News @ M-Media

Blog

  • အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး

    အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – ကရာချီနှင့် ဘာလိုချစ္စတန်မြို့များတွင် သူလျှိုလုပ်မှု၊ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်မှုအတွက် ပါကစ္စတန် စစ်ခုံရုံးတစ်ခုက အိန္ဒိယရေတပ်မှ သူလျှိုတစ်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    ပြစ်ဒဏ်ပေးခံရသူမှာ ကွလ်ဘူရှန် ဆွန်ဒီရ် ယာဒဗ် ခေါ် ဟူစိန် မူဘာရက် ပါတဲလ်ဆိုဖြစ်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တန်ပြန်သူလျှိုစစ်ဆင်ရေးမှတစ်ဆင့် ဘာလိုချစ္စတန်ပြည်နယ်ရှိ မက်ရှ်ကဲလ် ဒေသတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ပါကစ္စတန် ထောက်လှမ်းရေးဌာန၏ ပြည်သူ့ဆက်ဆံရေးဌာနခွဲ (ISPR) က ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    ယာဒဗ်မှာ အိန္ဒိယရေတပ်အတွက် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ရပြီး ဖမ်းဆီးခံရပြီးနောက် ၎င်း၏ လုပ်ရပ်များကို ဖြောင့်ချက်ပေးစဉ် ရိုက်ကူးထာသည့် ဗီဒီယိုတစ်ခုကိုလည်း ISPR က ထုတ်ပြန်ခဲ့သည်။

    ယာဒဗ်အပေါ် ပါကစ္စတန် စစ်တပ်အက်ဥပဒေ (PAA) အရ သေဒဏ်ပေးမှုကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) က အတည်ပြုခဲ့သည်။

    “ဘလိုချစ္စတန်နဲ့ ကရာချီမှာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကဖျယဖျက် လုပ်ခြင်းအားဖြင့် ပါကစ္စတန်ကို မတည်မငြိမ်ဖြစ်အောင်၊ စစ်ပွဲဖြစ်အောင် ရည်ရွယ်တဲ့ သူလျှိုလုပ်ငန်း၊ အဖျက်အမှောက်လုပ်ငန်းတွေကို စီစဉ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ RAQ က တာဝန်ပေးခဲ့တယ်လို့ သူက တရာသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်” ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Aljarabiya

  • မြန်မာနှင့် တရုတ်မှ ဓာတ်အားဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် စဉ်းစားနေ

    မြန်မာနှင့် တရုတ်မှ ဓာတ်အားဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် စဉ်းစားနေ

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ်နှင့် မြန်မာနိုင်ငံတို့မှ ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ခန့် ၀ယ်ယူသွားရန် ရှိနေသည်ဟု သိရသည်။

    လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယမှ မဂ္ဂါဝပ် ၆၆၀ ၀ယ်ယူအသုံးပြုနေပြီး လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ၂၀၁၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် မိမိတို့မှာ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာတစ်စောင်ကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံအကြား ထိုလုပ်ငန်းစဉ်အတွက် ဆက်လက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ တရုတ်နိုင်ငံရှိ Lembro ရေအားလျှပ်စစ် စီမံကိန်းမှ မဂွါဝပ် ၄၀၀ မှ ၅၀၀ ကြားကို ၀ယ်ယူရန်လည်း စဉ်းစားနေသည်။

    လျှပ်စစ်ဌာနမှ တာဝန်ရှိသူကမူ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ ဓာတ်အားမှာ အခြားသော နိုင်ငံများနှင့်ယှဉ်လျှင် ဈေးသက်သာကြောင်း၊ မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုက ရခိုင်ပြည်နယ်ရှိ ဓာတ်အားစီမံကိန်းတစ်ခုမှ မဂ္ဂါဝပ် ၅၀၀ ကို ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချရန် စိတ်ဝင်စားနေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Dhakatribune

  • တမန်တော်မုဟမ္မဒ်ပေးခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစု အခွင့်အရေး

    တမန်တော်မုဟမ္မဒ်ပေးခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစု အခွင့်အရေး

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – ဒီနေ့ ကမ္ဘာမှာ မွတ်စလင်အစွန်းရောက်အဖွဲ့တွေဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဓိကခြိမ်းခြောက်နေတဲ့ အဖွဲ့တွေဖြစ်နေပါတယ်။

