News @ M-Media

Tag: Yangon

  • ၁၃၀၀-ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပမည်

    ၁၃၀၀-ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပမည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    DSCF8163

    လက်နက်အပါ ရင်ဘတ်ဗလာနှင့် နှလုံးသားကို အရင်းပြုပြီး တိုက်ပွဲဝင်ခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံကြီးတွင် ပါဝင်သူများအား ဂုဏ်ပြု ပူဇော်ပွဲ ဇန်န၀ါရီလ ၁၁ရက်နေ့ ကျင်းပမည်

    ရန်ကုန် ။     ။ တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုနှင့် အတူ နယ်ချဲ့ အစိုးရ တစ်ရပ် ပြုတ်ကျသွားအောင် မြန်မာ့သမိုင်းတွင် လက်နက်မပါ ရင်ဘတ် ဗလာနှင့် နှလုံးသားကို အရင်းပြု၍ တိုက်ပွဲဝင်ခဲ့သော ၁၃၀၀-ပြည့် အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့များအား ဂုဏ်ပြု ပူဇော်ပွဲကို ၂၀၁၄-ခုနှစ်၊ ဇန်န၀ါရီလ ၁၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    ယင်းအား တော်ဝင်နှင်းဆီ ခန်းမ၌ ဒီဇင်ဘာ ၁၆ရက်နေ့က ကျင်းပခဲ့သည့် ၁၃၀၀-ပြည့် စိန်ရတု သဘင်ပွဲ ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲတွင် တို့ဗမာ အစည်းအရုံးဝင် သခင်/ သခင်မများ မိသားစုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံကြီး တစ်ခုဖြစ်တဲ့အတွက် (၇၅)နှစ်ပြည့် စိန်ရတု သဘင်ပွဲကြီးကို ကြုံကြိုက်တဲ့ ကာလမှာ ကျွန်တော်တို့ မိဘတွေ ဦးဆောင်ပြီး ‘ တို့ခေတ်ကျတော့မှ ညံ့ကြတော့မှာလား- တို့ဗမာ’ ကြွေးကြော်သံနဲ့ အတူ မိုင်(၄၀၀)ကျော် ကွာဝေးတဲ့ ရန်ကုန် အရောက်ချီတက် တိုက်ပွဲဝင်ခဲ့မှု့ကို အမှတ်တရ ဂုဏ်ပြု ပူဆော်လိုခြင်း ဖြစ်ပါတယ်” ဟု၎င်းတို့က မီဒီယာများသို့ ပြောကြားသည်။

    ယင်းအကြောင်းအရာများအား ရည်စူး၍ တိုက်ပွဲဝင် သခင်၊ သခင်မကြီးများ၏ သားသမီးများနှင့် စိတ်ဝင်စားသူ ပြည်သူများ စုပေါင်းပြီး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

    “၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်။ အင်္ဂလိပ် ဂေါ်ရာ မြင်းစီးပုလိပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းသား အများ ထိခိက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပါတယ်။ မန္တလေးတွင်လည်း စစ်ပုလိပ်တွေရဲ့ ဖြိုခွင်းမှု ကြောင့် ရဟန်းသံဃာအပါအ၀င် အာဇာနည် (၁၇)ဦး ကျဆုံးခဲ့ရပါတယ်။ စစ်ပုလိပ်များဟာ ရွှေတိဂုံ ဘုရားရင်ပြင်ပေါ် အထိ စစ်ဖိနပ်များ ၀တ်ပြီး အရေးတော်ပုံ သခင်ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို လက်နက်အားကိုးပြီး ဖြေရှင်း နေသဖြင့်’ လက်နက်ကို လက်နက်ဖြင့် ပြန်လည် တွန်းလှန်ရမည်’ ဟူသော သင်ခန်းစာကို ထုတ်ယူပြီး၊ ကျောင်းသားခေါင်းဆောငများ၊ တို့ဗမာ အစည်းအရုံးဝင် သခင်များ ဦးဆောင်မှုဖြင့် လုံးဝလွတ်လပ်ရေး ရရှိသည့် အထိ တိုက်ပွဲဝင်ခဲ့သည်မှာ ကျွန်တော်တို့ တိုင်းပြည်အပေါ် လွန်စွာ ကျေးဇူး ကြီးမားလှပါတယ်” ဟု ၎င်းတို့က ထပ်လောင်း ပြောကြားခဲ့သည်။

