News @ M-Media

Blog

  • မသန်စွမ်းမှုကို နောက်ကောက်ချခဲ့တဲ့ လန်ဒန်က မွတ်စလင်လူငယ်

    မသန်စွမ်းမှုကို နောက်ကောက်ချခဲ့တဲ့ လန်ဒန်က မွတ်စလင်လူငယ်

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    – အလန် ဟန်နက်စီဆိုတဲ့ လန်ဒန်က မွတ်စလင်လူငယ်တစ်ယောက်ဟာ အမြင်အာရုံချို့တဲ့သူတစ်ဦးပါ။

    ဒါပေမယ့် ဒီမသန်စွမ်းမှုကို သူက လုံ့လ၊ ၀ိရိယတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ကျော်ဖြတ်ကာ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ ကိန်းဘရစ်ဂ်ျတက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ပထမအဆင့်နဲ့ ရယူနိုင်ခဲ့ပါတယ်။

    ဒီဗီဒီယိုလေးကတော့ သူ့ရဲ့ ဘ၀အကြောင်း၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရမှုတွေအကြောင်း၊ စာသင်ခန်းပြင်ပဘ၀အကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။

    BBC က ဗီဒီယိုကို M-Media က စာတမ်းထိုးပြီး တက်ဆက်တာဖြစ်ပါတယ်။

  • လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    သြဂုတ် ၂ ၊ ၂၀၁၇
    M-Media
    သီဟ

    လျှပ်စစ်နှင့် စွမ်းအင် ဖိုရမ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်း အဖွင့်မိန့်ခွန်းပြောနေ စဉ် (ဆင်ဟွာ)

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းအား ၄င်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

    ဦးဖေဇင်ထွန်းမှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD အစိုးရ လက်ထက် ဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခံရသူ ဖြစ်ပါတယ်။

    လစ်လပ်သွားတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူဖို့ အမိန့်ကြေညာချက်ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

    NLD အစိုးရ တာဝန်ယူပြီး တနှစ်ခွဲကျော်ကာလ အတွင်း မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးမင်းမင်းဦးအား ၄င်း၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို သမ္မတ အမိန့်နဲ့ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။

  • ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ဈေးဖြင့် နေးမာရောက်ရှိရန် သေချာသလောက်ရှိနေ

    ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ဈေးဖြင့် နေးမာရောက်ရှိရန် သေချာသလောက်ရှိနေ

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    ဒူဘိုင်း၌ နေ့လယ်စာ စားနေသည့် နေးမာ

    – ဘာစီလိုနာတိုက်စစ်မှူး နေးမာမှာ ဒူဘိုင်းသို့ရောက်ရှိနေသည့် ဓာတ်ပုံများကို ယမန်နေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာစာမျက်နှာ၌ လွှင့်တင်ခဲ့ပြီးနောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိရန် သေချာသလောက် ရှိသွားပြီဖြစ်သည်။

    ပီအက်စ်ဂျီမှာ ဘာစီလိုနာအသင်းအား နေးမာအတွက် လျော်ကြေးပေး၍ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၁၉၉ သန်း (ယူရို ၂၂၂ သန်း) ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာပါက နေးမာမှာ ကာတာသို့သွားရောက်ကာ စာချုပ်လက်မှတ်ရေးထိုးရဖွယ် ရှိနေသည်။

    အသက် ၂၅ နှစ်အရွယ် နေးမာမှာ ၎င်း၏ Instagram စာမျက်နှာတွင် ဒူဘိုင်း၌ နေ့လည်စာစားနေသည့် ဓာတ်ပုံများကို ယမန်နေ့က လွှင့်တင်ခဲ့သည်။ ထိုမှတစ်ဆင့် နေးမာမှာ ကာတာသို့ ယနေ့တွင် သွားရောက်ရန်ရှိနေသည်။

