News @ M-Media
Tag: US
  • တက္ကဆက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂၀ ကျော် သေဆုံး
    တက္ကဆက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂၀ ကျော် သေဆုံး
    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆူသာလန်းစပရင်းမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူတစ်ယောက်က မနေ့မှာ သေနတ်နဲ့ ၀င်ပစ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၆ ဦး သဆုံးခဲ့တယ်လို့ သိရပါတယ်။
    First Baptist ဘုရားကျောင်းမှာ မနက် ၁၁ နာရီ ၀တ်ပြုဆုတောင်းနေတဲ့အချိန် ဒီလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ခရိုင်ရဲမင်းကြီး ရောဘတ်မာဖီက သေနတ်သမားဟာ သေဆုံးသွားပြီလို့ ပြောကြားခဲ့ပါတယ်။
    အာဏာပိုင်တွေရဲ့ နောက်ပိုင်းထုတ်ပြန်မှုမှာ သံသယရှိသူ သေနတ်သမားကို ကားပေါ်မှာ သေဆုံးလျက်တွေ့ရပြီး သူ့ကိုယ်သူသတ်သေတာလား၊ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
    တိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်ကနေ ၇၂ နှစ်အရွယ်ကြားက လူ ၂၆ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးက ဘုရားကျောင်းအတွင်းထဲ၊ ၂ ဦးက အပြင်ဘက်နဲ့ တစ်ဦးက ဆေးရုံပို့နေစဉ် အသီးသီး သေဆုံးခဲ့တာဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ်ျ အဘော့တ်နဲ့ အခြား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    သေနတ်သမားရဲ့အမည်ကို အစိုးရက ထုတ်ပြန်ခြင်းမရှိသေးဘဲ ကျည်ကာအင်္ကျီနဲ့ အပေါ်အောက်အနက်ရောင်ဝတ်ဆင်ထားတဲ့ လူဖြူလူငယ်တစ်ဦးဖြစ်တယ်လို့သာ ဖော်ပြပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူလည်း အများအပြား ရှိခဲ့ပါတယ်။
    ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ဆူသာလန်းစပရင်းဟာ ဆန်အန်တိုနီယိုအပြင်ဘက် ၅၅ ကီလိုမီတာအကွာမှာရှိတဲ့ တောမြို့လေးတစ်မြို့ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့လက လက်စ်ဗီးဂက်စ်မှာ အသက် ၅၈ နှစ်အရွယ် စတီဖင် ပက်ဒေါ့က်ဆိုသူဟာ ဂီတပွဲလူအုပ်ထဲကို ရိုင်ဖယ်တွေနဲ့ ပစ်ခဲ့တာကြောင့် အနည်းဆုံး ၅၈ ဦးသေဆုံးပြီး လူ ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ပစ်ခတ်မှုလည်းဖြစ်ပါတယ်။ ပက်ဒေါ့က်ကလည်း သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။
    သေနတ်ရာဇတ်ဝတ်မှုစောင့်ကြည့်အဖွဲ့ Mass Shooting Tracker က အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်မှု အနည်းဆုံး ၂၄ ခု ဖြစ်ပွားခဲ့ပြီး၊ အခုနှစ်အတွင်းမှာ ၁၄၉၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
    Ref: Aljazeera
  • နျူစီမံကိန်းမှာ အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန်ဟု မြောက်ကိုရီးယားပြော
    နျူစီမံကိန်းမှာ အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန်ဟု မြောက်ကိုရီးယားပြော
    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media
    – အမေရိကန်၏ ကျူးကျော်မှု လုယက်တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် မိမိတို့မှာ နျူလက်နက် လိုအပ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
    နိုင်ငံပိုင်သတင်းဌာန (KCNA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Uriminzokkiri ၀က်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ ပိတ်ဆို့မှုများ၊ ဖိအားများ၊ စစ်ရေးခြိမ်းခြောက်မှုများကို ရူးနှမ်းသော ဆောင်ရွက်ချက်များဟုလည်း ဆိုသည်။
