News @ M-Media

Tag: Yangon

  • Trader Hotel ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် တက်ရောက်ရှင်းလင်း

    Trader Hotel ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် တက်ရောက်ရှင်းလင်း

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    လင်းလင်း

    DSC00471

    ရန်ကုန်   ။       ။     အောက်တိုဘာလ ၁၄-ရက် ည ၁၁း၄၀ နာရီခန့်က ရန်ကုန်မြို့ Trader Hotel ၌ ဗုံးပေါက်ကွဲခဲ့ရာ အဆိုပါ ဗုံးပေါက်ကွဲမှုအား သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီးအပါအ၀င်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း တို့တက်ရောက် ကြပြီး သတင်းနှင့် စာနယ်ဇင်းများလည်း တက်ရောက်ခဲ့ကြပါတယ်။

    သတင်းစာရှင်းလင်းပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးအေးကျော်တို့မှလည်း ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။

    Trader Hotel ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသား မိသားစုဝင်များအနက် ဒဏ်ရာရရှိသွားသော အမျိုးသမီးအား ဆေးကုသမှုပေးနေကြောင်း၊ ကလေးငယ် များအားလည်း လုံခြုံစိတ်ချရသော နေရာတွင် ထားရှိထားကြောင်း၊ အမေရိကန် အမျိုးသားမှလည်း ယခု ဖြစ်စဉ်အား ကျေအေးနားလည်ပါကြောင်းနှင့် တရားခံများ ကိုလည်း ရှာဖွေဖော်ထုတ်ထားပြီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တို့ကို ရှင်းလင်းခဲ့ပါတယ်။

  • ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်     ။       ။   ရန်ကုန်မြို့၊ မဟာဗန္ဓုလမ်းနှင့် ၃၈-လမ်းထောင့်တွင် ယနေ့ နံနက် ၁၀း၀၀-နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ဗုံးမဟုတ် လက်ဆွဲအိတ်တစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ၃၈-လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် စည်ပင်သာယာအမှိုက်ပုံးတွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဗုံးမဟုတ်ပဲ အတာချီကေ့အခွံတစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ယခုရက်ပိုင်းအတွင်း တောင်ငူမြို့ ဗုံးပေါက်ကွဲမှုမှစတင်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်လာနေ သဖြင့် အများပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

    “ရန်ကုန်မှာ ဆက်တိုက် ဗုံးတွေပေါက်နေတာ အမေကြီး စိတ်ပူတယ်။ အိမ်က သားသမီးတွေ မြေးတွေ အပြင်သွားရင် စိတ်ပူနေရတယ်။ ဘာလို့များ ဒီလောက်တောင် အကြမ်းဖက်မှုတွေ လုပ်ချင်နေကြတာလဲ။ ပြည်သူတွေ အေးအေးချမ်းချမ်း မနေရတာကြာလည်း ကြာပါပြီ။ မသေခင်တော့ တိုင်းပြည် အေးအေးချမ်းချမ်းလေး နေနေကြတာ မြင်သွားချင်သေးတယ်”လို့ ရန်ကုန်မြို့ ၃၈-လမ်းအနီး နေထိုင်သည့် အသက် (၇၀)ကျော် အဘွားအိုတစ်ဦးမှ ပြောပါသည်။

  • International Study Centres နှင့် Bellerbys College၏ ပညာရေးဟောပြောပွဲ

    International Study Centres နှင့် Bellerbys College၏ ပညာရေးဟောပြောပွဲ

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ဆူးထက်

    untitled

    Study Group နှင့် Bellerbys College ၏ အထောက်အပံ့ဖြင့် British Council မှ ကျင်းပပြုလုပ်သော ပညာရေးဆွေးနွေးပွဲတရပ်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၁-ရက်နေ့တွင် ဗြိတိသျှကောင်စီစာကြည့်တိုက်၏ Self-Access Centre တွင် နံနက် ၉:၃၀ မှ နေ့လည် ၁၂:၀၀ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် Study Group နှင့် International Study Centers UK (ISC UK) မှ Recruitment Specialist Kelly Hsieh နှင့် Bellerbys College မှ Recruitment Specialist Gledpet Sumonphandh တို့က UK ရှိ Study Group ၏ မိတ်ဖက်တက္ကသိုလ် ၅၀ကျော်၏ ကျောင်းပရဝုဏ်တွင် ဖွင့်လှစ်ထားရှိသော ISC များနှင့် Study Group ပိုင် Bellerybys College မှ ဖွင့်လှစ်ပို့ချနေသော သင်တန်းများ၊ ဘာသာရပ်များအကြောင်း နှင့် ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။