    ထိုသို့ စိန်ရတု သဘင်ပွဲ ကျင်းပခြင်းမှာ ယင်းတို့၏ မိဘများ၊ ရဟန်းသံဃာများ၊ အလုပ်သမားကြီးများ ကျောင်းသား၊ကျောင်းသူများ၊ လှည်းနေ လှေအောင်း မြင်းဇောင်းပါ မကျန် တိုက်ပွဲဝင်ခဲ့သော အရေးတော်ပုံ တပ်သားများအား ရည်စူး၍ အလှူဒါန ပြုလုပ်ပူဇော်ခြင်း၊ မှတ်တမ်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ တေးသီချင်းများကို ယနေ့ လူငယ်များ လေ့လာအတုယူ အားကျစေရန် ပြန်လည်ဖော်ကျူးခြင်း ဖြစ်ပြီး ယင်းပွဲအား ရွှေတိဂုံ စေတီ တော်ကြီး အထက်ပစ္စယံ ရင်ပြင်တန်ဆောင်းတွင် သံဃာတော် (၇၅)ပါးအား နေ့ဆွမ်းနှင့် သဃန်းများ ဆပ်ကပ် လှူဒါန်းခြင်း၊ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ပါဝင်ခဲ့သူများအား ရေစက်ချ အမျှပေးဝေခြင်း သမိုင်းဝင် မှတ်တမ်း ဓာတ်ပုံများ ပြသခြင်းတို့ဖြင့် ဂုဏ်ပြုပူဇော်မည် ဖြစ်ကြောင်း သိရသည်။

  • မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ

    မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC02632

    ရန်ကုန်  ။          ။ မြန်မာစာပေချစ်မြတ်နိုးသူများအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ – သီရိ ခန်းမ၌ ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။

    အဆိုပါ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး အခမ်းအနားတွင် စောင်းတီးခတ်ပြီး တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာစာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဌ ဂုဏ်ထူးဦးသိန်းနိုင်က မြန်မာစာပေထိန်းသိမ်းရေး၊ မြင့်တင်ရေးတို့ကို ဘေး၊ ဘိုး၊ ဘီ၊ ဘင် အစဉ်အဆက် တို့တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့ကြပြီးဖြစ်သလို မြန်မာစာကို တစ်ထစ်ပြီး တစ်ထစ်တက်လှမ်းနိုင်စေရန် တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း၍ ပေးအပ်ခဲ့ကြရာ ယခုအခါ ပြည်သူအားလုံးလက်တွင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဤကာလအတွင်းမှာပင် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ အသင်းဝင်တို့သည် အသင်းသားတိုးပွားရေး၊ အနယ်နယ်အရပ်ရပ်၌ “မြန်စာချစ်” ဖွဲ့စည်းနိုင်ရေး၊မြန်မာစာပေဆိုင်ရာစာကောင်းပေကောင်းများ
    ထုတ်ဝေနိုင်ရေး၊ စာပေဟောပြောပွဲများ၊ မြန်မာစာထူးချွန်သူများအား ဆုချီးမြင့်ခြင်းအပါအဝင် စာပေ့တာဝန်များစွာတို့ကို ဆောင်ရွက်ခဲ့ကြပြီ ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

    ဆက်လက်ပြီး ပန်းလှိုင်ဖောင်ဒေးရှင်းဂုဏ်ပြုသဝဏ်လွှာကို ပန်းလှိုင်ဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဖေဝင်းက လည်းကောင်း၊ မြန်မာနိုင်ငံ ကဗျာ ဆရာများ သမဂ္ဂအဖွဲ့၏သဝဏ်လွှာကို ကဗျာဆရာများသမဂ္ဂ အတွင်းရေးမှုးဆရာမောင်ဝင်းရိပ်က လည်းကောင်း ဖတ်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ကဗျာဆရာများအဖွဲ့မှ ကဗျာဆရာများကလည်း ကဗျာများရွတ်ဆိုခဲ့ပါသည်။

    ဤအခမ်းအနားကို မြန်မာနိုင်ငံမှ စာပေစိတ်ဝင်စားသူများတက်ရောက်ကြ၍ တက်ရောက်သူများကို အစားအသောက်များနှင့် ဧည့်ခံကြပြီး အခမ်းအနား ကို ညနေ ၄.၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

     