    တိုင်းတစ်ပါးက ကျူးကျော်မှု၊ ခေါင်းပုံဖြတ်မှု၊ အမြတ်ထုတ်မှု၊ ပြည်တွင်းအာဏာရှင် စနစ်၊ ဆင်းရဲမွဲတေမှု၊ လူမျိုးစုတွေအချင်းချင်းကြား မုန်းတီးမှုတွေကနေ ပေါက်ဖွားလာတဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လုစုတာ၊ ဘဏ္ဍာငွေရှာဖွေတာကနေတစ်ဆင့် အစ္စလာမ့်သွန်သင်ချက် အထူးသြ
    ဖင့် ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော်မုဟမ္မဒ်သခင်တို့ရဲ့ သြ၀ါဒတွေကို မိမိစိတ်ကြိုက် တစ်လွဲဘာသာပြန်ကာ ဘာသာရေးအသိပညာ နည်းပါးသူတွေကို သိမ်းသွင်းလာကြပြီး အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒီလို သာသနာပ အရေခြုံအဖွဲ့တွေကို ကမ္ဘာ့ အစ္စလာမ့်ပညာရှင်တွေ၊ မွတ်စလင်အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင်နေကြပြီး ဒီအဖွဲ့တွေကို တိုက်ဖျက်ရေးအတွက် မွတ်စလင်တွေကပဲ ဦးဆောင်နေကြတာပါ။

    တကယ်တော့ ကုရ်အာန်ကျမ်းတော်မြတ်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကဏ္ဍ ၁၀၉ ပါဒတော် ၆ “စင်စစ်မှာကား အသင်တို့အဖို့ အသင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍၊ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်” ဆိုတဲ့ ကျမ်းချက်နဲ့ အာမခံပေးထားပါတယ်။

    တမန်တော်မုဟမ္မဒ်သခင် ကိုယ်တိုင်ကလည်း ဘာသာရေးသည်းခံမှု၊ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်မှုတွေကို လက်တွေ့ လုပ်ဆောင်ပြခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်ပါ။

    ခရစ်ယာန် ဘုန်းတော်ကြီးတွေကို သူ့ရဲ့လက်နဲ့ ဆောက်လုပ်ထားတဲ့ ဗလီဝတ်ကျောင်းတော်မှာ ဘုရားဝတ်ပြုခွင့်ပေးခဲ့တဲ့ သမိုင်းကျောင်းအခိုင်အမာ ရှိခဲ့သလို၊ အုပ်ချုပ်ရေးအာဏာ အထွဋ်အထိပ်ရောက်နေချိန်မှာ ခရစ်ယာန်တွ၊ ဂျူးတွေရဲ့ ဘာသာရေးအဆောက်အဦး၊ အသက်အိုးအိမ်စည်းစိမ်းတွေကို ကာကွယ်စောင့်
    ရှောက်ပေးကာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးမယ်လို့ စာချုပ်စာတမ်းတွေနဲ့ ကတိပြု အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် အစ္စလာမ်ဆန့်ကျင်ရေး သမားတွေက လက်တစ်ဆုပ်စာ မွတ်စလင်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို အရင်းတည်ကာ၊ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး ပိုပိုသာသာလေး ရုပ်ဖျက်ဝါဒဖြန့်တာကြောင့် အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေဟာ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို သိရှိဖို့
    ပိုပြီး အလှမ်းဝေးကွာသွားခဲ့ပါတယ်။

    ဒါ့ကြောင့် အစ္စလာမ်ရဲ့ သွန်သင်ချက် အစစ်အမှန်တွေကို သိရှိစေဖို့ ရည်ရွယ်ပြီး တမန်တော်မုဟမ္မဒ်သခင်လက်ထက် ခရစ်ယာန်တွေကို ပေးခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် မှတ်တမ်းတွေထဲက မှတ်ချက် ၁၀ ခုကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

    ၁။ ဘာသာရေးအရ ကာကွယ်ပေးမှု

    “ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သို့မဟုတ် ဘုရားဖူးတစ်ဦးအနေဖြင့် တောင်ပေါ် သို့မဟုတ် မြေပြန့်တွင်ဖြစ်စေ၊ ဂူတွင်း သို့မဟုတ် လယ်ကွင်းတွင်ဖြစ်စေ၊ ကန္တာရ သို့မဟုတ် ဘုရားကျောင်းတွင်ဖြစ်စေ အကာကွယ်ယူပါက ကျွန်ုပ်အနေဖြင့် ၎င်း၏ဖက်မှ ရပ်တည်ကာ ရန်စွယ်ဟူသမျှကို ကာကွယ်ပေးသွားမည် (ဆိုင်နိုင်းတောင်မှ ခရစ်ယာန် ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)

