News @ M-Media
Blog
  • မွတ်စလင်နိုင်ငံများအား ဗီဇာပိတ်မှု အသက်ဝင်လာရေး ထရမ့်၏ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်
    မွတ်စလင်နိုင်ငံများအား ဗီဇာပိတ်မှု အသက်ဝင်လာရေး ထရမ့်၏ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်
    မေ ၂၆၊ ၂၀၁၇
    M-Media
    – မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံမှ ပြည်သူများအား ဗီဇာပိတ်သည့် သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်ကို သက်ရောက်စေရန် လျှောက်ထားမှုကို ဗာဂျီးနီးယားပြည်နယ် အယူခံခုံရုံးက ငြင်းဆန်လိုက်ပြီး ထိုအမိန့်မှာ သည်းမခံနိုင်မှုတွင် အခြေတည်သော အမိန့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တရားသူကြီး ဂျပ် ရော်ဂျာ ဂရီဂိုရီက ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ထရမ့်၏ အဆိုပါ အမိန့်မှာ ‘အမျိုးသားလုံခြုံရေးဟု ၀ိုးတိုးဝါးတား ဖော်ပြထားသော်လည်း ပါဝင်သည့်အကြောင်းအရာတွင် သည်းမခံနိုင်မှု၊ ရန်လိုမုန်းတီးမှုနှင့် ခွဲခြားမှုများ’ သိသိသာသာ ပါဝင်နေသည်ဟု ဖော်ပြထားသည်။
    ထို့ပြင် ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ‘မွတ်စလင်များအား ပိတ်ပင်ရန်’ ဆော်သြရာ၌ ပြောကြားချက်များကို ထောက်ပြခဲ့ပြီး သမာသမတ်ကျသည့် ဆန်းစစ်သူတစ်ယောက်အနေဖြင့် ‘ထိုအမိန့်၏ ရည်ရွယ်ချက်မှာ လူများအား ၎င်းတို့၏ အယူဝါဒကို အခြေခံ၍ အမေရိကန်ပြည်ထောင်စုမှ ဖယ်ထုတ်ရန်’ ဖြစ်သည်ဟု ကောက်ချက်ချမည်ဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။
    ထရမ့်အစိုးရကမူ အမိန့်မှာ ဘာသာတရားကို ဖော်ပြထားခြင်းမရှိဘဲ တရားရုံးအနေဖြင့် စကားလုံးများကို ကျော်၍ မကြည့်သင့်ကြောင်း၊ ထိုအမိန့်၌ ရွေးချယ်ထားသည့် နိုင်ငံများမှာ မွတ်စလင်အများစု ရှိသည့်အတွက်ကြောင့် မဟုတ်ဘဲ အကြမ်းဖက်ဝါဒအန္တရာယ်ကြောင့် ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။
    တရားသူကြီးချုပ် ဂျက်ဖ် ဆက်ရှင်က ‘ပြည်သူများကို အကြမ်းဖက်ဝါဒမှ ကာကွယ်ရန်မှာ သမ္မတ၏ တာဝန်ြ ဖစ်ပြီး’၊ တရားရုံးချုပ်သို့ ဆက်လက်တက်သွားမည်ဟု ပြောကြားခဲ့သည်။
    လစ်ဗျား၊ အီရန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံမှ ပြည်သူများကို ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်သည့်အမိန့်ကို ထရမ့်က မတ်လ ၆ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့ပြီး မေရီလန်းပြည်နယ်အခြေစိုက် ဖက်ဒရယ် တရားသူကြီး သီယိုဒေါ ချူအန်က ထိုအမိန့်၏ အစိတ်အပိုင်းတစ်ချို့ကို မကျင့်သုံးရန် ပိတ်ပင်ခဲ့သည်။
    ထရမ့်၏ ထိုပေါ်လစီအား ဟာဝိုင်ယီအခြေစိုက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ပိတ်ပင်မှုကိုလည်း အယူခံခုံရုံးက ကြားနာသွားရန် ရှိနေသည်။
    ထရမ့်မှာ ဇန်န၀ါရီ ၂၇ ရက်နေ့ကလည်း ထိုကဲ့သို့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး တရားရေး၏ တားမြစ်ပိတ်ပင်မှုကို ခံခဲ့ရသည်။
    Ref: Aljazeera
  • ၀န်ကြီးနေအိမ်တွင် ပုန်းနေသည့် အစွန်းရောက်ဘုန်းကြီးကို ဖမ်းရန် သီရိလင်္ကာ ရဲတပ်ဖွဲ့ ပြင်ဆင်
    မေ ၂၅၊ ၂၀၁၇
    M-Media
    ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ဖြစ်သော BBS အဖွဲ့၏ အတွင်းရေးမှူး Galagoda Atte Gnanasara
    – သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ဖြစ်သော BBS အဖွဲ့၏ အတွင်းရေးမှူး Galagoda Atte Gnanasara ကို ဖမ်းဆီးရန်အတွက် ၎င်းပုန်းအောင်းရာ နေအိမ်တစ်ဝိုက်ကို ရဲတပ်ဖွဲ့က တပ်ဖြန့်ချထားလိုက်သည်ဟု သိရသည်။
    အဆိုပါဘုန်းကြီးမှာ ဘာသာရေးသဟဇာတဖြစ်မှု ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရပြီး၊ တရားရုံးတစ်ခုကလည်း ၎င်းအား နိုင်ငံအတွင်းမှ ထွက်ခွာမှုကို တားဆီးသည့် အမိန့်ကို ထုတ်ပြန်ထားသည်။
    Galagoda Atte Gnanasara မှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ နေအိမ်တွင် ပုန်းအောင်းနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့က ထိုနေအိမ်တစ်ဝိုက်တွင် တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်သည်။
    BBS အဖွဲ့ဝင် Dilanthe Withanage က Gnanasara ကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေပြီး လတ်တလောဖြစ်ပွားခဲ့သည့် ဗလီများ၊ မွတ်စလင်များ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို အကြမ်းဖက်တိုက်ခိုက်မှုမှာလည်း နိုင်ငံတကာက ထောက်ပံ့သည့် အစွန်းရောက် အဖွဲ့များ၊ အစိုးရနှင့် အတိုက်အခံအဖွဲ့များက ပြုလုပ်သော ပူးပေါင်းကြံစည်မှုကြီးတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Colombo Telegraph
  • မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအကြောင်း သိကောင်းစရာ
    မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအကြောင်း သိကောင်းစရာ
    မေ ၂၅၊ ၂၀၁၇
    M-Media
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျရောက်တော့မှာဖြစ်ပါတယ်။
    ရမ်ဇာန်ဥပုသ်လဆိုတာ ဘာလဲ၊ ဒီလမှာ ဘာတွေလုပ်ရလဲ၊ ဘယ်လို နေထိုင်၊ ကျင့်ကြံရလဲဆိုတာ M-Media စာဖတ်ပရိတ်သတ်တွေ လေ့လာသိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
    ရမ်ဇာန်ဆိုတာဘာလဲ
    ရမ်ဇာန်ဥပုသ်လဟာ လကိုအခြေခံပြီး တွက်ချက်တဲ့ အစ္စလာမ့်ပြက္ခဒိန်ရဲ့ န၀မမြောက်လ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာသန်စွမ်းတဲ့ မွတ်စလင်တွေအနေနဲ့ ဒီလမှာ ဥပုသ်သီလ ဆောက်တည်ရပါတယ်။ ဒီလိုဆောက်တည်မှုမှာ မနက်အာရုဏ်တက်ချိန်ကစလို့ ညနေ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊
    ဇနီးမောင်နှံ မေထုန်မှီဝဲခြင်းကို ရှောင်ကျင်ရပြီး၊ အစ္စလာမ်က တားမြစ်ထားတဲ့ လုပ်ရပ်တွေ၊ အပြုအမူ၊ အပြောအဆိုတွေကို အထူးအလေးထားရှောင်ကျင်ရသလို ကိုယ်ကျင့်တရား မပျက်ယွင်းအောင်လည်း ဂရုစိုက်ရပါတယ်။
    ဒေါသထွက်တာမျိုး၊ ဖရုသာဝါစာ ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားလုံးမျိုး ပြောဆိုတာ၊ အတင်းပြောတာ၊ ကုန်းချောတာ စတဲ့ လုပ်ရပ်တွေဟာ သာမန်အချိန်မှာ အပြစ်ဖြစ်ပြီး ဒီလို ရမ်ဇာန်ဥပုသ်လမှာတော့ သီလဆောက်တည်ခြင်းကို ထိခိုက်စေတဲ့ မကောင်းမှုတွေလည်း ဖြစ်ပါတယ်။
    ဒီလမြတ်မှာ ၀တ်ပြုဆုတောင်းတာ၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်တာ၊ အလှူဒါနပြုတာ စတဲ့ ကောင်းမွန်တဲ့ အလုပ်တွေကိုလည်း ဆထက်ထမ်းပိုး လုပ်ဆောင်ရပါတယ်။
    ကုရ်အာန်ကျမ်းတော်မြတ်ဟာ ဒီ ရမ်ဇာန်ဥပုသ်လမှာ စတင် ကျရောက်ခဲ့တယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။
    မွတ်စလင်တွေဟာ ဒီလမှာ အာရုဏ်မတက်ခင် အိပ်ယာကထကာ ‘ဆဲဟ်ရီ’ လို့ခေါ်တဲ့ ၀ါထမင်း စားကြပါတယ်။ ညနေနေ၀င်လို့ ၀ါထွက်ချိန် စားသောက်မှုကိုတော့ ‘အစ်ဖ်သာရ်’ လို့ ခေါ်ပါတယ်။
    အစ်ဖ်တာရ် ၀ါဖြေပွဲတွေကို ဗလီဝတ်ကျောင်းတော်တွေမှာ စုပေါင်းပြုလုပ်လေ့ရှိပြီး အထူးသဖြင့် ဆင်းရဲချို့တဲ့သူတွေအတွက် စီစဉ်ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဉဥ့်ဦးယံမှာတော့ ‘သာရာဝီ’ လို့ခေါ်တဲ့ အထူး စုပေါင်း ၀တ်ပြုတဲ့အစီအစဉ်ရှိပြီး တစ်ချို့တွေက ဗလီဝတ်ကျောင်းတော်တွေမှာ သာရာဝီ သွားရောက်ဝတ်ပြုကြသလို
    ၊ ဗလီဝတ်ကျောင်းတော်ကို သွားရောက်ဖို့ အဆင်မပြေတဲ့သူတွေကတော့ အိမ်မှာပဲ မိသားစုနဲ့ စုပေါင်းဝတ်ပြုကြပါတယ်။
    ရမ်ဇာန်ဥပုသ်လကို ဖြတ်ကျော်ကုန်ဆုံးရာမှာ ကမ္ဘာ့နိုင်ငံဒေသအလိုက် ထူးခြားတဲ့ ဓလေ့ထုံးစံတွေလည်း ရှိကြပါတယ်။ လိုအပ်နေသူတွေကို အစားအသောက်လှူဒါန်းတာ၊ အစ်ဖ်သာရ်ဝါဖြေပွဲမှာ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်မန္တကပြုတာတွေလည်း ဒီလမှာ ပြုလုပ်ကြပါတယ်။ အစ္စလာမ့်ရဲ့ ‘ရက်ရောစွာ လှူဒါန်းပါ’
    ဆိုတဲ့ သွန်သင်ချက်ကို မွတ်စလင်တွေဟာ ဒီလမှာ အခြားလတွေထက်ပိုပြီး အကောင်အထည်ဖော်ကြပါတယ်။
    ယခုနှစ်ရမ်ဇာန်ဥပုသ်လအတွင်း ကမ္ဘာအနှံ့ ဥပုသ်သီလ ဆောက်တည်ရမည့် အချိန်များ
    ရမ်ဇာန်ဘယ်တော့ ရောက်မလဲ
    လအပေါ်မူတည်ပြီး တွက်ချက်တာကြောင့် ဂရီဂိုးရီးယန်း ပြက္ခဒိန်မှာ ရမ်ဇာန်ဥပုသ်လ ကျရောက်တဲ့ အချိန်အတိုင်းအတာဟာ တစ်နှစ်နဲ့တစ်နှစ် မတူညီပါဘူး။ ရမ်ဇာန်ဥပုလ်အဖြစ် သတ်မှတ်ဖို့အတွက် မွတ်စလင်တွေဟာ လကြည့်ကြရပြီး၊ ကြိုတင်တွက်ချက်ကာ ခန့်မှန်းထုတ်ပြန်တာမျိုးလည်း ရှိပါတယ်။ ဒီနှစ် ရမ်ဇာန်ဥပုသ်လကတော့ မေလ ၂၆၊ ၂၇၊ ၂၈ စသဖြင့် တစ်ရက်ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။
    ဘယ်လောက်ကြာလဲ
    လနဲ့တွက်ချက်တာကြောင့် တစ်လတာအချိန်ဟာ ၂၉ ရက် ဒါမှမဟုတ် ရက် ၃၀ ရဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ရမ်ဇာန်လအကုန်မှာတော့ အီဒွလ်ဖစ်သစ်ရ်လို့ခေါ်တဲ့ ‘၀ါကျွတ်အီးဒ်’ ပွဲတော်ကို မွတ်စလင်တွေက ဆင်နွှဲကြပါတယ်။
    မွတ်စလင်တွေ ဘာ့ကြောင့် ရမ်ဇာန်လမှာ ဥပုသ်စောင့်တာလဲ
    ရမ်ဇာန်ဥပုသ်လမှာ တစ်လတိတိ ဥပုသ်သီလ ဆောက်တည်ခြင်းဟာ အစ္စလာမ့် မဏ္ဍိုင်ကြီး ၅ ခုထဲက တစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားဖြစ်မယ်၊ ကျန်းမာရေးလည်းကောင်းမွန်မယ်ဆိုရင် အစ္စလာမ်ဘာသာဝင် အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ဖို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ အတိအလင်း ပြဌာန်းထားပါတယ်။
    ဒါ့ကြောင့် မွတ်စလင်တွေဟာ ဘာသာတရားရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဥပုသ်သီလဆောက်တည်ကြတာဖြစ်ပြီး၊ ဘုရားသခင်နဲ့ ပိုမိုနီးကပ်ဖို့၊ ဆင်းရဲချို့တဲ့သူတွေရဲ့ ဒုက္ခသုက္ခကို ကိုယ်တိုင်ခံစားနားလည် ကိုယ်ချင်းစာတတ်စေဖို့လည်း ရည်ရွယ်ပါတယ်။
    ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ခန္တီပါရမီ၊ မကောင်းမှုတွေကို ရှောင်ကျဉ်တဲ့ အလေ့အထတွေလည်း မြင့်တက်လာစေတယ်လို့ မွတ်စလင်တွေက ရှုမြင်ကြပါတယ်။
    Ref: Aljazeera
  • မန်ချက်စတာဂီတပွဲ ဗုံးခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဟု မြို့တော်ဝန်ပြော
    မန်ချက်စတာဂီတပွဲ ဗုံးခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဟု မြို့တော်ဝန်ပြော
    မေ ၂၄၊ ၂၀၁၇
    M-Media
    – အမေရိကန် ပေါ့ပ်အဆိုကျော် အရီယာနာ ဂရန်ဒီရဲ့ မန်ချက်စတာ ဂီတဖျော်ဖြေပွဲမှာ အသေခံ ဗုံးဖောက်ခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဘူးလို့ ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဗုံးခွဲမှုမှာ ၂၂ ဦး သေဆုံးခဲ့ပြီး ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြုလုပ်တဲ့ ရုပ်သံအင်တာဗျူးမှာ ဘန်ဟမ်က ဗြိတိန်လွှတ်တော်အမတ် ဂျိုကော့စ်ကို လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးရဲ့ လုပ်ကြံခံရမှုနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။
    “ဒီလိုအကြမ်းဖက်လုပ်ရပ်ကြောင့် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သွေးကွဲတာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒီကိစ္စအတွက် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်တင်ချင်တဲ့လူရှိရင် ဒါဟာ မှားတယ်လို့ ပြောပါရစေ။ ဒါဟာ အစွန်းရောက် လုပ်ရပ်တစ်ခုဖြစ်ပြီး ဒီလုပ်ရပ်မှာ ပါဝင်သူဟာ မွတ်စလင်လူ့
    အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသူ မဟုတ်ပါဘူး။ ဂျို ကော့စ်ကို သတ်တဲ့သူဟာ လူဖြူ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသလိုပေါ့”
    လေဘာပါတီအမတ် ဂျို့ကော့စ်ကိုသတ်တဲ့ မစ္စတာ မီရ်ဟာ သေနတ်နဲ့မပစ်ခင် ‘ဗြိတိန်သည်သာ ပထမ’ လို့ အကြိမ်များစွာ အော်ဟစ်ခဲ့ပြီး ဓားနဲ့လည်း ထိုးခဲ့ပါတယ်။
    အခု မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဆလ်မန် အဘီဒီဆိုသူဖြစ်ပြီး လက်လုပ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ တာဝန်ယူခဲ့ပါတယ်။
    မစ္စတာ ဘန်ဟမ်က “ဒီဖြစ်ရပ်ဟာ အစွန်းရောက်လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒီအချက်ကို တစ်ချိန်လုံး သတိရနေရမယ်” လို့ ပြောကြားခဲ့ပါတယ်။
    မန်ချက်စတာ တိုက်ခိုက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၂ ဦး အသက်ဆုံးရှုံးခဲ့တဲ့ လန်ဒန် မြေအောက်ရထား ဗုံးခွဲတိုက်ခိုက်မှုပြီးတဲ့နောက် ဗြိတိန်သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။
    Ref: Independent
  • ဖိလစ်ပိုင်တောင်ပိုင်း မငြိမ်သက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးရ
    ဖိလစ်ပိုင်တောင်ပိုင်း မငြိမ်သက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးရ
    မေ ၂၄၊ ၂၀၁၇
    M-Media
    – ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ပြည်နယ် မာရာဝီမြို့တွင် အစိုးရတပ်ဖွဲ့များနှင့် IS အား သစ္စာခံသူ လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ပြည်သူ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။
    ဖိလစ်ပိုင်စစ်တပ်က အင်္ဂါနေ့တွင် IS အား သစ္စာခံသော အဘူဆယက်ဖ် လက်နက်ကိုင်အုပ်စုမှ တပ်မှူး အစ္စနီလွန် ဟာပီလွန် ပုန်းအောင်းရာနေရာကို ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဘူဆယက်ဖ်အဖွဲ့က အခြားမဟာမိတ်များကို စစ်ကူတောင်းကာ လူပေါင်း ၂ သိန်းခန့် နေထိုင်သော မာရာဝီမြို့သို့ ၀င်ရောက်ရန် ကြိုးစားခဲ့သည်။
    အခြေအနေပြင်းထန်လာသောကြောင့် သမ္မတဒူတာတေးက အဆိုပါ ဒေသကို ယမန်နေ့တွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပြီး ပြည်သူများအား ကာကွယ်ရန်အတွက် တစ်နိုင်ငံလုံး မာရှယ်လော ထုတ်ပြန်ရန် စဉ်းစာနေသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    စစ်တပ်နှင့် တိုက်ခိုက်ရေးသမား ၁၀၀ ကျော်တိက်ခိုက်မှုအတွင်း အစိုးရဘက်မှ ၃ ဦး သေဆုံးခဲ့သည်။
    တိုက်ခိုက်ရေးသမားများမှာ မြို့တွင်းသို့ဝင်ရောက်က ခရစ်ယာန်ဘုရားကျောင်းတစ်ခု၊ အကျဉ်းထောင်နှင့် စာသင်ကျောင်းနှစ်ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး၊ ၀တ်ပြုသူ ၁၀ ဦးနှင့် ဘုရားကျောင်းဝန်ထမ်း ၃ ဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
    ထို့ပြင် မာရာဝီမြို့နှင့် ဆက်သွယ်ထားသည့် အဓိကလမ်းများနှင့် တံတားနှစ်ခုကိုလည်း သိမ်းပိုက်ထားသည်။
    Ref: Aljazeera