    “မြောက်ကိုရီးယားရဲ့ နျူစွမ်းအားဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ကိုရီးယားနိုင်ငံ တည်ရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်”
    ထို့ပြင် မြောက်ကိုရီးယားက နျူလက်နက် ထုတ်လုပ်နေခြင်းမှာ နျူလက်နက်မရှိသော နိုင်ငံများအား အမေရိကန်က ကျူးကျော်၊ တိုက်ခိုက်၊ လုယက်မှုတို့ကဲ့သို့ အခြေအနေမျိုးကို တားဆီးရန်ဖြစ်သည်ဟုလည်း ဆိုသည်။
    ယနေ့တွင်စတင်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အာရှဒေသခရီးစဉ် မစတင်မီ မြောက်ကိုရီးယား၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
    စက်တင်ဘာလတွင် မြောက်ကိုရီးယားက ၎င်းတို့၏ အင်အားအပြင်းဆုံး နျူစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။
    Ref : Aljazeera
  • ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်
    – ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အဆုံးသတ်ရေး တွန်းအားပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ဟာ အခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
    သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ၁၀ ရက်ကြာ အာရှခရီးစဉ်ကို လိုက်ပါလာမယ့် တီလာဆန်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာမှာ ဖြစ်ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ တီလာဆန်ဟာ မြန်မာနိုင်ငံအပေါ် လူသိရှင်ကြား ဝေဖန်ရှုတ်ချသူတစ်ဦးဖြစ်ပြီး အခုလအစောပိုင်း ၀ါရှင်တန်ဒီစီက တတ်သိပညာရှင်များအဖွဲ့တစ်ခုနဲ့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တီလာဆန်ဟာ အခုခရီးစဉ်မှာ ‘ရိုဟင်ဂျာတွင် ရခိုင်ပြည်နယ်ကို လုံလုံခြုံခြုံနဲ့ သူတို့ရဲ့ သဘောဆန္ဒအလျောက် ပြန်လာနိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းမယ်’ လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဖုန်းဆက်စကားပြောဆိုခဲ့ပါတယ်။
    Ref : CNN
  • လူမည်းများအပေါ် ခွဲခြားစော်ကားမှုဖြင့် အမေရိကန်ရဲအရာရှိတစ်ဦး တရားစွဲခံရ
    လူမည်းများအပေါ် ခွဲခြားစော်ကားမှုဖြင့် အမေရိကန်ရဲအရာရှိတစ်ဦး တရားစွဲခံရ
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    – လူမည်းများအား IS နှင့် နှိုင်းယှဉ်ကာ အားလုံးကို သတ်ပစ်ချင်သည်ဟု ပြောကြားခဲ့သည့် ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးကို အမေရိကန်အစိုးရက တရားစွဲဆိုထားသည်ဟု သိရသည်။
    နယူးဂျာဆီပြည်နယ် ဘိုဒန်တောင်းမြို့နယ်ရဲစခန်းမှ အသက် ၆၀ အရွယ် စခန်းမှူး ဖရမ့် နူဆီရာ ဂျေအာရ်ဖြစ်ပြီး အမုန်းရာဇ၀တ်မှု၊ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်မှု စသည့်စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည်။
    အမှုတွဲတွင် နူဆီရာမှာ အာဖရိကန်-အမေရိကန် သံသယရှိသူတစ်ဦး၏ ခေါင်းကိုကိုင်ကာ တံခါးစောင်းဖြင့် စောင့်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့ကြောင်း၊ လူမျိုးရေးခွဲခြားသည့်စကားများ၊ အမုန်းစကားများကိုလည်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
    ဒေသတွင်းသတင်းစာ The Trentonian က နူဆီရာမှာ ဇန်န၀ါရီလက မည်သည့်အကြောင်းအရင်းမှန်း တိတိကျကျ မသိရဘဲ အနားယူသွားသည်ဟု ဖော်ပြခဲ့သည်။