    Study Group ၏ ISC များတွင်ပို့ချနေသော ဘွဲ့ကြို၊ဘွဲ့လွန်ဝင်ခွင့် သင်တန်းများသည် ၎င်းတို့၏ မိတ်ဖက်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတန်းများ၊ သင်ခန်းစာများ နှင့် ကိုက်ညီမှုရှိအောင် ဖန်တီးပေးထားပါ၍ တက်ရောက်ခဲ့သောကျောင်းသားများ၏ ၉၀% သည် သက်ဆိုင်ရာ ISC နှင့် ချိတ်ဆက်ထားသောတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်ရကြသည်။ ယင်းကျောင်းသားများသည် တက်ရောက်ခဲ့သည့် သင်တန်းအမျိုးအစား နှင့် စာမေးပွဲရလဒ်ပေါ်တွင် မူတည်၍ သက်ဆိုင်ရာ မိတ်ဖက် တက္ကသိုလ် များသို့ ပထမနှစ်၊ ဒုတိယနှစ် နှင့် ဘွဲ့လွန်ဒီဂရီတန်းများကို ဆက်လက်တက်ရောက်နိုင်သည်။

    Study Group UK ၏ မိတ်ဖက်တက္ကသိုလ်များ၏ ကျောင်းပရဝုဏ်ရှိ ISC များအပြင် Study Group ၏ ကိုယ်ပိုင်ဖြစ်သော Bellerbys College တွင်လည်း ဘွဲ့ကြို ဝင်ခွင့်ပြင်ဆင်ပေးသည့် GCSE, A-level, Foundation year သင်တန်းများနှင့် ဘွဲ့လွန်အတွက်ပြင်ဆင်ပေးသည့် Pre-masters သင်တန်းများကိုလည်း ဘာသာရပ် ပေါင်းစုံလင်စွာ သင်ကြားပေးသည်။ London, Oxford, Cambridge နှင့် Brighton မြို့များတွင် များဖွင့်လှစ်ထားသော Bellerbys College သည် နိုင်ငံတကာ အဆင့်မှီ နည်းပညာမြင့်မားသည့် သင်ထောက်ကူပစ္စည်းများနှင့် အရည်အချင်းပြည့်ဝသည့် ဆရာများထားရှိပြီး ကျောင်းသားများကို ပံ့ပိုးမှုပေးသည့်ဝန်ဆောင်မှုများ၊ ကျောင်းသားများနေထိုင်မှုနှင့် လူမှုရေးဆိုင်ရာ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

    Bellerbys College ၏ ကျောင်းသား ၅၇% သည် ၂၀၁၂တွင် UK ၏ တက္ကသိုလ်ဝင်ခွင့် A – Level စာမေးပွဲတွင် အဆင့်အမြင့်ဆုံး Grade များရရှိခဲ့ပြီး၊ ၅၀% မှာ UK ၏ ထိပ်တန်း တက္ကသိုလ် ၁၅ခုသို့ဝင်ခွင့်ရရှိခဲ့ကြသည်။

    UK ၏ နိုင်ငံတကာအဆင့်မှီ ဒီဂရီ ရရှိရန်မျှော်မှန်းထားသော မြန်မာကျောင်းသားများနှင့် မိမိ၏ သားသမီးများကို နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်တွင် ဝင်ဆံ့နိုင်ရန် အတွက် နိုင်ငံတကာအသိအမှတ်ပြု ပညာရေးရရှိရန် ကြံရွယ်သောမိဘများ တက်ရောက်သင့်သော ပညာရေးဆွေးနွေးပွဲတရပ်ဖြစ်ကြောင်း သိရသည်။ [email protected] သို့ စရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် အတူ ယှဉ်တွဲနေထိုင်ရေး အခမ်းအနား ရန်ကုန်မှာပြုလုပ်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဆူးထက်

    24

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် အတူ ယှဉ်တွဲနေထိုင်ရေး အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁၀၈-တောင် မဟာဗောဓိ စွယ်တော်ရှင် စေတီတော်တွင် ယနေ့ နံနက် ၁၀-နာရီမှ ၁၂-နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ဆရာတော်များ တက်ရောက်၍ ငြိမ်းချမ်းရေးစကားများကို ချီးမြှင့်ခဲ့ကြပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် >>FB တွင်ကြည့်ရန် Click Here

  • အမျိုးသားညီညွတ်ရေးကွန်ဂရက် သင်္ဃန်းကျွန်းမြို့နယ် ရုံးခန်းဖွင့်

    အမျိုးသားညီညွတ်ရေးကွန်ဂရက် သင်္ဃန်းကျွန်းမြို့နယ် ရုံးခန်းဖွင့်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    DSCN0069