    ၂။ ဘာသာရေးလွတ်လပ်ခွင့်

    “ခရစ်ယာန်အမျိုးသမီးများ မွတ်စလင်တစ်ဦး၏အိမ်သို့ ရောက်လာလျှင် ကြင်နာစွာ ဆက်ဆံရမည်၊ သူမတို့ကို ဘုရားကျောင်းသို့ သွားရောက် ၀တ်ပြုခွင့်ပေးရမည်။ သူမနှင့် သူမ၏ ဘာသာတရားကို နှစ်သက်သည့် အမျိုသားအကြား မည်သည့် အနှောက်အယှက်မှ မရှိစေရ။ အလ္လာအရှင်မြတ်၏ ဤ ပဋိဉာဉ်တော်ကို ဖီဆန်သူ၊ ဆန့်ကျင်ဖက်လုပ်သူ မည်သူမဆို အရှင်မြတ်၏ ပဋိဉာဉ်တော်နှင့် အရှင်မြတ်၏ တမန်တော်ကို ပုန်ကန်သူသာ ဖြစ်သည်” (ဆိုင်နိုင်းတောင်မှ ခရစ်ယာန်ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)

    ၃။ မွတ်စလင်များ၏ တာဝန်

    “နီးနီး၊ ဝေးဝေး မည်သည့်နေရာမှ ဖြစ်စေ ယုံကြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကူညီရန်၊ ခရစ်ယာန်ဒေသတိုင်းတွင် ၎င်းတို့၏ ၀တ်ပြုကိုးကွယ်ရာနေရာများ၊ ဘုန်းတော်ကြီးများ၊ ရသေ့ရဟန်းများ သီတင်းသုံးသည့် ကျောင်းဆောင်များကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ မိမိတို့၏ တာဝန်ဝတ္တရာဖြစ်သည်ဟု မွတ်စလင်တိုင်းက မှတ်ယူရမည်။ တောင်ပေါ်၊ မြေပြန့်၊ မြို့ကြီးပြကြီး၊ ဇနပုဒ်၊ ကန္တာရ စသဖြင့် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ အရှေ့အရပ် သို့မဟုတ် အနောက်အရပ်တွင်ဖြစ်စေ၊ မြေပထ၀ီ သို့မဟုတ် အဏ္ဏ၀ါရေပြင်တွင်ဖြစ်စေ ၎င်းတို့ ကိုးကွယ်ယုံကြည်ရာ အယူဝါဒ၊ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၄။ အတင်းအဓမ္မ ဘာသာမသွတ်သွင်းရ

    “အစ္စလာမ်သာသနာကို လက်ခံရန် မည်သည့် ခရစ်ယာန်ကိုမှ အတင်းအကြပ် မသွတ်သွင်းရ။ ၎င်းတို့အား မကောင်းထင်မြင်ခြင်းမပြုရဘဲ ကောင်းမွန်သည့်အရာများကိုသာ လိုလားရမည်။ မည်သည့်နေရာတွင်မဆို မွတ်စလင်များမှာ ခရစ်ယာန်များအတွက် သနားကြင်နာမှု၊ သည်းခံခွင့်လွှတ်မှုကို ကမ်းလှမ်းရမည်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သူများ၏ ညှင်းပမ်းမှုမှ ထိုခရစ်ယာန်များကို ကာကွယ် စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၅။ မဟာမိတ်ကျင့်ဝတ်

    “ခရစ်ယာန်များမှာ မိမိ၏ လေးစားထိုက်သည့် မဟာမိတ်ဖြစ်သည်။ ၎င်းတို့မှာ မိမိ၏ အခွင့်အရေးကို အသိအမှတ်ပြုသည်။ မိမိတို့နှင့်တွေ့ဆုံမှုအတွင်း ပြုထားခဲ့သည့် ကတိများကိုလည်း ၎င်းတို့က ဖြည့်ဆည်းသည်။ ရှေ့တန်းသို့ မိမိပို့လိုက်သည့် စစ်သည်တော်များကိုလည်း ၎င်းတို့က ကူညီသည်။ မိမိနှင့် ချုပ်ဆု
ိထားသည့် စာချုပ်ပါ ၀တ္တရာများကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးခဲ့ခြင်းကြောင့် မိမိ၏ ဂရုစိုက်မှုနှင့် လေးစားမှုကို ရရှိခဲ့သည်” (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၆။ ခရစ်ယာန်များကို လစ်လျူမရှုရ