    လက်အောက်အရာရှိတစ်ယောက်ကို ပြောကြားသည့်စကားတွင် နူဆီရာက အာဖရိကန်-အမေရိကန်များကို IS အကြမ်းဖက်သမားများနှင့် နှိုင်းယှဉ်ခဲ့ပြီး ၎င်းတို့မှာ တန်ဖိုးမရှိကြောင်း၊ အားလုံးကို တန်းစီရပ်ခိုင်းကာ လက်ဖြောင့်တပ်ဖွဲ့ဖြင့် သတ်ပစ်ချင်သည်ဟု ပြောကြားခဲ့ကြောင်း အမှုတွဲတွင် ထည့်သွင်း ဖော်ပြထားသည်။
    နူဆီရာမှာ ယမန်နေ့တွင် တရားရုံးသို့ လာရောက် ကြားနာခဲ့ပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၅ သိန်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
    နူဆီရာအပေါ် ပြုလုပ်ထားသည့် စွဲချက်များတွင် လူမည်းများအား ရဲခွေးများဖြင့် ခြောက်လှန့်ခြင်းလည်း ပါဝင်ပြီး အမည်မဖော်လိုသည့် လုပ်ဖောက်ကိုင်ဖက်တစ်ဦးက နူဆီရာမှာ သံသယရှိသူများက ၎င်းအား လက်တုန့်မပြန်နိုင်စေရန် အင်အား အလွန်အကျွံအသုံးပြုခဲ့မှုများ ရှိနေကာ စွဲချက်တွင် ထိုကိစ္စ မပါဝင်ဟု ထောက်ပြခဲ့သည်။
    လက်ယာစွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ရက်ရက်စက်စက် တုန့်ပြန်ရန်နှင့် အင်အားအလွန်အကျွံအသုံးပြုရန် ရဲတပ်ဖွဲ့ဝင်များအား ပြောကြားထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် စောင့်ကြည့်အဖွဲ့များ၏ ဝေဖန်မှုများ ရှိနေချိန်တွင် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။
    Ref: Aljazeera
  • နယူးယောက်တွင် လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွား
    နယူးယောက်တွင် လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွား
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့လယ်ကောင်တွင် အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ပစ်မှတ်ထား၍ ပစ်ကပ်ကားဖြင့် ၀င်တိုက်ခဲ့မှုကြောင့် အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ယမန်နေ့ နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိုးဝါးမန်ဟက်တန်ရပ်ကွက်တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ လူရှုပ်နေသည့် စက်ဘီးလမ်းရှိ စက်ဘီးစီးသူများ၊ လမ်းသွားလမ်းလာများကို ကားဖြင့် ၀င်တိုက်ခဲ့ပြီး နောက်ပိုင်းတွင် ကျောင်းကားတစ်စီးအား ၀င်တိုက်မိခဲ့ကြောင်း၊ ထို့နောက် ကားသမားမှာ သေန
    တ်အတုနှစ်လက်ဖြင့် ကားထဲမှ ချိန်ရွယ်ဝှေ့ယမ်းနေစဉ် တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ဒဏ်ရာရရှိသူများတွင် ကျောင်းသား ၂ ဦး ပါဝင်ပြီး ဒဏ်ရာဆိုးရွားသော်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေမဟုတ်ဟု ဆိုသည်။
    တိုက်ခိုက်သူမှာ ၀မ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။ ၎င်းထံမှ ပင်ပေါင်သေနတ် တစ်လက်နှင့် ကစားစရာသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှု အကြောင်းအရင်းကို မသိရသေးပေ။
    အခင်းဖြစ်ပွားသည့်နေရာမှာ ၂၀၀၁ ခုနှစ်က ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် ဘလောက်အနည်းငယ်သာ ဝေးသည်။
    နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက အဆိုပါတိုက်ခိုက်မှုမှာ အပြစ်မဲ့အရပ်သားများကို ရည်ရွယ်သည့် သရဲဘောကြောင်သော အကြမ်းဖက်လုပ်ရပ်ဟု ပြောကြားခဲ့သည်။
    အမေရိကန်အစိုးရ၏ ပြည်ထဲရေးဌာနက ထိုအဖြစ်အပျက်ကို ‘အကြမ်းဖက်လုပ်ရပ်’ အဖြစ် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera