News @ M-Media

အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ

စက်တင်ဘာ ၁၆၊ ၂၀၁၆
M-Media

simo

– လာလီဂါကလပ် အက်သလက်တီကိုအသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းကို ၂ နှစ် လျှော့ချလိုက်သည်ဟု သိရသည်။

၂၀၁၃-၁၄ ခုနှစ်တွင် လာလီဂါတစ်ကြိမ် ရရှိကာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ ကြိမ်တိုင်တိုင် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆီမြွန်နီကို ၂၀၁၅ ခုနှစ် မတ်လတွင် အသင်းက စာချုပ်သက်တမ်းတိုးခဲ့ပြီး ထိုစာချုပ်အရ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိမည် ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်ဖက်သဘောတူညီချက်ဖြင့် စာချုပ်သက်တမ်းမှ ၂ နှစ်လျှော့ချခဲ့ပြီး ဆီမြွန်နီကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။

“မှန်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် စကားပြောဆိုခဲ့ပြီး အသင်းနဲ့ ကလပ်အတွက် အကောင်းဆုံးကို ဆောင်ရွက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလွဲလို့ ဘာမှ မပြောင်းလဲပါဘူး။ အခြေအနေက ပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံးလည်း အေးဆေးပါပဲ။ ကျွန်တော်လည်း ဒီမှာရှိနေရတာကို ပျော်ပါတယ်။ ၂၀၁၈ နောက်ပိုင်း သက်တမ်ထပ်တိုးနိုင်ခြေကိုလည်း ထိခိုက်ဖို့ မရှိပါဘူး” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

ဆီမြွန်နီအား ခေါ်ယူရန်အတွက် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေပြီး ယခု စာချုပ်သက်တမ်း လျှော့လိုက်သည့် သတင်းကြောင့် အသင်းပြောင်းရွှေ့တော့မည်ဟူသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

Ref: Goal

Comments

Leave a Reply