    “မွတ်စလင်များအနေဖြင့် ခရစ်ယာန်များကို စွန့်ပစ်မထားရ၊ လစ်လျူ မရှုရ။ ကူရာ၊ ကယ်ရာမဲ့ဘ၀တွင် မထားရ။ မွတ်စလင်များနှင့် ခရစ်ယာန်များမှာ ကောင်းအတူ ဆိုးအဖက်၊ အေးအတူပူအမျှ နေထိုင်သွားရန် အလ္လာဟ်အရှင်မြတ်၏ ကိုယ်စား ဤစာချုပ်ကို ကျွန်ုပ် ချုပ်ဆိုသည်” ( (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၇။ ခရစ်ယာန်များကို ကူညီရန်

    “ခရစ်ယာန်များက ၎င်းတို့ ဘုရားကျောင်းများ ပြုပြင်ရန်၊ ပဋိဉာဏ်စာချုပ် ချုပ်ဆိုရန်၊ ၎င်းတို့၏ အရေးကိစ္စများနှင့်၊ ဘာသာရေးကိစ္စများအတွက် မွတ်စလင်များထံ လာရောက် အကူအညီ တောင်းခံပါက၊ မွတ်စလင်များအနေဖြင့် ၎င်းတို့ကို လုံးဝ ကူညီပံ့ပိုးပေးရမည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၈။ ခရစ်ယာန်အခွင့်အရေး

    “ခရစ်ယာန်များမှာ မိမိတို့၏ ကာကွယ်စောင့်ရှောက်မှုကို ခြွင်းချက်မဲ့ ခံစားခွင့်ရှိသည်။ အခွင့်အရေးချိုးဖောက်မှုများမှလည်း ၎င်းတို့ကို ကာကွယ်ပေးမည်။ သို့မှသာ မွတ်စလင်များနှင့် အေးအတူ၊ ပူအမျှ တစ်သားတည်း ရှိနေမည်ဖြစ်သည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲသည့် ပဋိ
    ဉာဏ်စာချုပ်မှ)

    ၉။ ထူးချွန်သူကို ချီးမြှောက်မှု

    “ခရစ်ယာန်များတွင် ထက်မြက်သူ၊ ထူးချွန်သူများရှိပါက မွတ်စလင်များအနေဖြင့် ၎င်းတို့ကို ဂုဏ်ပြု ချီးမြှောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ ကြီးကျယ်မှုအတွက် မနာလိုဝန်တိုမှု မဖြစ်ရ” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာတမ်း)

    ၁၀။ အပြစ်ရှိသူ

    “ခရစ်ယာန်များအပါ် တရားမဲ့သူ၊ မကြင်နာသူ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ တမန်တော်အမိန့်ကို ချိးဖောက်သည့် အပြစ်ရှိသည်” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်ချုပ်)

    (craigconsidinetcd.com တွင် လွှင့်တင်ထားသော 10 Great Prophet Muhammad Quotes on Christians ဆောင်းပါးကို လေးမောင်က ဘာသာပြန်ဆိုဖော်ပြသည်)

    (မူရင်းတင်ပြသူ ဒေါက်တာ ခရေ့ဂ်ျ ကွန်စီဒိုင်းမှာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာများကို အထူးပြု လေ့လာနေသူ တစ်ဦးလည်းဖြစ်သည်)

    Ref: craigconsidinetcd

  • ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် အီဂျစ်က အရေးပေါ်အခြေအနေ ကြေငြာ

    ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် အီဂျစ်က အရေးပေါ်အခြေအနေ ကြေငြာ

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ တန်တာမြို့နှင့် အလက်ဇန်းဒရီးယားမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် ယမန်နေ့က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အီဂျစ်သမ္မတက ၃ လ အရေးပေါ်အခြေအနေ ကြေငြာလိုက်သည်ဟု သိရသည်။

    အနည်းဆုံး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးသမား ၂ ဦးမှာ အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒဏ်ရာရရှိသူများမှာ ၇၀ ကျော် ရှိနေသည်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အဲလ်-စီစီကမူ နိုင်ငံတစ်ဝှမ်း စစ်တပ်များ တပ်ဖြန့်ချထားရန် ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။

