News @ M-Media

Tag: US

  • ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ခြေရှုပ်မှုနှင့်ပတ်သက်၍ ထရမ့်အကြံပေးဟောင်းများ တရားစွဲခံရ

    ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ခြေရှုပ်မှုနှင့်ပတ်သက်၍ ထရမ့်အကြံပေးဟောင်းများ တရားစွဲခံရ

    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media

    ပေါလ် မာနာဖို့တ် (၀ဲ) နှင့် ရစ်ဂိတ် (ယာ)

    – ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှား၏ ၀င်ရောက်စွက်ဖက်မှုတွင် ပူးပေါင်းပါဝင်မှု၊ ငွေကြေးခ၀ါချမှုများဖြင့် FBI က သမ္မတထရမ့်၏ အကြံပေးဟောင်း ၂ ဦးကို တရားစွဲဆိုခဲ့သည်ဟု သိရသည်။

    ထရမ့်၏ မဲဆွယ်ရေးအကြီးအကဲဟောင်း ပေါလ် မာနာဖို့တ်နှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်ဟောင်း ရစ်ဂိတ်တို့ ဖြစ်ကြပြီး ယမန်နေ့တွင် FBI သို့ လာရောက်အဖမ်းခံခဲ့သည်။

    အမေရိကန်တရားရေးဌာနက ၎င်းတို့နှစ်ဦးကို အမေရိကန်နိုင်ငံအပေါ် ပူးပေါင်းကြံစည်မှု၊ ငွေကြေးခ၀ါချမှုနှင့် အခြားသော ဘဏ္ဍာရေးစွဲချက်များအပါအ၀င် စုစုပေါင်း စွဲချက် ၂၁ ခုဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။

    ယခုစွဲချက်မှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရုရှားက ၀င်ရောက်ချယ်လှယ်ခဲ့သည်ဆိုသည့် သတင်းများအတွက် အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှု၏ ပထမဆုံး တရားစွဲဆိုမှုလည်းဖြစ်သည်။

    မာနာဖို့တ်နှင့် ဂိတ်တို့ နှစ်ဦးစလုံးမှာ စွဲချက်များအတွက် အပြစ်မရှိဟု ပြောကြားခဲ့သည်။

    မာနာဖို့တ်ကို အာမခံ ကန်ဒေါ်လာ ၁၀ သန်းဖြင့်လည်းကောင်း၊ ဂိတ်ကို ၅ သန်ဖြင့်လည်းကောင်း ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်ကျယ်ချုပ် ချထားသည်။ သို့သော်လည်း ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် ဆက်စပ်သည့် စွဲချက်များကို မတွေ့ရသေးပေ။

    Ref: Ajazeera

  • လူဖြူအစွန်းရောက်များမှာ ခရစ်ယာန်နာမည်ကို အသုံးချနေသည်ဟု ကန်ဘာသာရေးခေါင်းဆောင်များ ထုတ်ပြန်

    လူဖြူအစွန်းရောက်များမှာ ခရစ်ယာန်နာမည်ကို အသုံးချနေသည်ဟု ကန်ဘာသာရေးခေါင်းဆောင်များ ထုတ်ပြန်

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်များ၏ ချီတက်လမ်းလျှောက်ပွဲအား ဆန့်ကျင်ရှုတ်ချသည့် အဖွဲ့များနှင့် ပူးပေါင်းသွားမည်ဟု အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်ရှိ ဘာသာပေါင်းစုံမှ ခေါင်းဆောင် ၁၀၀ ကျော်က ကြေငြာလိုက်သည်။

    ပြည်နယ်အတွင်းရှိ မြို့များတွင် ‘White Lives Matter’ ခေါင်းစဉ်ဖြင့် ဆန္ဒပြမှုများ ပြုလုပ်ရန် ရှိနေချိန်တွင် ဘာသာရေးခေါးဆောင်ပါင်း ၁၇၂ ဦး ပါဝင်လက်မှတ်ရေးထိုးထားသည့် အဆိုပါကြငြာချက်တွင် လူဖြူအစွန်းရောက်များမှာ ၎င်းတို့၏ လှုပ်ရှားမှုကို ‘ခရစ်ယာန်သာသနာဆိုသည့် ခေါင်းစဉ်ဖြင့် ကာကွယ်ထားသည်’ ဟု ဖော်ပြထားသည်။

