News @ M-Media

Blog

  • မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအနေဖြင့် အသင်းမှထွက်ခွာရန် စဉ်းစားပါက တရုတ်စူပါလိဂ် ကလပ်အသင်းနှစ်ခုက ခေါ်ယူရန် အဆင်သင့်ရှိနေသည်ဟု သိရသည်။

    ရူနီမှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မန်ယူအသင်း၏ ပထမလူစာရင်းတွင် ပါဝင်ခွင့်မရတော့ဘဲ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲ ၂၀ တွင် ၃ ပွဲသာ ပါဝင်ကစားခဲ့ရသည်။ နည်းပြ မော်ရင်ဟိုကမူ တရုတ်ဘောလုံးရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်ခင် ရူနီထွက်ခွာနိုင်ချေကို ငြင်းဆိုခဲ့ခြင်းမရှိပေ။

    “ခင်ဗျားတို့ သူ့ကိုမေးရမှာပါ။ ကျွန်တော် ဒီမှာရှိနေမလားဆိုတာ ကျွန်တော်ကိုယ်တိုင် အာမမခံနိုင်ပါဘူး။ နောက်ရာသီမှာ ကစားသမားတစ်ယောက် ဒီမှာရှိနေမလားဆိုတာကိုလည်း ကျွန်တော် အာမမခံနိုင်ပါဘူး။ ခင်ဗျားတို့ သူ့ကို မေးကြည့်ပါ” ဟု မော်ရင်ဟိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    အီတလီနောက်ခံလူဟောင်း ဖေဘီယို ကန်နာဗာရိုက ၎င်း၏ တရုတ်ကလပ်အသင်း Tianjin Quanjian မှာ ရူနီအား ခေါ်ယူနိုင်ရေး အသင်းတွင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်း၏အသင်းနှင့် Beijing Guoan အသင်းမှ တစ်သင်းက ခေါ်ယူနိုင်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကလပ်အသင်းများမှာ ယခုနောက်ပိုင်းတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို လုပ်ခလာစာ အမြောက်အများပေး၍ ခေါ်ယူရန် ကြိုးစားလာပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက Shanghai Shenhua အသင်းမှာ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၆၁၅၀၀၀ ပေး၍ ခေါ်ယူခဲ့သည်။

    Ref : Goal

  • အဇာဘိုင်ဂျန်သမ္မတက ဇနီးကို ဒုသမ္မတအဖြစ် ခန့်အပ်

    အဇာဘိုင်ဂျန်သမ္မတက ဇနီးကို ဒုသမ္မတအဖြစ် ခန့်အပ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    ခင်ပွန်းဖြစ်သူ အီလ်ဟမ် အလီယက်ဗ်နှင့်အတူ တွေ့ရသည့် မဟ်ရီဘန် အလီယီဗီ

    – အာဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်မှာ ၎င်း၏ ဇနီး မဟ်ရီဘန် အလီယီဗီကို ဒုတိယသမ္မတ (၁) အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဒုတိယသမ္မရာထူးကို ၂၀၁၆ ခုနှစ်က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ကာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သမ္မတက နှုတ်ထွက်ခြင်း၊ သို့မဟုတ် ရာထူးတာဝန်များအား မထမ်းဆောင်နိုင်ခြင်း စသည်တို့ ဖြစ်လာသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်ရာထူးကို ယာယီ ရယူထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မတကတော် မဟ်ရီဘန်က ပထမဆုံး ရထူးရယူသူ ဖြစ်သည်။

    “မဟ်ရီဘန် အလီယီဗီဟာ နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု သမ္မတ အီလ်ဟမ်က ယမန်နေ့ အဇာဘိုင်ဂျန် လုံခြုံရေးကောင်စီအစည်းဝေး၌ ဇနီးဖြစ်သူအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