    ရန်ကုန်   ။       ။        ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ပါတီရုံးခန်းကို ယနေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူ ၈၀-၀န်းကျင်ခန့် တက်ရောက်ခဲ့ပါတယ်။

    အဆိုပါ ရုံးခန်းဖွင့်ပွဲသို့ ပါတီဌာနချုပ်မှ ဥက္ကဌအပါအ၀င် အမှုဆောင်များလည်း တက်ရောက်ပြီး အမှာစကားပြော၍ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော တစ်ခြားသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမှလည်း အသီးသီး မိတ်ဆက်စကားများပြောကြားခဲ့ကြပါတယ်။

    တိုင်းပြည်ဖွံဖြိုးတိုးတက်ရန်မှာ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုကင်းရှင်းပြီး တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် အားလုံးမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား ဆိုတဲ့ ပြည်ထောင်စု စိတ်ဓါတ်ရှိရမည်ဖြစ်ကြောင်း၊ မည်သည့်လူမျိုးမည်သည့်ဘာသာပင်ဖြစ်ပါစေ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဦး ဒုက္ခရောက်ပါက အားလုံးဒုက္ခ ရောက်သလို ခံစားရကြောင်း၊ ပြည်မမှာ လမ်းပန်းဆက်သွယ်ရေးကောင်းသလို ပြည်နယ်တွေမှာလည်း ကောင်းစေရန်လိုကြောင်း၊ ပြည်သူလူထု လိုလားသည့် ပြည်သူ့ဆန္ဒကို နိုင်ငံရေးပါတီများမှလည်း ဖြည့်ဆည်းပေးရန်လည်း လိုပါကြောင်း၊ ဌာနချုပ်ဥက္ကဌမိန့်ခွန်းတွင် ပြောခဲ့ပါတယ်။

    “တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေးဆိုတဲ့ပန်းတိုင်ကို ရောက်အောင် ချီတက်ရာမှာ အရင်ကဆိုရင် အချင်းချင်းစည်းလုံး ညီညွတ်မှု မရှိတဲ့အတွက် နှစ်ပေါင်း ၅၀-ကျော် ပန်းတိုင်နဲ့ ဝေးခဲ့ကြတယ်။ ဒီကနေ့ကာလ ပြောဆိုခွင့်၊ ပါတီတွေ လုပ်ဆောင်ခွင့် ရလာချိန်မှာ အရင်ကအကြောင်းအရာတွေကို သင်ခန်းစာယူ၍ စည်းလုံး ညီညွတ်စွာ နဲ့ လုပ်ဆောင်ကြဖို့လိုပါတယ်။ ကျွန်တော်တို့ သွားရမယ့်လမ်းဟာ ပန်းခင်းတဲ့လမ်းမဟုတ်ပဲ ဆူးငြောင့်ခလုတ်တွေ ခင်းထားတဲ့လမ်းဖြစ်တာကြောင့် စည်းလုံး ညီညွတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးကွန်ဂရက်ရဲ့ အောင်လံတော်ကို ၀င့်ဝင့်ကြွားကြွား စွင့်စွင့်ညားညား လွင့်ထူပြီး တက်ညီလက်ညီ စုပေါင်း ချီတက်ကြပါစို့”လို့ ၎င်းမိန့်ခွန်းမှာပင် ပြောကြားခဲ့ပါတယ်။