    ယမန်နေ့တွင် ကာတာသတင်းစာများက နေးမာမှာ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာရ် အလ်-ခါလိုင်ဖီနှင့် တွေ့ဆုံရန်ရှိနေသည်ဟု ဥရောပရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ပီအက်စ်ဂျီအသင်းသို့ ယူရို ၂၂၂ သန်းဖြင့် နေးမာ ရောက်ရှိလာပါက ထိုပမာဏမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာမည်ဖြစ်သည်။

    Ref: Mirror

  • ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်တွင် ဖိလစ်ပိုင်၌ကျင်းပခဲ့သည့် Man of the World ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား အသက် ၂၆ နှစ်အရွယ် မော်ဒယ် မွတ်စ်တာဖာ ဂါလာလ် အလီဇာလီက သရဖူဆွတ်ခူးရရှိခဲ့သည်။

    ယောက်ျားပီသမှု၊ တည်ကြည်ခန့်နားမှုနှင့် တာဝန်ယူလိုစိတ်တို့ကို အဓိကထား ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အမျိုးသား ၂၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    “သမိုင်းတွင်သွားပါပြီ။ ကျေးဇူးပါ ဖိလစ်ပိုင်ပြည်သူတွေရေ – ခင်ဗျားတို့က ကျွန်တော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ” ဟု အလီဇာလီက အနိုင်ရရှိပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဒုတိယဆုကို ဗီယက်နမ်မှ ငုယင်ဟူလောင်းက ရရှိခဲ့ပြီး ပါလက်စတိုင်းမှ အဘူ ဆဟ်ယွန် ၀က်စ်လင်းက တတိယဆု ရရှိခဲ့သည်။

    အလီဇာလီမှာ အလက်ဇန်းဒရီးယားတက္ကသိုလ်မှ စာရင်းကိုင်ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းရှိ Porsche ကားကုမ္ပဏီတွင် လုပ်ကိုင်နေသည်။ ထို့ပြင် ၎င်းမှာ SM Philippines က တရားဝင်ခန့်အပ်ထားသော မော်ဒယ်ဖြစ်ပြီး နာမည်ကြီး အလှကုန် Avon Phillipines တံဆိပ်အတွက်လည်း တရားဝင်မော်ဒယ်အဖြစ် ရပ်တည်နေသည်။

    Ref: Alarabiya

  • အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က ကရီမွလ်ဟက်ဆိုသူဟာ ‘လူနာတင်ဘိုးဘိုး’ လို့ အမည်တွင်နေပါတယ်။

    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ သူ့ရဲ့ရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေက ဆေးရုံတက်ဖို့လိုတဲ့သူတွေကို သူ့ဆိုင်ကယ်နဲ့ မြို့ကဆေးရုံကို အချိန်မီလိုက်ပို့ပေးရင်း ဒီနာမည် တွင်သွားတာဖြစ်ပါတယ်။

    သူ့ရဲ့ ဒီအခမဲ့ လူနာပို့ဆောင်ပေးတဲ့လုပ်ငန်းဟာ ၁၅ နှစ်ကျော် ရှိလာပြီဖြစ်ပြီး လူပေါင်း ၄၀၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ဇနီးနဲ့ သားတွေကပါ သူ့ရဲ့ ဒီ ပရဟိတလုပ်ငန်းမှာ ပါဝင်နေကြပါတယ်။

    ဒီလို လူသားအကျိုးပြုလုပ်ငန်းအတွက် ဘယ်အရာက ကရီမွလ်ဟက်ကို တွန်းအားပေးခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရသလဲ၊ ဘယ်သူ့အထောက်အပံ့နဲ့ ရပ်တည်နေတာလဲ၊ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလဲ စတာတွေကို ဒီဗီဒီယိုမှာ ရှုစားရမှာ ဖြစ်ပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံရဲ့ ဝေလံခေါင်ဖျားဒေသ၊ ကျေးလက်ဒေသတွေမှာ ဒီလိုလုပ်ငန်းမျိုးကို အတုယူလုပ်ဆောင်လာနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ M-Media က စာတမ်းထိုးတင်ဆက်ပေးတာ ဖြစ်ပါတယ်။