ပြီးလို့ မှားကြောင်းဝန်ခံမယ်ဆိုရင် မိမိတို့က ခွင့်လွှတ်ရမှာဖြစ်ကြောင်းကိုလည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “(ဗလီနာမည်) အလ်-ဆလာမ်ဆိုတာဟာ ငြိမ်းချမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအနှစ်သာရကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ကျွန်တော်တို့အကြောင်း သိလာမယ်ဆိုရင် ဒါမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ် ဘယ်လိုပဲ မကျေမနပ်ဖြစ်ပါစေ၊ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးစားသွားမှာပါ။ ထိတွေ့ဆက်ဆံမှုဆိုတာ အရေးကြီးတယ်၊ ပညာရေးကလည်း အရေးကြီးပါတယ်”

    Ref: Arkanas Matters

  • တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်

    တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်

    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား တာလီဘန်ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုးပွဲတွေ အရှိန်မြင့်လာပါတယ်။

    အာဖဂန်မှာ အကြမ်းဖက်သမားတွေကို လိုက်လံရှင်းလင်းရာမှာ ပါကစ္စတန်ဟာ အမေရိကန်ကို အကူအညီ မပေးသလောက်ပဲလို့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာကတစ်ဆင့် ဝေဖန်ပစ်တင်ခဲ့ပါတယ်။

    “လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်ဟာ ပါကစ္စတန်အပေါ် ကန်ဒေါ်လာ ၃၃ ဘီလီယံ အကူအညီကို မိုက်မဲစွာနဲ့ ပေးခဲ့မိတယ်။ သူတို့ကတော့ အလိမ်အညာတွေ၊ တစ်ပတ်ရိုက်တာတွေကလွဲလို့ ဘာမှ ပြန်မပေးပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်တွေဟာ ကြပ်မပြည့်ဘူးလို့ သူတို့ထင်ကြတာ။ အာဖဂန်မှာ ကျွန်တော်တို့ လိုက်နေတဲ့ အကြမ်းဖက်သမားတွေကို သူတို့က ခိုလှုံခွင့်ပေးထားပြီး ကျွန်တော်တို့ကို မကူညီဘူး။ လုံးဝမကူညီတာပါ” လို့ ရေးသားခဲ့တာပါ။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခွာဂျာ အာဆစ်ဖ်က အာဖန်မှာ စစ်ပွဲမနိုင်တဲ့ ကိစ္စအတွက် ထရမ့်ဟာ ပါကစ္စတန်ကို အပြစ်တင်ဖို့ ကြိုးစားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “အာဖဂန်နစ္စတန်မှာ အမေရိကန်တွေ အခြေမလှတာကို ထရမ့်က စိတ်ပျက်နေပြီး ပါကစ္စတန်ကို သွားပုပ်လေလွင့်ပြောနေတာတွေဟာ ဒီအကြောင်းအရင်းကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူးလို့ အမေရိကန်ကို ပြောထားပြီးသားပါ။ ဒါ့ကြောင့် ထရမ့်ရဲ့ ‘လုံးဝပဲ’ ဆိုတဲ့စကားဟာ အရေးကို မပါတော့ပါဘူး”

    အမေရိကန်က သူတို့ကိုပေးထားတဲ့ အကူအညီအတွေအတွက် စာရင်းအင်း အသေးစိတ်ကို လူသိရှင်ကြား ချပြဖို့ အဆင်သင့်ပဲလို့လည်း အာဆစ်ဖ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခိုရမ် ဒက်စ်တာဂီရ်က သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

    အစ္စလာမ်မာဘတ်က အမေရိကန်သံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ထရမ့်ရဲ့ Twitter မှတ်ချက်အတွက် တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

    ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူ ရစ်ချက် ဆနဲလ်ဆိုင်ယာကလည်း ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။

    ပါကစ္စတန် ကာကွယ်ရေးဝ်ကြီးဌာနကတော့ ပါကစ္စတန်အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး မဟာမိတ်အဖြစ် အလ်ကိုင်းဒါးတိုက်ဖျက်ရေးမှာ အမေရိကန်ကို ကျည်း၊ ရေ၊ လေ ဆက်သွယ်ဆောင်ရွက်မှုတွေ အိတ်သွန်ဖာမှောက် လုပ်ပေးခဲ့ပြီး၊ စစ်အခြေစိုက်စခန်းအတွက် နေရာပေးတာ၊ ထောက်လှမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ပြန်ရတာကတော့ ပုတ်ခတ်မှုနဲ့ မယုံကြည်မှုသာဖြစ်ကြောင်း၊ အမေရိကန်ဟာ ပါကစ္စတန်တွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားတွေ နယ်စပ်ဖြတ်ကျော်ဝင်လာတာကိုပဲ ကွက်ကြည့်ကြောင်း Twitter စာမျက်နှာကနေတစ်ဆင့် တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • မြောက်ကိုရီးယားအပေါ် ကုလက ပိတ်ဆို့မှုအသစ် ထပ်လုပ်၊ အမေရိကန်က စစ်တပ်ကို တပ်လှန့်ထား

