News @ M-Media

Tag: Yangon

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC03042

    ရန်ကုန် ။ ။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာအား အလွဲသုံးစားမပြုရခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာလမ်းမကြီးရှိ ရွှေအိမ်တော်ခန်းမ၌ ပြုလုပ်ဆွေးနွေးခဲ့ရာ လူ ၁၀၀-ကျော် တက်ရောက်ခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် သီတဂှုဗုဒ္ဓတက္ကသိုလ် ကထိကဆရာတော် အရှင်တိက္ခသာရ ( B.A., M.A) က စတင်ဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးမှုတွင် ” လူအားလုံးဟာ ဘာသာတရားနဲ့ပက်သက်လာရင် ဘယ်သူမှ မခံကြဘူး။ ဘာသာတရားနဲ့ပက်သက်ရင် အသိပညာတွေခေါင်းပါးနေတဲ့အတွက်ကြောင့် သူများအသုံးချခံနေကြရတာပါ။ အဓိကကတော့ အသိဥာဏ်ရှိကြဖို့ပါ။ အသိဥာဏ်တွေတိုးတက်လာပြီဆိုရင် ဘယ်သူကမှ အသုံးချလို့မရတော့သလို ဘယ်သူကမှလည်း ပဋိပက္ခဖြစ်အောင် မဖန်တီးနိုင်တော့ပါဘူး။ ဒါကြောင့် ဘာသာဝင်အသီးသီးက ပုဂ္ဂိုလ်များ တို့တတွေ ယုံကြည်၍ ကိုးကွယ်ထားကြတဲ့ဘုရားသခင်၊ ဘုရားရှင်တို့ရဲ့ဂုဏ်ကို အလွဲသုံးစားမပြုကြပါနဲ့။ တခြားဘာသာတွေကို မေတ္တာမထားကြပါနဲ့လို့ဘယ်ဘုရားသခင်ကမှ မဟောတာ ဘာသာဝင်အားလုံးလည်းသိပါတယ်။ ငါ့ဘာသာလျှင်ကောင်းတယ်၊ သူ့ဘာသာလျှင် ကောင်းတယ်ဆိုတဲ့ ဘာသာတရားနဲ့ လူမျိုးခွဲခြားရေးစကားတွေကို မပြောကြပါနဲ့၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာကိုလည်း အလွဲသုံးစားမပြု ကြပါနဲ့”ဟု သြ၀ါဒ မြွက်ကြားခဲ့သည်။

    “နိုင်ငံရေးသည် တကယ်တော့ ယုတ်ညံ့တာမဟုတ်ပါဘူး။ နိုင်ငံရေးကို ယုတ်ညံအောင် လုပ်နေတဲ့ လူတွေကြောင့်သာ ယုတ်ညံနေရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြရသလို၊ ဘာသာရေးကိစ္စ အလို့ငှာ နိုင်ငံရေးကိုလည်း အလွဲသုံးစားမပြုကြရပါဘူး။ အစ္စလာမ်တွေထဲမှာလည်း ထွန်းတောက်ခဲ့သည့် မြန်မာ့သူရဲ့ကောင်းတွေရှိသလို။ ကျွန်တော်တို့ဟာ ဘာသာ သာမတူပေမဲ့၊ နိုင်ငံသားခြင်းတော့ တူကြပါတယ်။ ကိုယ်နဲ့အတူ ကိုယ့်ရန်သူလို့ မတွက်ကြဘဲ၊ ကိုယ်နဲ့မတူ ကိုယ့်ဥာဏ်ကိုကူမယ့် သူတွေလို့သတ်မှတ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဘာသာသာသနာဟာ အင်မတန်မှ ထိလွယ်ရှလွယ်တဲ့အတွက် အကောင်းဆုံးစနစ် ဖြစ်နေလို့ပါ။ ဒါကြောင့် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြပါနဲ့ဟု” အလ်ဟဂ်ျ ဦးအေးလွင် မှ ၎င်း၏ သဘောထားကို ဆွေးနွေးခဲ့သည်။

    အဆိုပါ ဆွေးနွေးမှုတွင် ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပရိသတ်များထဲမှလည်း သိရှိလိုသည်များကို ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားကို ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

    ၎င်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား Peace Alliance၊ ဒို့အမွေ ပညာရေးကူညီမှုအသင်း၊ ဗုဒ္ဓဘာသာလူငယ်စုစည်းမှုအသင်း(နာရေး)တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်

    ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်

    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay

    1484086_621831741187786_1726760947_n

    ရန်ကုန် ။        ။      ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်သည့ှ်ဆန္ဒပြပွဲတွင် ပုဒ်မ (၁၈) အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍ ဇန်နဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေး၊ ဧမာနွေလ ဘူးရားကျောင်းရှေ့တွင်ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အချက်သုံးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မှုလအခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်သည် နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေးဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေး အရ တဖက်သတ် ဖိနှိပ် ချူပ်ချယ်မှုများအား မပြုလုပ်ရန်များ ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သောဥပဒေများအား ပြင်ဆင်ရန်နှင့် မကိုက်ညီသည်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး ခြွင်းချက်မရှိလွှတ်ပေးရန်၊ တရားစွဲဆိုဆဲ အမှုများအား ပလပ် ဖျက်သိမ်းပေးရန်နှင့် ထပ်မံဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။

    “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင်မဟုတ်ပါဘူး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရ လက်ထက်မှာ မြစ်ဖျားခံခဲ့ရတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့သူတို့ လိုသလို ဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရ လက်ထက် မှာ မရှိသင့်တော့ဘူး။ အဲ့ဒါကို ပြည်သူတွေသိစေချင်လို့ ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမာကီးမှ ပြောကြားခဲ့ ပါတယ်။

    “နိုင်ငံသားအခွင့်အရေးအပြည့်အဝပေး” နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု ချက်ချင်းရပ်” Freedom” ဟူသော စာသားများကို ဟစ်အော်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။

    အဆိုပါဆန္ဒထုတ်ဖော်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဒေါ်ဖြူဖြူသင်းတို့ အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြပြီး ၎င်းဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်များ အပါအဝင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း အင်အား ၅၀၀ ကျော်ဆန္ဒထုတ်ဖော်ခဲ့ထုတ်ဖော်ခဲ့ပါတယ်။

  • ယုံကြည်ချက်ကြောင့် အသက်စွန့်သွားသည့် ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြု

    ယုံကြည်ချက်ကြောင့် အသက်စွန့်သွားသည့် ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြု

    ဇန်နဝါရီ ၂၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC02780

    ရန်ကုန်    ။        ။      ကျဆုံး နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲအခမ်းအနား (ပထမ)အကြိမ်ကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့က ပူးပေါင်း၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ ယနေ့နေ့လည် ၁း၀၀-နာရီမှ ၃း၃၀-နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

    ၎င်းအခမ်းအနားတွင် ကျဆုံး နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်၍ဂုဏ်ပြုခဲ့ကြပြီးနောက် ဂုဏ်ပြုပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီအောင်ပွဲအတွက် အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း (FPPS)၏ အတွင်းရေးမှူးကိုသက်နိုင်က ပြောကြားခဲ့ပါတယ်။

    “ယခုပွဲဟာ ၈၈အရေးတော်ပုံနှင့် စစ်ကြောရေးစခန်းမှာ ကျဆုံးခဲ့သည့် နိုင်ငံရေးသမားများကို ဂုဏ်ပြုသည့်ပွဲဖြစ်ပါတယ်။ ၈၈-ခု စစ်အစိုးရက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူဖမ်းပွဲကြီးအကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီမှာ နိုင်ငံရေးသမား ၁၇၅-ဦးနှင့် လူမသိသူမသိ ပျောက်ဆုံးသွားသည့် နိုင်ငံရေးသမား ၁၅ ဦးရှိပါတယ်။ ဖမ်းခံရပြီး ထောင်ထဲမှာ သေဆုံးသွားသည့်နိုင်ငံရေးအကျဉ်းသားများနှင့် ဒီမိုကရေစီ အောင်ပွဲအတွက် အသက်ကိုပင် ဂရုမစိုက်ဘဲ ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများကိုဂုဏ်ပြုသောအားဖြင် ဤအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်လို့” အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့ပါတယ်။

    ဆက်လက်ပြီး NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတင်ဦးမှလည်း ကျဆုံးသွားသည့် ရဲဘော်များ၏ ကိုယ်ကျိုးစွန့်ခဲ့ပုံ၊ သူတို့၏ ဘဝပေးဆပ် ခဲ့ပုံများ၊ ရဲဘော်များ၏ မိသားစုများထဲကသော်လည်းကောင်း၊ ထောင်အတွင်းမှာ လွတ်မြောက်လာသူများသော်လည်းကောင်း ယခုအချိန် ရောက်လာ ခြင်းမှာ အင်မတန်မှ ကံကောင်း၍သာ ညှင်းပန်းနှိပ်စက်မှုအောက်မှာ အသက်လုပြီး ထွက်လာရပြီး၊ ကျဆုံးသွားသည့်မိသားစုတွေအတွက် စုပေါင်းပြီး မိမိတို့ တက်စွမ်းသမျှထောက်ပံ့မှု သိရသည့်အတွက် ၀မ်းသာကြောင်း၊ ကျဆုံးသွားသည့် ရဲဘော်များအတွက် ၀မ်းနည်းသော်လည်း ယုံကြည် ချက်ကြောင့် အသက်စွန့်သွားသည့်အတွက် ဂုဏ်ယူကြောင်းပြောကြားပြီး ကျဆုံးသွားသည့်ရဲဘော်များ၏ မိသားစုဝင်များအား အားပေးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

    သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “ကျဆုံးသွားသည့်နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်တောင်စွန့်ပြီးတော့ တိုင်းပြည်အကျိုး အတွက်၊ လူ့အခွင့်အရေးအတွက် အသက်စွန့်ပြီးကြိုးပမ်းသွားသည့်အတွက် ကျွန်တော်အင်မတန်မှ ဂုဏ်ယူပြီး လေးစားလို့ ယခုပွဲကို တက်ရောက် ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်အထူးပြောချင်တာက နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေပါ။ သူတို့ဟာ ကိုယ့်ရဲ့ သား၊ သမီး၊ သို့ ခင်ပွန်း၊ ဆွေမျိုးထဲက တစ်ဦးဦး ထောင်ကျနေတာတောင် တစ်ယောက်ကိုတစ်ယောက်အားပေးရင်းနဲ့ ဒီနေ့ဒီအချိန်ထိရောက်လာကြတာပါ။ ဒါကြောင့်
    မိသားစုတွေသာ အသိဆုံးပါ ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝ ဘယ်လောက်ကြမ်းတမ်းလည်း ဆိုတာကို မိသားစုတွေသာ အသိဆုံးပါ။ နောက်တစ်ခုက ပုဒ်မတွေပါ၊ ဆွဲတုန်းကတော့ ရာဇဝတ်မှုနဲ့ ဆွဲတယ်။ ထောက်လှမ်းရေးနဲ့ စစ်ကြောရေးတွေလုပ်ပြီးတော့ တပ်ချင်တဲ့ပုဒ်မ တပ်ပြီး နိုင်ငံရေးအကျဉ်းသားလုပ်တော့တာပါပဲ။ အဲဒီမှာ အဖမ်းခံရပြီးတော့ ထောင်ထဲမှာ ကျဆုံးသွားတဲ့လူတွေအတွက် ကျွန်တော်အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက် ယခုလို ကျဆုံးနိုင်ငံရေးအကျဉ်းသားဂုဏ်ပြုပွဲမှာ တက်ရောက်ခွင့်ရပြီး ဂုဏ်ပြုစကားပြောကြားခွင့်ရတဲ့အတွက်လည်း ကျွန်တော် အင်မတန်မှ ဂုဏ်ယူမိပါတယ်ဟု”ပြောကြားခဲ့ပါတယ်။
    ၎င်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့်သဝဏ်လွှာကို ကျဆုံးနိုင်ငံရေးအကျဉ်းသား ဦးမင်းသစ်၏ သမီးဖြစ်သူ မဝေဝေနှင်းက ဖတ်ကြားခဲ့ပြီး၊ ဂုဏ်ပြုစကားများကို ဟံသာဝတီ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့မှ ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် ကျဆုံး၊ နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်စား မိသားစုဝင်များကို ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြ ပါတယ်။

  • ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ဇန်နဝါရီ ၁၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC02713

    ရန်ကုန်  ။       ။      (၇၆) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားဝင်း အတွင်း၌  ပြုလုပ်ခဲ့သည်။

    အဆိုပါပွဲတော်တွင် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အနာဂါတ်က ရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြှင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူး ပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့အချိန်မှာယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ့ ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်း ဖြစ်ပါတယ်လို့ပြောကြားခဲ့သည်။

    ဤကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂-ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇-ခုနှစ် မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

  • လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံ – လူထုအော်သံ

    ရန်ကုန်   ။         ။       လာမည့် ၂၀၁၄-ခု ဇန်န၀ါရီလ ၄-ရက် လွတ်လပ်ရေးနေ့တွင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၆၀ ပါဝင်သည့် ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၅-ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်းသိရှိရသည်။

    ဇန်နဝါရီ ၅-ရက်နေ့မှာ ဆန္ဒပြဖို့ ကျောက်တံတားရဲစခန်းကို ထပ်တင်ထားပြီး ဇန်နဝါရီ ၁-ရက်နေ့မှာ ခွင့်ပြုချက် ရ/မရ သိရပါမည် ဟုအဆိုပါ ဆန္ဒပြမည့် အဖွဲ့အစည်းထဲမှ ဦးမာကီးက အတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။
    ၎င်းနောက် ဇန်နဝါရီ ၄-ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြမည် ဖြစ်သည့်အတွက် လုံခြုံရေးအရ အခက်အခဲရှိသည့် အတွက် ကျောက်တံတားရဲစခန်းမှ ဇန်နဝါရီ ၃-ရက် သို့မဟုတ် ၅-ရက်နေ့သို့ ရွေ့ပြောင်းပေးရန် တောင်းဆိုမှုကို လက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၆၀ က ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းသိရှိရသည်။