    “ဒီအုပ်စုတွေဟာ လူဖြူအစွန်းရောက်ဝါဒ စည်းမျဉ်းတွေအပေါ်မှာ တည်ထောင်ထားကြတာပါ။ လူမျိုးရေးနဲ့ ဘာသာရေး မတူမှုတွေကြားထဲမှာ တံတိုင်းမကာဘဲ တံတားထိုးကြဖို့ ကျွန်တော်တို့ ဘာသာတရားအားလုံးက တိုက်တွန်းလိုက်ပါတယ်” ဟု ကြေငြာချက်ကဆိုပြီး လူဖြူအစွန်းရောက်များ၏ ဆန္ဒပြမှုမှာ ‘လူမျိုးရေးအစွန်းရောက် အမျိုးသားရေးဝါဒကို မြှင့်တင်သည်မှလွဲ၍ အခြားနိဂုံးမရှိ’ ဟုလည်း ထည့်သွင်းရေးသားခဲ့သည်။

    ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့တွင် သြဂုတ်လအတွင်းက လူဖြူအစွန်းရောက်များနှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး၊ တန်နက်ဆီမှ ဘာသာရေးခေါင်းဆောင်များက ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မဖြစ်ရန်အတွက် တိုက်တွန်းခဲ့သည်။

    ပြည်နယ်အာဏာပိုင်များက လူဖြူအစွန်းရောက်များ၏ ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုများ ဖြစ်လာနိုင်ပြီး ဆန္ဒပြမည့်နေရာ အနီးတစ်ဝိုက်တွင် နေထိုင်၊ အလုပ်လုပ်သူများအနေဖြင့် သတိထားရန်နှင့် ထိုနေရာများသို့ မသွားရန် သတိပေးထားသည်။

    မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်းများအရ သမ္မတ ဒေါ်နယ်ထရမ့်မှာ တိုင်းပြည်ကို ပိုမိုစိတ်ဝမ်းကွဲအောင် ပြုလုပ်နေပြီး ၎င်းရွေးကောက်ခံခဲ့ချိန်မှစ၍ အမုန်းရာဇ၀တ်မှုများ သိသိသာသာ မြင့်တက်လာသည်ဟု အမေရိကန်အများစုက ယူဆခဲ့ကြသည်။

    Ref : Press TV

  • မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံ နျူလက်နက်ပိုင်ဆိုင်သည်ကို အမေရိကန်က မည်သည့်အခါမှ လက်ခံမည်မဟုတ်ဘဲ၊ ပြုံးယမ်အနေဖြင့် နျူလက်နက်ဖြင့် တိုက်ခိုက်လာပါက စစ်ရေးဖြင့် ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေးလိုက်သည်။

    ဆိုးလ်မြို့၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ယွန်းမူနှင့် စနေနေ့က ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် မာတစ်မှာ သောကြာနေ့က ၁၉၅၀-၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲမှစတင်၍ ကိုရီးယားကို နှစ်ခြမ်းကွဲစေခဲ့သည့် စ
    စ်ရပ်စဲရေးဇုန်သို့ သွားရောက်ခဲ့သည်။

    “အမှားတော့မလုပ်မိပါစေနဲ့။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ဘယ်လို တိုက်ခိုက်မှုတွေပဲလုပ်လုပ် ပြန်လည် ချေမှုန်းသွားမှာပါ။ ဘယ်နျူကလီးယားလက်နက်ကိုမဆို အသုံးပြုတာနဲ့ စစ်ရေးအရ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု မာတစ်က ဆိုသည်။

    ထို့ပြင် မြောက်ကိုရီးယားအား နျူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်က မည်သည့်အခြေအနေမျိုးတွင်မှ လက်ခံသွားမည်မဟုတ်ဘဲ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးပေါင်းကြိုးပမ်းမှုမှာ ခြိမ်းခြောက်မှုများကို တားဆီးရန်နှင့် လိုအပ်ပါက စစ်ရေးနည်းလမ်းများဖြင့် တုန့်ပြန်သွားရန် ဖြစ်သည်ဟုလည်း မာတစ်က ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားသတင်းစာ Sinmun က အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ‘ထိပ်တိုက်တွေ့ဆုံရေး အနေအထားကို ရူးနှမ်းစွာ ဖန်တီးနေကြသည်’ ဟု စနေနေ့တွင် ရေးသားခဲ့သည်။

    Ref : Aljazeera

     

  • ထိုမ်ဝမ်သမ္မတအား ၀င်ခွင့်မပြုရန် ကန်ကို တရုတ်တိုက်တွန်း

    ထိုမ်ဝမ်သမ္မတအား ၀င်ခွင့်မပြုရန် ကန်ကို တရုတ်တိုက်တွန်း

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    ထိုင်ဝမ်သမ္မတ Tsai Ing-wen

