News @ M-Media

Blog

  • အာဆီယံမွတ်စလင်များ မိမိတို့၏ ယဉ်ကျေးမှုထုံးတမ်းကို တန်ဖိုးထားရန် လစ်ဗျားသံအမတ် ပြော

    အာဆီယံမွတ်စလင်များ မိမိတို့၏ ယဉ်ကျေးမှုထုံးတမ်းကို တန်ဖိုးထားရန် လစ်ဗျားသံအမတ် ပြော

    မတ် ၂၈၊ ၂၀၁၇
    M-Media

    လစ်ဗျားသံအမတ် ဒေါက်တာ အာရက်ဖ် အလီ နယဒ်

    – အရှေ့တောင်အာရှက မွတ်စလင်တွေအနေနဲ့ အာရပ်ဓလေ့တွေအစား မိမိတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လက်ခံကျင့်သုံးသင့်တယ်လို့ ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ် ဒေါက်တာ အာရက်ဖ် အလီ နယဒ်က ပြောကြားလိုက်ပါတယ်။

    “မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူးနိုင်း နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာထဲက အခုအချိန်အထိ စာသင်ကျောင်းတွေမှာ၊ ရွာတွေမှာ သင်ကြားပေးလာတဲ့ ဓလေ့ထုံးတမ်းတွေကို တကယ့်ကို အလေးထား မြတ်နိုးရတော့မယ့်အချိန်လို့ ကျွန်တော် ထင်ပါတယ်”

    ဒေါက်တာ နယဒ်ဟာ တတ်သိပညာရှင်များအဖွဲ့ Kalam Research and Media ကို တည်ထောင်သူ၊ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။

    “ပိုပြီး အစ္စလာမ်ပီသကြောင်း သက်သေပြဖို့အတွက် ပြသဖို့အတွက် အာရဘီစကားလုံးတွေကိုငှားသုံးပြီး မိမိတို့ရဲ့ ၀တ်စားဆင်ယင်ပုံတွေ၊ စကားပြောပုံတွေ၊ ဘာသာစကားတွေကို မလေးလူမျိုးတွေက ဘာ့ကြောင့် စွန့်လွှတ်ရမှာလဲဗျ” လို့ ဒေါက်တာ နယဒ်က CNA နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေါက်တာဟာ ISEAS-Yusof Ishak Institute က ပြုလုပ်တဲ့ IS အကြမ်းဖက်အဖွဲ့ နှိမ်နှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ မိန့်ခွန်းပြောကြားဖို့ စင်ကာပူကို ရောက်နေတာပါ။

    ဂျော်ဒန်တတ်သိပညာရှင်များအဖွဲ့ Royal Aal al-Bayt Institute for Islamic Thought က ရွေးချယ်တဲ့ ကမ္ဘာ့ သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀ စာရင်းထဲမှာ ပါဝင်တဲ့ ဒေါက်တာ နယဒ်ရဲ့ ဒီမှတ်ချက်ဟာ အရှေ့တောင်အာရှမှာ အာရပ်မှုပြုအစ္စလာမ်၊ အာရပ်မှုပြု ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း မလေးရှား ဂျိုဟိုးပြည်နယ်ရဲ့ ဘုရင်က မလေးလူမျိုးတွေအနေနဲ့ အာရပ်တွေလိုပုံစံမျိုး အတုခိုးတာထက် မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုကို ကျင့်သုံးဖို့လိုတယ်လို့ သတိပေးခဲ့ပါတယ်။ ကွန်ဆာဗေးတစ်အယူဝါဒ ကြီးထွားလာချိန်မှာ မလေးလူမျိုးတွေအနေနဲ့ အာရပ်ယဉ်ကျေးမှုဘက်ကို ယိမ်းလာမှုကို ဘုရင်က တုန့်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

    မွတ်စလင်ကောင်းဖြစ်ရန် အာရပ်ဖြစ်စရာမလို

    ဒေါက်တာ နယဒ်ဟာ အစ္စလာမ့်ရေးရာ ပညာရှင်တစ်ဦးလည်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာတရား၊ အစ္စလာမ့်ဒဿနနဲ့ နာမ်ပိုင်းဆိုင်ရာတွေကို သင်ကြားပြသနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အာရပ် ဘာသာရေးပညာရှင်တွေဆီကနေ ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေကို သတိမမူမိဘဲ လက်ခံကျင့်သုံးတာမျိုးနဲ့ ပတ်သက်ပြီးတော့လည်း သတိပေးခဲ့ပါတယ်။

    နောက်ပြီး အရှေ့ဆောင်အာရှက အစ္စလာမ်ဘာသာရေး ပညာရှင်တွေအနေနဲ့ မိမိမှာ ရှိတာလောက်နဲ့ ရောင့်ရဲမနေဘဲ ထပ်ပြီး တိုးတက်အောင်လုပ်ဖို့ မိမိတို့ရဲ့အနာဂတ် မျိုးဆက်နဲ့အတူ ရှင်သင်စေဖို့ လိုတယ်လို့လည်း နယဒ်က တိုက်တွန်းခဲ့ပါတယ်။

    “ကလေးတွေကို အချို့အာရပ်နိုင်ငံတွေ ပို့စရာ မလိုပါဘူး။ (သူတို့ဟာ) တကယ်တော့ စစ်မှန်တဲ့ အစ္စလာမ် သာသနာထက် ပိုပြီးတော့ တိုင်းတပါးဆန်တဲ့ ပုံဖျက်အစ္စလာမ်ဗာရှင်းကို သင်ပေးကြတာပါ”

    အာရပ်စော်ဘွားများပြည်ထောင်စုက ရှိခ် အဘ်ဒဲလ် ဘင် ဘေယာဟ်လို ပုဂ္ဂိုလ်မျိုးဟာ ကောင်းမွန်တဲ့ အလုပ်တွေကို ဆောင်ရွက်နေပေမယ့် အာရပ်တွေရဲ့ စာအုပ်တိုက်တွေက ထွက်လာတဲ့ စာအုပ်အများစုဟာ နိုင်ငံရေးကို အလွန်အမင်း ဦးစားပေးထားပြီး၊ အယူအဆရေးရာတွေကို အတော်တော်လေး အန္တရာယ်ရှိတဲ့ သဘောတရားတွေအဖြစ် လျှော့ချထားလိုက်တယ်လို့လည်း နယဒ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    နိုင်ငံတစ်ခုခုရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်သာသနာ ပုံစံဖြစ်လာမယ့် လမ်းကြောင်းမှာ ရှိနေလားလို့ မေးတဲ့အခါမှာတော့ သူက ဒီ အယူအဆကို ငြင်းဆိုခဲ့ပါတယ်။

    မွတ်စလင်ကောင်းတစ်ယောက်ဖြစ်ဖို့ “လူတစ်ယောက်ဟာ ပထမဆုံး စင်ကာပူနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်၊ မလေးနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို အချိန်မျိုးကြမှာသာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်သာသနာကို ကိုယ်စားပြုသူတစ်ယောက် ဖြစ်မှာပါ။ ဒါ့ကြောင့် မိမိတို့ရဲ့ ဒေသဓလေ့ကို လိုက်နာကျင့်သုံးတာဟာ ကမ္ဘာလုံးဆိုင်ရာဝါဒကို စွန့်လွှတ်ရာ မရောက်ပါဘူး” လို့ ဒေါက်တာက ဖွင့်ဟခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယတွင် အာဖရိကသားများ တိုက်ခိုက်ခံရ

