News @ M-Media

Tag: Yangon

  • ရန်ကုန်-ဒလ တံတား စီမံကိန်းကြောင့် ကမာကဆစ်ဈေး ဖျက်မည့် သတင်းထွက်နေ

    ဇူလိုင် ၁၃၊ ၂၀၁၃
    M-Media
    အိမေ

    DSCN5423

    ရန်ကုန် ။         ။    ရန်ကုန်-ဒလကြိုးတံတားအား ကိုရီးယားနှင့်မြန်မာ ပူးပေါင်းတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ယင်းတံတားအား ကမာကဆစ်ဈေးဘက်တွင် တည်ဆောက်မည်ဖြစ်ရာ အစိုးရဘက်မှ သတင်းအတည်ထွက်ရှိလာပါက အဆိုပါဈေးကို  ဖျက်ပစ်ရမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

    “တံတားဆောက်ဖြစ်ရင် အဲဒီနေရာကလူတွေဖယ်ပေးရမှာဆိုတော့ တစ်ချို့က အိမ်တွေ၊ လယ်တွေ ရောင်းကြတယ်။ စိုးရိမ်စိတ်တွေနဲ့  ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြဘူးဖြစ်နေကြတယ်။ ကျွန်တော်တို့ လယ်သမားတွေက လယ်အလုပ်ပဲ လုပ်တတ်တာလေ။ တစ်ချို့ဆို လယ်တွေရောင်းပြီး ပိုက်ဆံထုပ်ပိုက်ပြီး ထိုင်နေကြတယ်။ ဒီတံတားသာဆောက်ဖြစ်ရင် အားလုံးနီးပါး စီးပွားရေး၊စားဝတ်နေရေး တွေ အခက်အခဲတွေ ဖြစ်သွားနိုင်တယ်။ ကမာကဆစ်ဈေးဆိုတာ ဒလမြို့ပေါ်မှာ အကြီးဆုံးဈေးကြီးပါ။ အဲဒီဈေးပေါ် မှီခိုရောင်းချနေတဲ့ ဈေးသည်တွေ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ၊ ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုလည်းဒီအတိုင်းပဲ။ သင်္ဘောဈေးသည်တွေ အားလုံးဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်လာရတော့မှာကို တွေးပူနေကြရတယ်။”ဟု ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် တွင် နေထိုင်သူတစ်ဦးက M-Media သို့ပြောကြားသည်။

    ဒလမြို့နယ်သင်္ဘောဆိပ်တွင် ဆိုင်ကယ် ကယ်ရီဆွဲသူတစ်ဦးကလည်း “ကျွန်တော်တို့အဓိက ကယ်ရီဆွဲရတာက ကမာကဆစ်ဈေးကို ဈေးလာရောင်းတဲ့သူတွေပါ။ အခု ကမာကဆစ်ဈေး ဖျက်ရတော့မယ် ဆိုတဲ့သတင်းကြားကတည်းက စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်က ဒီဈေးကို မှီခိုပြီးစီးပွားရှာတယ်။ ကျွန်တော့်မိသားစုရဲ့ စားဝတ်နေရေးက ကျွန်တော့်အပေါ် မှီခိုတယ်။ အဲဒီတော့ ကျွန်တော်တို့ မိသားစုရဲ့ အဓိကမှီခိုရာက ဒီဈေးကြီးဖြစ်နေတယ်။ ဒီဈေးသာဖျက်ရမယ်ဆိုရင် စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်သွားနိုင်ပါတယ်”ဟု M-Media ပြောကြားသည်။

    “တံတားဆောက်လိုက်ရင် လမ်းပမ်းသွားလာရေးအဆင်ပြေသွားတာပေါ့။ဆောက်မဲ့တံတားကလည်း ကြိုးတံတားဆိုတော့ ကမ္ဘာအဆင့်မှီ တာပေါ့။ ရန်ကုန်နဲ့ ဒလကို ပေါင်းကူးဆောက်မှာဆိုတော့ တံတားကကြီးတယ်။ ဆောက်ရင် ကမာကဆစ်ဈေးဘက်မှာ ဆောက်မှာဆိုတော့ ဈေးကြီးနဲ့ မလွတ်ဘူးဖြစ်နေတယ်။ အစိုးရဘက်က အတည်ကြေငြာရင် ကမာကဆစ်ဈေးကြီးကို ဖျက်ရမယ်လို့ ကြားတယ်။ ဈေးကြီးဖျက်ရမယ်ဆိုရင် သူတို့ကိုနေရာတော့ပြန်ပေးမှာပါ။ လမ်းပမ်းဆက်သွယ်ရေးက အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့ အချိန်တွေဆို သင်္ဘောတွေ သွားလို့မရဘူး။ တစ်ချို့ကျောင်းဆရာ၊ဆရာမလေးတွေဆို တစ်ဖက်ကမ်းကနေလာသင်ရတာ။ မိုးတွင်းဆိုတော့ ရေကြီးတဲ့အခါတွေကျရင် ပြန်လို့မရတာတွေဖြစ်ရတယ် ။ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အခုလို လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။”ဟု ဒလမြို့နယ်တွင်နေထိုင်သူ တစ်ဦးက M-Media သို့ပြောကြားသည်။