    မြောက်ကိုရီးယားအပေါ် ကုလက ပိတ်ဆို့မှုအသစ် ထပ်လုပ်၊ အမေရိကန်က စစ်တပ်ကို တပ်လှန့်ထား

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကိုသာ လိုလားကာ သတ်ဖြတ်မှုကို မလိုလားဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ပြုလုပ်ပြီးနောက် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပိတ်ဆို့မှုအသစ်တွင် နိုင်ငံခြား၌ အလုပ်လုပ်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် ၂ နှစ်အတွင်း ပြည်တော်ပြန်ရန်၊ မြောက်ကိုရီးယားသို့ တင်ပို့သည့် သန့်စင်ပြီး ရေနံထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းကို ပိတ်ပင်ရန်တို့ ပါဝင်သည်။

    အဆိုပါအရေးယူမှုကို ယမန်နေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြသည်။

    “မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်လုပ်ရေးနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီက ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲမရှိဘဲ အခုလေးတင် အတည်ပြုခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားပြီး သတ်ဖြတ်မှုကို မလိုချင်ပါဘူး” ဟု ထရမ့်က မဲခွဲမှုအပြီးတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    မြောက်ကိုရီးယား၏ နျူစီမံကိန်း ဆက်လက်လုပ်ဆောင်နေမှုကို တားဆီးရန် ရည်ရွယ်သည့် ယခု ပိတ်ဆို့မှုအသစ်ကို အမေရိကန်က တင်သွင်းခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တတိယမြောက် ပိတ်ဆို့မှုလည်း ဖြစ်သည်။

    မြောက်ကိုရီးယားအပေါ် စက်မှုပစ္စည်းများ တင်သွင်းမှု၊ အစားအသောက်များ၊ လယ်ယာထွက်ကုန်ပစ္စည်းများ ၀ယ်ယူမှု စသည်တို့ကို တားမြစ်ရေးလည်း ယခုပိတ်ဆို့မှုတွင် ပါဝင်သည်။

    ထရမ့်က ငြိမ်းချမ်းရေးကို လိုလားသည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က ကိုရီးယားကျွန်းဆွယ်တွင် ‘မုန်တိုင်းဖြစ်မည့် တိမ်များ စုစည်းလာနေသည့်’ အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်အနေအထားရှိကြရန် ယမန်နေ့တွင် သတိပေးခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ လုံခြုံရေးဗျူဟာသစ်က ရန်လိုလွန်းသည်ဟု ရုရှားပြော

    အမေရိကန်၏ လုံခြုံရေးဗျူဟာသစ်က ရန်လိုလွန်းသည်ဟု ရုရှားပြော

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ အမျိုးသားလုံခြုံရေးဗျူဟာသစ်မှာ ရန်လိုလွန်းသည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပြီး ထိုကိစ္စအတွက် မိမိတို့က စဉ်းစားသုံးသပ်သွားမည်ဟု ဆိုသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတွင် ပူတင်က အမေရိကန်နှင့် နေတိုးအဖွဲ့မှာ ဥရောပတွင် စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အဦးများ တိုးမြှင့်တည်ဆောက်လာမှုကို ထောက်ပြခဲ့ပြီး၊ တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကို ဥရောပမှ ဖယ်ရှားမည်ဆိုသည့် ၁၉၈၇ ခုနှစ် သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

    “တရားဝင်ကတော့ ပိုလန်က ဒုံးလောင်ချာတွေဟာ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ တကယ့်အကြောင်းအရင်းကို ကျွမ်းကျင်သူတွေက ကောင်းကောင်းသိပါတယ်။ ဒီလောင်ချာတွေဟာ ရည်ရွယ်ချက်အားလုံးအတွက် သုံးလို့ရပါတယ်။ ကီလိုမီတာ ၂၅၀၀ (မိုင် ၁၅၅၀) လောက်အထိ ရောက်နိုင်တဲ့ ရေပြင်ပစ် ခရုဇ်ဒုံးကျည်တွေကိုလည်း သူတို့ အသုံးပြုလို့ ရနေပါတယ်။ ဒီဒုံးကျည်တွေဟာ ရေပြင်တင်မကဘဲ မြေပေါ်ကိုလည်း ရွှေ့လို့ရပါတယ်” ဟု ပူတင်က ထည့်သွင်း ပြောဆိုခဲ့သည်။

    အနောက်နိုင်ငံများ၏ စစ်ရေးဗျူဟာများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်နေရန် ပူတင်က တိုက်တွန်းခဲ့ပြီး ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ထိထိရောက်ရောက်နှင့် အချိန်မီ တုန့်ပြန်နိုင်ခွင့် ရှိနေသည်ဟုလည်း ဆိုသည်။

    အမေရိကန်မှာ ဒုံးခွင်းစနစ်များနှင့် နျူလက်နက်များကဲ့သို့ အစွမ်းထက်သည့် အခြား တိုက်ခိုက်ရေးစနစ်များကို ချထားက ကာကွယ်ရေးဗျူဟာ မျှတမှုကို ဖျက်ဆီးနေသည်ဟုလည်း ပူတင်က ပြစ်တင်ပြောဆိုခဲ့သည်။

    Ref: RT