    အိန္ဒိယတွင် အာဖရိကသားများ တိုက်ခိုက်ခံရ

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – မူးယစ်ဆေး အလွန်အကျွံသုံးစွဲ၍ အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး သေဆုံးမှု နောက်ဆက်တွဲအဖြစ် မြို့ တော်ဒေလီတွင် ယမန်နေ့ည နှောင်းပိုင်းက အာဖရိကသားများကို ပစ်မှတ်ထား၍ လူအုပ်စုကြီးက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဒေလီရှိ ဂရိတ်တားနိုဒီယာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးမှာ သံထိုင်ခုံများဖြင့် ဈေးဝယ်စင်တာရှိ အာဖရိကန်ဆိုင်ရှင်များကို တိုက်ခိုက်ခဲ့ကာ လမ်းပေါ်ရှိ ကားများကိုလည်း ဖျက်ဆီးခဲ့သည်။

    အိန္ဒိယတွင် အာဖရိကန်အများစုမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲခံရကာ၊ ခွဲခြားမှုများ၊ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများပင် ခံရသည်။ ယခု ဆယ်ကျော်သက်တစ်ဦး သေဆုံးမှုအတွက် နိုက်ဂျီးယားကျောင်းသား ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ယခုကဲ့သို့ အုပ်စုဖွဲ့ တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

    ထိုဖမ်းဆီးထားသူများမှာ အမှုနှင့်ပတ်သက်သည့် အထောက်အထား မတွေ့ရသောကြောင့် ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    Facebook စာမျက်နှာတွင် ‘အိန္ဒိယ အာဖရိကကျောင်းသားများအသင်း’ က တိုက်ခိုက်မှုများဖြစ်ပွားနိုင်သည့် စိုးရိမ်မှု ရှိနေသောကြောင့် အာဖရိကန် ကျောင်းသားများအနေဖြင့် အင်္ဂါနေ့တွင် အတန်းတက်ခြင်းမပြုရန် သတိပေးခဲ့သည်။

    ပြီးခဲ့သည့်နှစ်ကလည်း လန်ချားသမားတစ်ဦးနှင့် စကားများသည့် ကွန်ဂိုနိုင်ငံသားတစ်ဦးကို လူအုပ်ကြီးက ခဲများဖြင့်ပေါက်သတ်ခဲ့ကြသည်။

    Ref: Aljazeera

  • စိန့်လူးဝစ်မွတ်စလင်များ အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

    စိန့်လူးဝစ်မွတ်စလင်များ အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များမှာ အစ္စလာမ်နှင့်ပတ်သက်၍ အဖျက်သဘောဆောင်သည့် အမြင်ရှိသူများကို ဗလီဝတ်ကျောင်းတော်သို့ ဖိတ်ခေါ်ကာ အသိပညာပေး ဆွေးနွေးမှုမျာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Dar-Al-Jalal ဗလီဝတ်ကျောင်းတော်တွင် Make America Whole Again ခေါင်းစဉ်ဖြင့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုတွင် ထရမ့်ကို ထောက်ခံသူများ၊ ရီပက်ဘလစ်ကန်ပါတီကို မဲပေးကြသူများကို အထူးဖိတ်ကြားခဲ့သည်။

    “ပြီးခဲ့တဲ့နှစ်မှာ အမေရိကဟာ တော်တော်လေး သွေးကွဲခဲ့ပါတယ်။ အမေရိက တစ်နိုင်ငံလုံးကို ကြီးကျယ်အောင်ပြန်လုပ်ဖို့ အချိန်ကြပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မတူညီတဲ့ နောက်ခံတွေနေ ပေါက်ဖွားလာကြတဲ့လူတွေ စည်းလုံးမယ်ဆိုရင် တစ်နိုင်ငံတည်းမှာ တစ်စုတစ်ဖွဲ့တည်းအဖြစ် ကျွန်တော်တို့အားလုံး အ
    တူတကွ နေထိုင်နိုင်မှာပါ” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း (CAIR) ၏ မစ်ဇူရီဌာနခွဲမှ အမှုဆောင်ဒါရိုက်တာ ဖိုင်ဇန် ဆယဒ်က ပြောကြားခဲ့သည်။

    ထိုလှုပ်ရှားမှုတွင် လူများစွာ လာရောက်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို လှည့်လည်ကြည့်ရှုခဲ့ကြကာ တာဝန်ရှိသူများက အစ္စလာမ့်ဓမ္မရေးရာများကို သင်ကြားခြင်းအကြောင်းနှင့် အခြားသော အကြောင်းအရာများကို ရှင်းပြခဲ့သည်။

    ထို့ပြင် မွတ်စလင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟီဂျဘ်ခေါင်းဆောင်ပုဝါ ၀တ်ဆင်နည်း သင်ယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    ထိုလှုပ်ရှားမှုတွင် ဗလီဝတ်ကျောင်းတော်သို့ လာရောက်သူများအနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းသည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။

    “ဖြေရခက်တဲ့မေးခွန်းတွေ မေးမယ့်လူမျိုး မရှိဘူးလို့ ကျွန်တော်တို့ မယူဆထားပါဘူး။ တွေ့သမျှလူတိုင်းက ၀တ်ရုံပြည့်ခြုံထားသူတွေဖြစ်နေမယ်၊ ကြောက်စရာကောင်းသူတွေဖြစ်နေမယ်ဆိုရင်၊ (မွတ်စလင်တွေနဲ့ပတ်သက်ပြီး) ဒီလူရဲ့အမြင်ဟာ ဘယ်လို ဖြစ်လာနိုင်မလဲ။ ဒီနေ့ ဒီကိုလာခြင်းအားဖြင့် အချို့သော အ
    တားအဆီးလေးတွေကို ချေဖျက်ပြီး၊ မိတ်ဆွေဆက်ဆံရေးလေးတွေကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဆယဒ်က ပြောကြားခဲ့သည်။

    မစ်ဇူရီ CAIR မှာ မစ်ဇူရီပြည်နယ်ရှိ ဝေးလံခေါင်ဗျားသော ဒေသများတွင် ထိုအစီအစဉ်မျိုး ပြုလုပ်ရန်လည်း စီစဉ်ထားသည်။

    Ref : ksdk.com

  • အစွန်းရောက်ဝါဒတိုက်ဖျက်ရေး အားထည့်ရန် အီရန်သမ္မတ ကမ္ဘာကို တိုက်တွန်း

    အစွန်းရောက်ဝါဒတိုက်ဖျက်ရေး အားထည့်ရန် အီရန်သမ္မတ ကမ္ဘာကို တိုက်တွန်း

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးတွင် အစွန်းရောက်ဝါဒမှာ မြင့်တက်လာနေပြီး အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုကို အမြစ်ဖျက်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ခိုင်မာသည့်စိတ်ဆန္ဒမျိုး ရှိရမည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    Moscow State တက္ကသိုလ်တွင် ယနေ့ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး အစွန်းရောက်ဝါဒများမှာ တစ်ခုနှစ်တစ်ခု ဆက်နွယ်နေကြသည်ဟုလည်း ဆိုသည်။

    “အကြမ်းဖက်အစွန်းရောက်ဝါဒ ကမ္ဘာကြီးမှာ ကြီးထွားလာတာကို ကျွန်တော်တို့ ကံမကောင်းစွာပဲ မြင်နေရပါတယ်။ အစ္စလာမ်ကြောက်ရာဂါ၊ လူမျိုးရေးခွဲခြားမှု၊ IS အစွန်းရောက် ၀ါဒတွေဟာ တစ်နဲ့တစ်ခု ဆက်နွယ်ပြီး လူသားတွေရဲ့ ရိုးသားဖြောင့်မတ်မှုအတွက် စိန်ခေါ်မှုတွေကို မြင့်တက်စေကာ၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒရဲ့ တွန်းအားလည်း ဖြစ်ပါတယ်”