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ဗဟို ပုံမှန်အစည်းအဝေးကျင်းပ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ဗဟို ပုံမှန်အစည်းအဝေးကျင်းပ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    untitled(7)

    ရန်ကုန် ။         ။     ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယ အကြိမ် ဗဟို ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ နံနက် ၁၀-နာရီတွင် ပြုလုပ်ခဲ့ပြီး နေ့လည် ၃-နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဇေယျာသော် က ဒီအစည်းအဝေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆-လ တစ်ကြိမ်ပြုလုပ်သည့် ဒုတိယ အကြိမ်ဗဟိုပုံမှန်အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဆွေးနွေး တိုင်ပင်သည့် အစည်းအဝေးဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးကို အကြောင်းအမျိုးအမျိုးကြောင့် မလာနိုင်တဲ့ အဖွဲ့ချုပ်၏ အဖွဲ့ဝင်တွေအတွက်လည်း စိတ်မကောင်းပါဘူးဟုပြောကြားခဲ့ပါသည်။

    ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး နေ့လည် ၃-နာရီခွဲ အချိန်တွင် ရုပ်သိမ်းခဲ့ပြီး ၎င်းအစည်းအဝေးသို့ NLD ၏ ၇၉ ရာခိုင်နှုန်းကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

     

  • ပြည်သူတွေရဲ့ အသံကို စုမယ့် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်

    ပြည်သူတွေရဲ့ အသံကို စုမယ့် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    သီရိ

    DSCN6561

    ရန်ကုန် ။        ။ မြန်မာပြည်သူ့ဖိုရမ်(Myanmar People Forum) အခမ်းအနားကို ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ဒီဇင်ဘာလ ၃၀-ရက်နေ့ထိ နံနက် ၈-နာရီမှ ညနေ ၅-နာရီခွဲအထိ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း MCC ခန်းမတွင် ပြုလုပ်ကျင်းပလျက်ရှိပြီး အခမ်းနားကိုအရပ်ဖက်အဖွဲ့စည်း ၁၅၀-ကျော်မှ လူ ၅၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူမည့် ၂၀၁၄-ခုနှစ်တွင် ပြည်တွင်း လူမှု အခြေပြု အဖွဲ့စည်းများအနေဖြင့် အာဆီယံ လူထု ဖိုရမ်ကိုအောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ရန် အတွက် Myanmar Ppeople Forum ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ သည်။

    ဒီဇင်ဘာ ၂၈-ရက်နေ့တွင် အခမ်းနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ဝင် ဒေါက်တာ သာဥာဏ်မှ” ဒီနေ့ မြန်မာ့ သမိုင်းမှာ မြန်မာပြည်သူ့ ဖိုရမ်ဆိုတဲ့ အုတ်မြစ်ကို ယနေ့ချနိုင်ခဲ့ပါပြီ၊ ဒီနေ့ဟာ သမိုင်းဝင်နေ့လည်းဖြစ်ပါတယ်၊ ယခုကြွရောက်လာသော ဧည့်သည်တော်များက ပြည်သူ့အသံများကို စုစည်းပြီးတော့ ပြည်သူ့ ဘက်တော်သားများအနေနဲ့ ရပ်တည်ပြီးတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ တစ်ဖက် တစ်လမ်းကနေပါဝင် ကူညီတဲ့အတွက် ကြွရောက်လာသော ဧည့်သည်တော် များကို ဂုဏ်ပြု ချီးကျူးအပ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်းလည်း ဒီနေရာမှာပဲ အမြဲပြုလုပ်ကျင်းပသွားမှာပါ အားလုံးကိုလည်း နှစ်တိုင်းတွေ့ဆုံကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

    “ဒီနေ့ ပြုလုပ်တဲ့ပွဲမှာ ပြည်သူတွေရဲ့အသံကိုစုလိုက်မယ် သူတို့အတွက် ဘာအရေးကြီးတာလဲ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အကုန်ပါမယ်။ လူကုန် ကူးမှုတွေကိုဘယ်လိုကာကွယ်မလဲ၊ ဆင်းရဲနွမ်းပါးမှဲုကို ဘယ်လို ပပျောက်အောင် လုပ်မလဲ စတဲ့ ပြည်သူတွေ ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေ ပြည်သူ့ အသံတွေကို စုစည်းပြီး အစိုးရကို အကြံပြု တင်ပြသွားမယ်။ ပြည်သူတွေယုံကြည်မှုကင်းမဲ့နေတဲ့အစိုးရအနေနှင့် အများကြီးကြိုးစား လုပ်ဆောင် သွားမှာပါ” ဟု ဒေါက်တာသာဥာဏ်မှပြောခဲ့ပါသည်။

    ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှကြွရောက်လာသော ဧည့်သည်တော်များအား မိတ်ဆက် ပေးခဲ့ပါသည်။ ထို့နောက် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် “ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်ဟာ ၂၀၁၄ တွင် မြန်မာနိုင်ငံမှ အလှည့်ကျ အာဆီယံ ဥက္ကဌ အဖြစ်ဆောင်ရွက်ရာတွင် ပြုလုပ်ရမည့် အာဆီယံပြည်သူ့ ဖိုရမ်အတွက် များစွာ အထောက်ကူပြုမှာ ဖြစ်ပါတယ်။ အခုပြုလုပ်နေတဲ့ ဖိုရမ်ကြီးမှလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လိုအပ်တဲ့ အကြံကောင်းတွေကို ဖော်ထုတ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

    ထို့နောက် မြန်မာပြည်သူ့ဖိုရမ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို ဦးကျော်လင်းဦးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲကို ဒေါက်တာ အောင်ထွန်းသက်၊ ဦးကိုကိုကြီး၊ ဒေါက်တာ ညိုညိုသင်း၊ ဒေါ်ဂျာနန်း နှင့် ဆရာ ဂျော့ခ်ျရှေ တို့မှ ရှုမြင်သုံးသပ် ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့စည်းများ၏ အခန်းကဏ္ဍကို ဒေါက်တာ ကျော်သူ၊ ဒေါ်နီလာမြိုင်၊ ကိုတာ၊ မသီတာ နှင့် ဦးအောင်မျိုးမင်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

    ဒုတိယနေ့ ဒီဇင်ဘာ ၂၉-ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    တတိယနေ့ ဒီဇင်ဘာ ၃၀-ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ဖိုရမ်ကြေငြာချက် မူကြမ်း အဖြစ် ဆွေးနွေးခြင်း၊ ကြေငြာချက်ကို မူကြမ်းကို အတည်ပြုခြင်း၊ မြန်မာပြည်သူ့ ဖိုရမ်ရှေ့ လုပ်ငန်းစဉ်များကိုဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းမှာဖြစ်ပါတယ်။

     

  • ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အမှတ်တရ ဘာသာပေါင်းစုံ ဆုတောင်း

    ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အမှတ်တရ ဘာသာပေါင်းစုံ ဆုတောင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    K K

    1488328_10202174647263674_689782016_n

    ရန်ကုန်    ။       ။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် အမှတ်တရအဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ်ကို မနေ့ ဒီဇင်ဘာ ၂၇-ရက်နေ့ နေ့လည် ၃-နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီးကတည်းက ဒီအစီအစဉ်လေးကို နှစ်တိုင်းဖိတ်ကြားလို့ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ ဘာသာတစ်ခုစီကနေ ၅-ယောက်စီ တက်ရောက်ကြပါတယ်။ ဘာသာအသီးသီးအလိုက် ဒေါ်ခင်ကြည်အကြောင်း အမှတ်တရ ပြောကြပါတယ်။ ဒေါ်ခင်ကြည်အကြောင်း ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က မရှိနေပါဘူး။ ခြေထောက် ခွဲထားတာကြောင့် နားနေတယ်လို့ သိရတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့တွေနဲ့အတူ ထိုင်နေခဲ့ပါတယ်။ ပြီးတော့ ဘာသာအလိုက် ဆုတောင်း ကြတယ်။ မနက်ပိုင်းကတော့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်တယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်တာ ပါ”လို့ အစီအစဉ်မှာ ပါဝင် တက်ရောက်ခဲ့သူ ဆရာဦးအေးလွင်မှ ပြောပါတယ်။

    အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ခရစ်ယာန်ဘာသာမှ ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်းအသင်းတော်၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာတို့မှ ကိုယ်စားလှယ် ၅-ယောက်စီ ၂၅-ယောက်အပါအ၀င် ဗုဒ္ဓဘာသာမှ ဦးတင်ဦးနှင့် NLD ပါတီဝင်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

    ဓါတ်ပုံများကို နေလင်းအောင်၏ ဖေ့ဘွတ်စ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။