    အလက်ဇန်းဒရီးယားရှိ စိန့်မာ့က် ခရစ်ယာန်ဘုရားကျောင်းတွင် အသေခံဗုံးခွဲသူကို ဘုရားကျောင်းထဲ ၀င်ရောက်နိုင်ခြင်းမရှိအောင် တားဆီးခဲ့သည့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ပြည်သူများကမူ အဆိုပါ ရဲများ၏ ရဲစွမ်းသတ္တိရှိမှုအတွက် ဆိုရှယ်မီဒီယာများမှ တစ်ဆင့်
    ချီးကျူးခဲ့သည်။

    Ref: Aljazeera

  • ဦးကိုနီအမှုက တရားခံပြေးကို အင်တာပိုက အနီရောင်သတိပေးချက်ထုတ်

    ဦးကိုနီအမှုက တရားခံပြေးကို အင်တာပိုက အနီရောင်သတိပေးချက်ထုတ်

    တရားခံနောက်ဆုံးပျောက်သွားတဲ့ နေရာဖြစ်တဲ့ နေပြည်တော်က ဘယဆေးဥယျာဉ်တဝိုက်မှာ သီးသန့် ဖမ်းဝရမ်း ထပ်မထုတ်ခဲ့တဲ့အပြင် နယ်စပ်ကနေ ထွက်သွားတဲ့ သတင်းကိုလည်း ရဲတွေဘက်က ရမထား

    NLD ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံပြေးအဖြစ် ကြေညာခံထားရသူ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုကို ဆက်သွယ်ခဲ့တဲ့အတွက် အင်တာပိုက ဧပြီလ ၇ ရက်နေ့မှာ အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီ အနီရောင် သတိပေးချက်အရ ပြည်ပမှာ အောင်ဝင်းခိုင်ကို ဖမ်းမိတာနဲ့ အင်တာပိုက မြန်မာနိုင်ငံကို ချက်ချင်း ပြန်ပို့မှာ ဖြစ်ပါတယ်။

    အခုလို နိုင်ငံတကာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာဟာ ကောင်းမွန်ပေမယ့် တရားခံဟာ ပြည်တွင်းမှာပဲ ရှိနိုင်တဲ့ အခြေအနေတွေ တွေ့နေရတယ်လို့ ဦးကိုနီရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

    တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့အတွက် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်မှာရှိတဲ့ သူ့ရဲ့ နေအိမ်ကို ရှာဖွေဖို့ ဝရမ်းထုတ်ခဲ့ပေမယ့် တရားခံနောက်ဆုံးပျောက်သွားတဲ့ နေရာဖြစ်တဲ့ နေပြည်တော်က ဘယဆေးဥယျာဉ်တဝိုက်မှာ သီးသန့် ဖမ်းဝရမ်း ထပ်မထုတ်ခဲ့တဲ့အပြင် နယ်စပ်ကနေ ထွက်သွားတဲ့ သတင်းကိုလည်း ရဲတွေဘက်က ရမထားတဲ့အတွက် အောင်ဝင်းခိုင်ဟာ ပြည်တွင်းမှာပဲ ရှိနေနိုင်တယ်လို့ ယူဆကြောင်း ဦးနေလက ပြောပါတယ်။

    ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုကို စစ်ဆေးရာမှာလည်း စာရွက်စာတမ်းနဲ့ တရားခံပြည့်စုံဖို့ လိုအပ်ပြီး တရားခံပြေး အောင်ဝင်းခိုင်လည်း စစ်တဲ့အထဲ ပါဝင်မှသာ အမှုရဲ့ အကြောင်းရင်းနဲ့ တာဝန်ရှိသူကို ပြည့်ပြည့်စုံစုံ သိရှိနိုင်မယ်လို့ ဦးနေလက ပြောပါတယ်။

    ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုနဲ့ သက်ဆိုင်သူ တရားခံ လေးယောက်ကို တရားလိုပြ သက်သေ ရဲအရာရှိတချို့နဲ့အတူ ငါးကြိမ် အထိ တရားရုံးက စစ်ဆေးထားပြီး ဧပြီလ ၂၁ ရက်နေ့မှာလည်း နောက်ထပ် ရုံးချိန်းတခု ရှိတယ်လို့ သိရပါတယ်။

    BBC မှ ကူးယူဖော်ပြပါသည်။