    ထို့ပြင် ရူဟာနီက ၂၀၁၅ ခုနှစ်တွင် ကုလ၏ ဆုံးဖြတ်ချက် ‘အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို တစ်ကမ္ဘာလုံးက ဆန့်ကျင်ရေး’ ကို ထောက်ပြခဲ့ပြီး “ယနေ့ခေတ်တွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို အမြစ်ဖြတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စိတ်ဆန္ဒမျိုး လိုအပ်သည်ဟု ခံစားရကြောင်း” ထည့်သွင်းေ
    ပြာဆိုခဲ့သည်။

    ဆီးရီးယားတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ရုရှားနှင့် အီရန်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရူဟာနီက ချီးကျူးခဲ့ပြီး ဒုက္ခသည်များ ၎င်းတို့၏ အမိမြေကို ပြန်လာနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများက ကူညီခဲ့သည်ဟုလည်း ဆိုသည်။

    ကမ္ဘာကြီးတွင် အနောက်သြဇာ ကျဆင်းမှုနှင့် ကမ္ဘာ့ ကြွယ်ဝမှု၊ အာဏာနှင့် နည်းပညာတို့အား တစ်ဦးတစ်ယောက်တည်းက လက်ဝါးကြီးအုပ်ထားမှု အဆုံးသတ်လာနေခြင်း ‘နိုင်ငံတကာ အုတ်မြစ်သစ်’ ချမှတ်ရန်အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း အီရန်သမ္မတက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Press TV

  • ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – မလေးရှားအစိုးရမှာ နိုင်ငံအတွင်း ဆေးလိပ် စတင်သောက်သုံးနိုင်မည့် အသက်အရွယ်ကို ၂၁ နှစ်အထိ မြှင့်တင်ရန်အတွက် စဉ်းစားသွားမည်ဟု ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဟီလ်မီ ယဟ်ယာက ပြောကြားခဲ့သည်။

    ထိုဆောင်ရွက်ချက် အပါအ၀င် ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ထိန်းချုပ်မည့် ဥပဒေမူကြမ်းတစ်ခုကို လာမည့်နှစ်တွင် တင်သွင်းရန် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    “အဆိုပြုချက်တွေကို ဥပဒေရေးရာ တာဝန်ရှိသူတွေ လေ့လာဖို့အတွက် ပေးထားပြီးပါပြီ” ဟု လွှတ်တော်အမတ် နူရူလ် အစ်ဇာဟ် အန်ဝါရ်၏ မေးမြန်းမှုကို ယဟ်ယာက ဖြေကြားခဲ့သည်။

    အန်ဝါရ်က ဆေးလိပ်ငွေ့၏ အကျိုးဆက်ကို ဆေးလိပ်မသောက်သူများ ခံစားနေရမှုအား ကာကွယ်ပေးရေး ဆောင်ရွက်ရန်လည်း အစိုးရကို တိုက်တွန်းခဲ့သည်။

    ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေသစ်တွင် စားသောက်ဆိုင်များကဲ့သို့ နေရာများ၌ စီးကရက်ကြော်ငြာများ ထားရှိခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ရန် လေ့လာနေကြောင်း၊ ၁၉၈၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် အစားအသောက်ထိန်းချုပ်ရေး ဥပဒေအောက်တွင် ပါဝင်သည့် ဆေးရွက်ကြီး ထိန်းချုပ်ရေး
    ဥပဒေမှာ လျော့ရဲနေကြောင်း၊ အစိုးရက ဆေးလိပ်မသောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသော်လည်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများတွင် ဆေးလိပ်သောက်သုံးမှု အလေ့အထကို မလျှော့ချနိုင်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၅ ခုနှစ် စစ်တမ်းများအရ မလေးရှားတွင် ဆေးလိပ်သောက်သုံးသူမှာ ၂၄ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၁ ခုနှစ်နှင့်စာလျှင် ၀.၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

    “ကျဆင်းမှုဟာ သိပ်နည်းတာကြောင့် (ဆေးလိပ်မသောက်ရေး လှုပ်ရှားမှု) ဟာ မအောင်မြင်ဘူးလို့ ကျွန်တော် ၀န်ခံပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    Ref: Todayonline