    – ထိုင်ဝမ်သမ္မတအား အမေရိကန်ပိုင်နက်များမှတစ်ဆင့် ခရီးသွားခွင့်မပြုရန် တရုတ်က အမေရိကန်ကို တိုက်တွန်းလိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်မည့်ခရီးစဉ် စတင်တော့မည့်အချိန်တွင် ယခုတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ဒီမိုကရက်တစ်ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ဆံရေး မလုပ်နိုင်သော ၎င်းတို့၏ ပြည်နယ်တစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက် ရောက်ရှိရန် စစ်အင်အား အသုံးပြုရန်လိုအပ်ပါက အသုံးပြုသွားမည်ဆိုသည့် မူဝါဒလည်း ရှိနေသည်။

    တရုတ်က ထိုင်ဝမ်ကိစ္စမှာ အမေရိကန်နှင့် ၎င်းတို့အကြား ထိလွယ်ရှလွယ်ပြီး အရေးကြီးသော ပြဿနာအဖြစ် ပုံမှန်လိုလို ပြောကြားလေ့ရှိပြီး၊ ထိုင်ဝမ်သမ္မတများ အမေရိကန်ပိုင်နက်များတွင် တစ်ထောက်နားမှုကို အမြဲတမ်း ကန့်ကွက်လေ့ရှိသည်။

    ထိုင်ဝမ်သမ္မတ Tsai Ing-wen မှာ မဟာမိတ် ပစိဖိတ်ကျွန်းနိုင်ငံ ၃ ခုဖြစ်သော တူဗာလူ၊ ဆော်လမွန်နှင့် မာရှယ်ကျွန်းတို့ကို တစ်ပတ်တာကြာမြင့်မည့် ခရီးစဉ်အဖြစ် ယနေ့တွင် ထွက်ခွာရန်ရှိနေပြီး အမေရိကန်ပိုင်နက်များဖြစ်သော ဟိုနိုလူလူနှင့် ဂူအမ်ကျွန်းများမှတစ်ဆင့် သွားရောက်မည်ဖြစ်သည်။

    ထရမ့်မှာ လာမည့်နှစ်ပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်ရန်ရှိနေသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာက ထရမ့်မှာ ထိုဝမ်သမ္မတ ရွေးကောက်ပွဲအပြီးတွင် သမ္မတသစ် Tsai Ing-wen ကို ဖုန်းခေါ်ဆိုက ချီးကျူးခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    တရုတ်ကမူ ထိုကိစ္စအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

    Ref : CNA

  • မြောက်ကိုရီးယားအတွက် အမေရိကန်၏ သဘောထားမှာ စစ်ပွဲမဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ပြော

    မြောက်ကိုရီးယားအတွက် အမေရိကန်၏ သဘောထားမှာ စစ်ပွဲမဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    တောင်ကိုရီးယားတွင်တွေ့ရသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာတစ်

    – ပြုံးယမ်နှင့်ပက်သက်၍ ၀ါရှင်တန်၏ ရည်ရွယ်ချက်မှာ စစ်ရေးတင်းမာမှုများ လျှော့ချရန်သာဖြစ်ပြီး စစ်ပွဲဆင်နွှဲရန် မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင် မာတစ်က သောကြာနေ့တွင် ပြောကြားလိုက်ပြီး ကိုရီးယားနှစ်နိုင်ငံကြား ကြီးမားသောတံတိုင်းကြီးအဖြစ်သာ ရပ်တည်သွားမည်ဟု ဆိုသည်။

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်တို့အကြား စစ်ရေးခြိမ်းခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    တောင်ကိုရီးယားသို့ ရောက်ရှိစဉ် နှစ်နိုင်ငံ စစ်ရပ်စဲရေးဇုန်သို့ သွားရောက်ခဲ့သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာတစ်က အမေရိကန်အနေဖြင့် သံတမန်ရေးနည်းလမ်းကိုသာ လိုလားသည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံခြားရေးဝန်ကြီး တီလာဆန် ပြောသွားသလိုပါပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်က စစ်ပွဲဆိုတာထက် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေးသာ ဖြစ်ပါတယ်”

    မိမိနှင့် မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး စောင်ယွန်မူးတို့မှာ မြောက်ကိုရီးယားနိုင်ငံ၏ တရားလက်လွတ် ပြုမူကျင့်ကြံမှုကို သံတမန်မနည်းလမ်းဖြင့်သာ ဖြေရှင်းရေး အပြန်အလှန်ကတိက၀တ်ထားရှိမှုအကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်ဟု မာတစ်ကဆိုသည်။

    အမေရိကန်အနေဖြင့် စစ်ပွဲကို အလျင်စလို ပြုလုပ်သွားမည်မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးကိုရှေ့ရှုသည့် အဖြေတစ်ခု ရှာဖွေနေသည်ဟု မာတစ်က ပြောဆိုခဲ့ပြီး တစ်ရက်အကြာတွင် ယခုမှတ်ချက် ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။

    Ref : CNA