    အဆိုပါ စီမံကိန်းပေါ်ပေါက်လာပြီးနောက် ဒလမြို့သို့ နိုင်ငံခြားခရီးသွားများပိုမိုလာရောက်လျက်ရှိပြီး အများစုမှာ project ရေးဆွဲသည့် ကိုရီးယား လူမျိုးများသာဖြစ်ကြောင်း သိရသည်။

  • ရန်ကုန်-ဒလ ကြိုးတံတား စီမံကိန်း သတင်း ကြောင့် ဒလမြေဈေး သိန်း ၅၀၀၀ အထိ မြင့်တက်

    ဇွန်လ ၁၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    သတင်း ဓာတ်ပုံ – အိမေ

    DSCN5433

    ရန်ကုန်  ။        ။      ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရန်ကုန်-ဒလ ကြိုးတံတားစီမံကိန်းသတင်းထွက်ပေါ်လာမှုကြောင့် ဒလမြို့နယ် အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများ ကျပ်သိန်းပေါင်း ၅၀၀၀ အထက် မြင့်တက်လျက် ရှိကြောင်းသိရသည်။

    ယင်းသို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကို ဒလမြို့နယ် တရားဝင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ဖူဂျီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

    ဒလမြို့ပေါ်ရှိ မြေဈေးကွက်များမှာ ယခင်က ဈေးနည်းသော်လည်း ရန်ကုန်- ဒလ တံတား တည်ဆောက်မည့် စီမံကိန်း ထွက်ရှိလာပြီးနောက် မြေကွက်ဈေးနှုန်းများမှာ ကျပ်သိန်းပေါင်း ငါးထောင် အထက်သို့ မြင့်တက်သွားကြောင်း သိရသည်။

    ” ကျွန်တော်တို့ ဒလမြို့မှာ ရပ်ကွက်ပေါင်း (၂၄)ရပ်ကွက် ရှိတယ်။ အဲဒီ (၂၄)ရပ်ကွက်ထဲက (၁၀)ရပ်ကွက်လောက် အရောင်းအ၀ယ်ကောင်းပြီး ဈေးကောင်းရတယ်။ လယ်မြေတွေ ဆိုရင် ဒလ- တွံတေး လမ်းမကြီးဘေးမှာ ရှိတဲ့ လယ်တစ်ဧက ကို ကျပ်သိန်း ၁၅၀၀ခန့် ရှိတယ်။ အရင်က ကျပ်သိန်းဝန်းကျင်သာ တန်ဖိုးရှိတဲ့ မြေကွက်တွေက အခု ကျပ်သိန်း ၃၀၀ခန့်ပေးရတယ်။ ဒလမြို့နယ်ထဲမှာရှိတဲ့ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီး ရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ စက်မြေ ရပ်ကွက်၊ မှော်စက် ရပ်ကွက်၊ ရာဇ သင်္ကြန် ရပ်ကွက်၊ ဗညား ဒလ ရပ်ကွက်တွေမှာ ရှိတဲ့ မြေ(ပေ – ၄၀ x ၆၀) တစ်ကွက်ကို ကျပ်သိန်း (၁၀၀၀)ကနေ (၅၀၀၀) အထိခေါ်ဈေး ရှိတယ်” ဟုဒလမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်၏ တာဝန်ရှိသူ တစ်ဦးက မီဒီယာ သို့ပြောသည်။