    ဌာနချုပ်ဗဟိုစည်းရုံးမှူး ဦးသန်းလွင်မှ အမျိုးသားညီညွတ်ရေးကွန်ဂရက် ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းများကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံပေါ်ပေါက်ရေးတို့ ဖော်ဆောင်ရန်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် နိုင်ငံသား ရပိုင်ခွင့်၊ လူနည်းစု တိုင်းရင်းသား တန်းတူအခွင့်အရေးများကို အာမခံရန်နှင့် ဖော်ဆောင်ပေးရန်၊ အကာအကွယ်ပြုရန်၊ စီးပွားရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ ရပိုင်ခွင့်နှင့် အခွင့်အလမ်းများ ဖော်ထုတ်မြှင့်တင်သွားရန်ဖြစ်ပြီး UNC သည် လွတ်လပ်မှုကို ဖြည့်စွမ်းရန်၊ အချုပ်အခြာပိုင် နိုင်ငံတော်တွင် တာဝန်ရှိပြီး တန်းတူညီမျှသော တရားဥပဒေစနစ်က တည်ငြိမ်အေးချမ်းရေးနှင့် အာမခံ ကာကွယ်ပေးရမည်ဖြစ်ပြီး တရားမျှတမှုကို မတူကွဲပြားသော အတန်းအစား လူမျိုးအုပ်စု အမျိုးမျိုး၏ တန်းတူညီမျှမှု ရရှိရေးအပေါ် အခြေခံ၍ ဖော်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီပါတီသစ်မှလည်း “UNC ပါတီအား တွေ့ရတာ ၀မ်းသာပါကြောင်း၊ တိမ်မြုတ်သွားတဲ့ လူမျိုးစုကို ဖော်ထုတ်ရာမှာ UNC က ဦးဆောင် ဖော်ထုတ် သွားမည်ကိုလည်း ဂုဏ်ယူပါကြောင်း၊ လက်တွဲလုပ်ဆောင်ကြရန်လိုကြောင်း၊ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်တွေ ပါဝင်သွားစေဖို့က ကျွန်တော်တို့ရဲ့ ခံယူချက်ပဲဖြစ်တယ်”ဟု ပြောကြားသွားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း “ပန်းတိုင်သွားရာလမ်းမှာ အခက်အခဲများစွာကို ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။ ပါတီတိုင်းမှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ပါတီတိုင်းမှာ မူဝါဒတွေရှိပါတယ်။ UNC မှာလည်း ခုနက ဥက္ကဋ္ဌပြောသွားပါတဲ့ ပြည်သူတွေအတွက် မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ စနစ်ကောင်းရှိဖို့ လိုပါတယ်။ ဒီမိုကရေစီ စံနဲ့ စနစ်တွေလိုပါတယ်။ ၂၀၀၈ ဥပဒေက ဒီမိုကရေစီစံနဲ့ မကိုက်ညီတဲ့အတွက် ပါတီအများစုကလည်း ပြည်သူ့ဆန္ဒခံယူပြီး လုပ်ရှားနေကြပါ တယ်။ အသစ်ရေးများ ပြင်မလားဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေမှ ပြည်သူတွေကို ချပြဖို့ လုပ်ဆောင်နေကြတယ်။ ပြီးတော့ အခြေခံဥပဒေဆိုတာ ဘာလဲဆိုတာ ပြည်သူအားလုံး သိဖို့လိုပါတယ်။”လို့ ပြောခဲ့ပါတယ်။

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှလည်း “ဒီနေ့ ဒီလိုအဖွဲ့ပေါ်လာတာ ကောင်းတဲ့ လက္ခဏာရပ်ပါ။ ဘယ်နေရာမဆို တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်တာ ထက် အဖွဲ့အစည်းနဲ့လုပ်တာ ပိုအောင်မြင်ပါတယ်။ နိုင်ငံရေးစကားပြောရရင် အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုတာ ရှိပါတယ်။ မိမိကိုယ်တိုင်အကျိုးစီးပွားအတွက် လုပ်ဆောင်တာဟာ အမျိုးသားနိုင်ငံရေးပါ။ ကလေးတွေကျောင်းမှာ စာသင်တာဟာလည်း နိုင်ငံရေး၊ ကျောင်းသားတွေ ကျောင်းသွားတာဟာလည်း နိုင်ငံရေးပါပဲ။ မျိုးဆက်တွေ မွေးထုတ်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။

    ပါတီနိုင်ငံရေးဆိုတာမှာ စည်းတွေ၊ စနစ်တွေ၊ သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်မှုတွေလိုတယ်။ တစ်ဦးတစ်ယောက်တည်း မဖြစ်နိုင်ဘူး။ နိုင်ငံရေးဆိုတာ လက်ဝှေ့ပွဲ မဟုတ်ပါဘူး။ ခြင်းလုံးပွဲနဲ့တူပါတယ်။ သူ့ဘက်ရောက်လာရင် သူ့ဘက်က ခြေမကျအောင်ခတ်ရပါမယ်၊ ကိုယ့်အလှည့်ရောက်ရင် ကိုယ်တာဝန်ကျေအောင် ခတ်ရမယ်။ အဓိကကတော့ ပြည်သူလူထု စားဝတ်နေရေး ကောင်းအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာပဲ။ ပြည်သူလူထုနဲ့ ပါတီအကျိုးယှဉ်လာရင် ပြည်သူလူထုအကျိုးကို ဦးစားပေး လုပ်ဆောင်ရမှာဟာ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ သြ၀ါဒပါပဲ”လို့ မိတ်ဆက်စကားပြောခဲ့ပါတယ်။