    ထို့ပြင် သမ္မတက ဇနီးသည်မှာ နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီဖြစ်သော New Azerbaijan Party ၏ ဒုတိယအကြီးအကဲနေရာကို ရရှိထားသည်ဟုဆိုသည်။ အဆိုပါ ပါတီကို အီလ်ဟမ်၏ ဖခင်ဖြစ်သူ ဟေဒါ အလီယက်ဗ်က ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

    မဟ်ရီဘန်မှာ နိုင်ငံ၏ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ရယူထားပြီး နိုင်ငံ၏ အကြီးဆုံး NGO ကို ဦးဆောင်ကာ ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။ ထို့ပြင် ယူနက်စကို၏ သံတမန်တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ‘တစ်နှစ်တာသြဇာအကြီးဆုံး အမျိုးသမီးဆု’ ကိုလည်း ရရှိခဲ့သည်။

    ၁၉၄၆ ခုနှစ်တွင် မြို့တော်ဘာကူ၌ မွေးဖွားခဲ့သည့် မဟ်ရီဘန်မှာ ဆေးပညာဘွဲ့ကိုလည်းကောင်း၊ ဒဿနိကဗေဒ ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။ ခင်ပွန်းဖြစ်သူ အီလ်ဟမ် အလီယက်ဗ်မှာ ၂၀၀၃ ခုနှစ်ကတည်းက နိုင်ငံကို အုပ်စိုးလာခဲ့ခြင်းဖြစ်သည်။

    Ref: RT

  • ကျန်းမာရေးလှုပ်ရှားမှုတစ်ခုအတွက် အီဂျစ်သို့ မက်ဆီလာရောက်

    ကျန်းမာရေးလှုပ်ရှားမှုတစ်ခုအတွက် အီဂျစ်သို့ မက်ဆီလာရောက်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – အသည်းရောင်အသားဝါစီပိုး ကုသရေး အားပေးမြှင့်တင်ရန်အတွက် ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ ယမန်နေ့က အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    အီဂျစ် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေကြောင်းဌာနနှင့် Prime Pharma အဖွဲ့တို့ ပူးပေါင်းကာ အီဂျစ်နိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းတွင် စီပိုးကုသမှု မြှင့်တင်ရေး Tour n’Cure လှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် မက်ဆီကို ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    မက်ဆီမှာ မူလက ဒီဇင်ဘာလတွင် အီဂျစ်နိုင်ငံသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း စိန့်ပီတာနှင့် စိန့်ပေါလ် ဘုရားကျောင်းတို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုကြောင့် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ လာရောက်ရန် စီစဉ်ထားမှုလည်း ထပ်မံပျက်ပြယ်ခဲ့ပြီး ၂၁ ရက်နေ့မှ လာရောက်နိုင်ခဲ့သည်။

    မက်ဆီမှာ အီဂျစ်ပိရမစ်များသို့ သွားရောက်ခဲ့ပြီး Tour n’Cure လှုပ်ရှားမှုအတွက် ဓာတ်ပုံများကို ရိုက်ကူးခဲ့သည်။ ထို့နောက် လှုပ်ရှားမှုအတွက် မိတ်ဆက်ပွဲပြုလုပ်မည့် Mena House ဟိုတယ်သို့ သွားရောက်ခဲ့သည်။ မိတ်ဆက်ပွဲအခမ်းအနားတွင် မက်ဆီ၏တီရှပ်များကို ရောင်းချခဲ့ပြီး ရရှိသည့် ရန်ပုံငွေများကို အသည်းအရောင်အ သားဝါ စီပိုး ရှိနေသည့် အီဂျစ်ပြည်သူများအား ကုသရေး အသုံးပြုသွားမည်ဖြစ်သည်။

    Ref: Daily News Egypt

  • တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအမျိုးသမီးများမှာ ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် ပျမ်းမျှသက်တမ်း ၉၀ ကျော် ဖြစ်လာမည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် WHO နှင့် လန်ဒန်မြို့ရှိ Imperial ကောလိပ်တို့ ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။