    ” ကျွန်တော်တို့ မြေကွက်တွေ ဈေးတက်လာတာ အရမ်းဝမ်းသာပါတယ်။ အရင်က တန်ဖိုးနည်းတဲ့ မြေတွေက ခုချိန်မှာ ရွှေလို တန်ဖိုးရှိလာတော့ ကျွန်တော်တို့ လယ်သမားတွေ အတွက် ၀မ်းသာစရာပါ။ ကျွန်တော်တို့ လယ်မြေတွေကို ဒီလို ဈေးကောင်းရတုန်းလေး တချို့ကို ရောင်းချင်ပါတယ်။ ကျွန်တော်တို့ စဉ်းစားကြည့်တာပေါ့။ကျွန်တော်တို့ လယ်သမားတွေက လယ်ကလွဲရင် ကျန်တာ ဘာမှ မလုပ်တတ်ဘူး။ ငွေထုပ်ကြီး ပိုက်ပြီး ထိုင်စားနေရင် အချိန်တန်ရင် အဲဒီ့ငွေတွေက ကုန်သွားမှာပါ။ အဲဒီတော့ ကျွန်တော်တို့ လယ်သမားတွေ အနေနဲ့ သတိထားရမှာက ပိုက်ဆံတစ်ခုတည်းအတွက်နဲ့ မိမိပိုင်ဆိုင်တဲ့ လယ်မြေတွေ အကုန်လုံးကိုတော့ မရောင်းလိုက်ပါနဲ့။လယ်သမားတွေ အတွက်က ရေရှည်စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက်ဖို့က လယ်မြေတွေ ရှိမှ ဖြစ်မှာပါ ” ဟု ဒလမြို့နယ်ရှိ လယ်မြေ ပိုင်ဆိုင်သူ တစ်ဦးမှ သူ၏ ရင်တွင်းစကားသံများအား M-Media သို့ပြောပြခဲ့သည်။

  • ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

    shwe ti gone

    ရန်ကုန်၊ ဇူလိုင် ၁၂

    ၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေးတိုင်းဒေသကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ ၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ  အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

    Yangon Police FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    Source =>http://goo.gl/n0tGr

  • မိကျောင်းကန် မြေသိမ်းမှု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင်-၁၀၊ ၂၀၁၃
    M-Media
    အိမေ

    မိကျောင်းကန် မြေယာအသိမ်းခံ တောင်းဆို ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား ဆက်သွယ်မေးမြန်းချက်

    robat sanaungရန်ကုန် ။           ။          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ၂၇.၆.၂၀၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်မှ သိမ်းဆည်းထားခဲ့သော သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန် ၁.၂.၃ မှ မြေယာ အသိမ်းခံဒေသများခံ၏ တောင်းဆိုဆန္ဒ ဖော်ထုတ်ပွဲနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ဦးရောဘတ်စန်းအောင်မှ နိုင်ငံတော်နှင့် တပ်မတော်အပါ် သုံးသပ်မှုတို့အား တည်ဆဲဥပဒေများနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။

    ” သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁.၂.၃ မြေယာသိမ်းခံ ပြည်သူတွေ ဆန္ဒဖေါ်ထုတ်ကြတာ အခုအကြိမ်နဲ့ဆို (၅) ကြိမ်ရှိပြီလို့ သိရတယ်၊ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ခွင့်ပြုမိန့် မရခဲ့လို့ ပုဒ်မ-၁၈ နဲ့ အရေးယူခံခဲ့ရတယ်။ တတိယနဲ့ စတုတ္ထ၊ ပဉ္စမ အကြိမ်တွေမှာ တရားဝင် ခွင့်ပြုမိန့်တွေနဲ့ ဆန္ဒဖေါ်ထုတ်ကြတယ်။ အဲဒါကို ကျွန်တော်လည်း လေ့လာကြည့်ပြီး သူတို့တွေ ဆန္ဒဖေါ်ထုတ်တဲ့ တပ်မ(၂၂)က သိမ်းထားတဲ့ မြေတွေက၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှု မြေဂရန်တွေနဲ့ ရှိတာတွေ နှစ်ကာလရှည်နေထိုင်ပြီး အခွန်အခတွေ ပေးထားပြီး တရားဝင်သူတို့ ပိုင်ဆိုင်ကြပါတယ်။ တပ်မတော်က လိုအပ်လို့ ဒါမှမဟုတ် နိုင်ငံတော်က လိုအပ်လို့ ပြန်သိမ်းမယ်ဆိုရင် ၁၈၉၄-ခုနှစ် မြေသိမ်းဥပဒေ ပုဒ်မ ၂၃-၂၄ တို့အရ ကာလပေါက်ဈေး ပေးပြီးထိုက်တန်တဲ့ ပေးလျော်မှုမျိုး ဆောင်ရွက်ရမှာ ဖြစ်တယ်။

    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်က သိမ်းထားတဲ့ မြေတွေ အသုံးမပြုတဲ့မြေတွေကို မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ဖို့ ညွန်ကြားချက် အမိန့်တွေ ပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာပြည်အရပ်ရပ်တွင် တပ်မတော်အပိုင်းအနေနဲ့ သိမ်းယူထားသော မြေတွေ လယ်ယာတွေကိစ္စ အမြောက်အများရှိနေကြောင်း၊ ယင်း ပြဿနာတွေကို နိုင်ငံတော် အကြီးအကဲများက အောက်ခြေအထိ တည်ဆဲဖွဲ့စည်းပုံ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အချိန်ဆွဲမနေပဲ၊ တရားဥပဒေစိုးမိုးသော နည်းဖြစ်ဖို့ တရားဥပဒေ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ဖို့လိုကြောင်း၊ အဲဒီလိုမှမဟုတ်ဘဲ ထွန်တုံးတိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ပြီးတော့ ဖမ်းလိုက် ဆီးလိုက်ကနေ တရားစွဲလိုက်၊ ထောင်ချလိုက်၊  လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်လိုက်၊ လွတ်လိုက်နဲ့ ဖြေရှင်းလို့ကတော့ ပြဿနာတွေက ပြေငြိမ်းသွားမှာမဟုတ်ပဲ ပိုမိုကြီးထွားပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် ပြည်ပနိုင်ငံတွေကလည်း ပိတ်ဆို့မှုတွေနဲ့ ပြန်ပြီး ဖြစ်လာရင် တိုင်းပြည်အတွက် အရမ်းနစ်နာမယ်။ တိုးတက်မှုတွေ နှောင့်နှေးမယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်။ အဲလိုမဖြစ်ရလေအောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၊ တပ်မတော်၊ လွှတ်တော်အသီးသီးက တိုင်ပြည်နဲ့လူမျိုးကိုချစ်တယ် တိုင်းပြည်တိုးတက် ချမ်းသာစေချင်ရင် ပြည်သူလူထုရဲ့ ဆန္ဒတွေကို ဖြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ်” ဟု M-Media သို့ပြောသည်။

  • ဆရာဝန် အသင်းပိုင် မြေနေရာအား BOT စနစ်ပြုမည့် ကိစ္စ ကန့်ကွယ်ကြောင်း သတင်းစာ ရှင်းလင်းပွဲလုပ်

    ဇူလိုင် ၅၊ ၂၀၁၃
    M-Media
    သတင်း-အိမေ၊ ဓာတ်ပုံ-ဆူးထက်

    မြန်မာနိုင်ငံ ဆရာဝန်အသင်းပိုင် မြေနေရာအား BOT စနစ်ဖြင့်ပြုပြင် ပြောင်းလဲမှုကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

    ရန်ကုန် ။       ။       မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အဦးနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(ယာယီ)မှ မြန်မာနိုင်ငံဆရာဝန်အသင်းပိုင် မြေနေရာအား BOT စနစ်ဖြင့်ပြုပြင်ပြောင်းလဲမည့်မူကို ပြင်းပြင်း ထန်ထန် ကန့်ကွက်သည့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ခုနှစ်၊ဇူလိုင် ၅၊နေ့လည် ၁နာရီတွင် တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

    OLYMPUS DIGITAL CAMERA

    “မော်လမြိုင်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ဆရာဝန်အသင်းပိုင်အဆောက်အဦးဖြိုချပြီး မြေကိုရောင်းချမယ်ဆိုတာ ကြားခဲ့ရတယ်။ ဆရာဝန်အသင်းတိုက် မပျက်စီးရေး၊ကာကွယ်စောင့်ရှောက်ရေး၊မဖျက်စီးခံရရေး၊ ရောင်းမစားခံရရေး အတွက် ၂၉.၆.၂၀၁၃ ရက်က ပြည်မြို့တွင် ပထမဆုံးအကြိမ် ကန့်ကွက်ပွဲပြုလုပ်ခဲ့တယ်။

    မြန်မာနိုင်ငံဆရာဝန်အသင်းအဆောက်အဦးနဲ့မြေနေရာကာကွယ် စောင့်ရှောက်ရေးကော်မတီ(ယာယီ)မှာယာယီဥက္ကဌ လုပ်နေပေမယ့် အရည်အချင်းရှိတဲ့ သူတွေ့ရင်ဒီနေရာက ဖယ်ပေးမှာပါ။ဒီလိုလုပ်နေတာကို သိအောင်သတင်းစာရှင်းလင်းပွဲ လုပ်တာပါ။ဒါကို အားပေးတက်ရောက်လာတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်။”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း အဆောက်အဦးနှင့် မြေနေရာကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဌဆရာဝန်ကြီးဒေါက်တာအောင်ခင်ဆင့်ကပြောကြားသည်။

    ဆက်လက်၍ မန္တလေးပြည်သူ့ဆေးရုံကြီးမှ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာ ညိုမီခိုင်သန်းလှိုင်က “မြန်မာပြည်နဲ့ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့တွေ၊အစည်းအရုံးတွေကို ဖွဲ့စည်းတည်ထောင်ကြရာမှာ ဘာလုပ်ချင်တာလဲ ဆိုတဲ့ရည်ရွယ်ချက်ကို လိုက်ပြီး ဖွဲ့စည်းတည်ဆောက် လုပ်ကိုင်ကြတယ်လို့ ကျွန်မအကြမ်းဖျင်း နားလည်မိပါတယ်။သက်တမ်း(၆၃)နှစ်ရှိပြီ ဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံဆရာဝန်အသင်းကြီးရဲ့ ကောင်းမွန်တဲ့ မူလပထမ ရည်ရွယ်ချက်တွေ နဲ့ ဖွဲ့စည်းပုံ၊လုပ်ဆောင်ပုံတွေကနေ လက်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်းကြီး ဘယ်လို ဘယ်ပုံ ပြောင်းလဲသွားနေတယ်၊သွားနိုင်တယ်ဆိုတာကို ကျွန်မပြောပြပါရစေ။၁၆.၃.၂၀၁၃ ရက်စွဲပါ မြန်မာနိုင်ငံဆရာဝန်အသင်း စာအမှတ် ၁၄၇/ ဗဟို/ အကျိုးစီးပွား/ ၂၀၁၃ မှာမြန်မာနိုင်ငံဆရာဝန် အသင်းကြီးရဲ့ သဘောထား ကြေငြာချက်ကို အခုလို ဖော်ပြထားပါတယ်။

    အချက် ၅။ အလွန်လျှင်မြန်စွာ ပြောင်းလဲနေသော နိုင်ငံတော်၏နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး၊အုပ်ချုပ်ရေးများနှင့်အတူ မြန်မာနိုင်ငံဆရာဝန်အသင်းကြီးသည် စိန်ခေါ်မှုများစွာနှင့် အတူ ခေတ်ရေစီးကြောင်းအတိုင်း  မဖြစ်မနေပြောင်းလဲလိုက်ပါနေရမည်။

    အချက် ၇။ မြန်မာနိုင်ငံဆရာဝန်အသင်းကြီးသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အဆင့်ကိုလည်းကောင်း၊ဒီမိုကရေစီအဆင့်ရှိသည့် အဖွဲ့အစည်းသို့ တက်လှမ်းနိုင်ရန်အတွက်လည်းကောင်း၊အောက်ပါတို့ကို မဖြစ်မနေခံယူ၍ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။

    1.Non-Governmental To Civil Development Society
    2.Volunteerism To Professionalism
    3.Non-Profit To Corporate Social Business and Finance Stability
    4.Single Identity To Partnership Identity
    5.Non-Competitive To Competitive
    6.Non-political To Nation Political To National Politics and Professional Politics

    မြန်မာနိုင်ငံဆရာဝန်အသင်းကြီးသည် အဆိုပါအချက်တို့ကို “မဖြစ်မနေ” ခံယူ၍ ပြုပြင်နိုင်မှနိုင်ငံတကာအဆင့်ကိုတက်လှမ်းနိုင်လိမ့်မယ်လို့ လူကြီးမင်းတို့ ယုံကြည်ပါသလား။ကျွန်မကတော့လုံးဝ မယုံကြည်တဲ့အတွက် အဲဒီလိုပြုပြင်ပြောင်းလဲတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟုပြောကြားသွားခဲ့သည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲသို့မီဒီယာ ၃၀-ခန့်တက်ရောက်ခဲ့ပြီး ဧည့်သည့် ၅၀-ခန့်လည်းတက်ရောက်ခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here