    စက်မှုနိုင်ငံပေါင်း ၃၅ နိုင်ငံကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့လူသားများမှာ ပိုမိုအသက်ရှည်စွာ နေထိုင်ရကာ အမျိုးသားနှင့် အမျိုးသမီးကြား ပျမ်းမျှအသက် ကွာဟမှုကလည်း နိုင်ငံအများစုတွင် နီးကပ်လာမည်ဟု ဆိုသည်။

    လေ့လာသူများကမူ ယခုကဲ့သို့ ရှာဖွေတွေ့ရှိမှုက ပင်စင်နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “တောင်ကိုရီယားနိုင်ငံက ကဏ္ဍတော်တော်များများမှာ အဆင်ပြေနေတာတွေ့ပါတယ်။ သာတူညီမျှပိုဖြစ်တဲ့ နိုင်ငံမျိုး ဖြစ်လာပြီး ပြည်သူတွေကို အကျိုးရှိစေတဲ့ ပညာရေး၊ အဟာရ စတာတွေကလည်း လူအများစုကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ အခုအချိန်အထိ သွေးတိုးရောဂါကို ကောင်းမွန်စွာ တုန့်ပြန်ထားနိုင်ပြီး ကမ္ဘာပေါ်မှာ အ၀လွန်မှုအနိမ့်ဆုံး နိုင်ငံ တစ်ချို့ထဲမှာလည်း ပါဝင်နေပါတယ်” ဟု ပရော်ဖက်ဆာ မဂျစ် အီဇာတီက ပြောကြားခဲ့သည်။

    လေ့လာမှု အချက်အလက်များအရ တစ်ချိန်က ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံဖြစ်ခဲ့သည့် ဂျပန်သည် ကမ္ဘာ့အသက်ရှည်မှုအဆင့်တွင် လျော့ကျခဲ့သည်။ အမျိုးသမီးများ ပျမ်းမျှသက်တမ်းရှည်မှုတွင် လက်ရှိ၌ ဂျပန်နိုင်ငံက ဦးဆောင်နေသော်လည်း တောင်ကိုရီးယားနှင့် ပြင်သစ်တို့က ကျော်ဖြတ်သွားမည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

    အမျိုးသားများ၏ ပျမ်းမျှသက်တမ်းတွင်မူ ဂျပန်မှာ အဆင့် ၄ နေရာမှ ၁၁ နေရာသို့ ကျဆင်းသွားသည်။ အမေရိကန်နိုင်ငံကမူ ချမ်းသာသည့်နိုင်ငံများတွင် ပျမ်းမျှသက်တမ်း အနိမ့်ဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။

    Ref: BBC

  • အာဆီယံ ယူ ၁၈ အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်

    အာဆီယံ ယူ ၁၈ အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    ယူ ၁၈ အသင်းအဖြစ် အခြေခံဖွဲ့စည်းထားသည့် မြန်မာ ယူ ၁၆ အသင်း

    – အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ၏ ယူ-၁၈ အမျိုးသား ဘောလုံးပြိုင်ပွဲကို လာမည့် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပသွားမည်ဟု မြန်မာဘောလုံးအဖွဲ့ချုပ် MFF က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စက်တင်ဘာ ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ တီမောလက်စ်တီ၊ လာအို၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ ပါဝင်ကာ၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ဘရူးနိုင်း၊ ဖိလစ်ပိုင်နှင့် AFF က ဖိတ်ကြားထားသည့် နယူးဇီလန်အသင်းတို့ ပါဝင်မည် ဖြစ်သည်။

    ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအသင်းမှာ ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသင်းကို အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်ပြီး၊ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ နှင့် ယူ-၁၈ ပြိုင်ပွဲဝင် ကလပ်အသင်းများမှာ ကစားသမားအချို့ကို ထပ်မံပေါင်းထည့်ကာ ၎င်းတို့ထဲမှ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    မြန်မာ ယူ-၁၈ သင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။

    Ref: business-standard