News @ M-Media

Blog

  • ဟန်ဂေရီနိုင်ပွဲမှာ မိမိ၏ နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဟု ဟာဇာ့ဒ်ပြော

    ဟန်ဂေရီနိုင်ပွဲမှာ မိမိ၏ နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဟု ဟာဇာ့ဒ်ပြော

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    bel

    – ယနေ့မနက်က ကစားခဲ့သည့် ဟန်ဂေရီအား အနိုင်ရခဲ့သည့်ပွဲမှာ နိုင်ငံအသင်းအတွက် မိမိပြသခဲ့သည့် အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်သည်ဟု ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အေဒင် ဟာဇာ့ဒ်က ပြောကြားလိုက်သည်။

    ဘယ်လ်ဂျီယံက ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါ ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွင် ဟာဇာ့ဒ်မှာ တစ်ကိုတော် ထိုးဖောက်မှုဖြင့် ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းဖော် မီချေး ဘတ်ရှာယီ သွင်းယူသောဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။ ဟာဇာ့ဒ်မှာ အသင်းဖော်များအတွက် ထိုပွဲတွင် စုစုပေါင်း အခွင့်အရေး ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။

    ထိုပွဲမှာ ၎င်း၏ ဘယ်လ်ဂျီယံနှင့် အကောင်းဆုံး စွမ်းဆောင်ရည်လားဟု မေးမြန်းရာတွင် ဟာဇာ့ဒ်က

    “ဟုတ်ပါတယ်။ ကျွန်တော် နိုင်လိုစိတ်တော်တော်များများ ရှိခဲ့တယ်။ ကျွန်တော်တို့ဟာ ဂိုးတွေသွင်းယူနိုင်ခဲ့သလို၊ အခွင့် အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးသမား သီဘောက် ကော်တိုအစ်ကလည်း ဂိုးမပေးရတဲ့မှတ်တမ်းကို ရရှိခဲ့ပြီး အင်မတန်ကောင်းမွန်တဲ့ ညနေခင်းလေးပါပဲ။ အကောင်းဆုံးပြိုင်ဘက် မဖြစ်နိုင်ပေမယ့် ဟန်ဂေရီဟာ ကစားဖို့ခက်တဲ့ အသင်းပါ။ အပြစ်ပြောစရာမရှိအောင် သူတို့ ကောင်းလွန်းတာကြောင့် ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းဖို့ ကြိုးစားခဲ့ရပါတယ်။ ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    ဘယ်လ်ဂျီယံမှာ ကွာတာဖိုင်နယ်တွင် ဝေးလ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ကာတာနိုင်ငံက ဂြိုဟ်အသစ်သုံးလုံး ရှာဖွေတွေ့ရှိ

    ကာတာနိုင်ငံက ဂြိုဟ်အသစ်သုံးလုံး ရှာဖွေတွေ့ရှိ

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    quatar

    – ကာတာဖောင်ဒေးရှင်းရဲ့ ပတ်ဝန်းကျင်နဲ့စွမ်းအင်သုတေသနဆိုင်ရာအဖွဲ့အစည်း(QEERI/QF) က သိပ္ပံပညာရှင်တွေဟာ ၎င်းတို့အနေနဲ့ ဂြိုဟ်သစ်သုံးလုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အခုလို ရှာဖွေတွေ့ရှိခဲ့တာဟာ ပညာရေး၊ သိပ္ပံနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကာတာဖောင်ဒေးရှင်း (QF) နဲ့ ကာတာအမျိုးသား သုတေသနရန်ပုံငွေအဖွဲ့ (QNRF) တို့က ပံ့ပိုးပေးထားတဲ့ ကာတာဂြိုဟ်သစ်ရှာဖွေရေး (QES) စီမံကိန်းက သိပ္ပံပညာရှင်တွေရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။

    QEERI/QF ကတော့ ယခုရှာဖွေတွေ့ရှိမှုကို ကမ္ဘာလုံးဆိုင်ရာ ရှာဖွေတွေ့ရှိမှုအဖြစ် မှတ်တမ်းတင်ထားမှာဖြစ်ပြီး တော်ဝင်နက္ခတဗေဒအဖွဲ့အစည်းရဲ့လစဉ်ကြေညာချက် (MNRAS) မှာ အသေးစိတ် ရေးသားဖော်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ယခုဂြိုဟ်သစ်သုံးလုံး ရှာဖွေလေ့လာမှုကို ကာတာနိုင်ငံ ပတ်ဝန်းကျင်နဲ့ စွမ်းအင်သုတေသနဆိုင်ရာအဖွဲ့အစည်း(QEERI) က အုပ်ချုပ်မှုဒါရိုက်တာ ကာတာသိပ္ပံပညာရှင် ဒေါက်တာ ခါလစ် အလ်-ဆူဘိုင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

    Ref; IINA

  • ဒေါ်စုခရီးစဉ်တွင် စီစဉ်မှုညံ့ဖျင်းခဲ့သည့် အာဏာပိုင်များကို ထိုင်းက ရာထူးမှထုတ်ပယ်

    ဒေါ်စုခရီးစဉ်တွင် စီစဉ်မှုညံ့ဖျင်းခဲ့သည့် အာဏာပိုင်များကို ထိုင်းက ရာထူးမှထုတ်ပယ်

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    daw su 2

    – ပြီးခဲ့သည့်တစ်ပတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒ်ါအောင်ဆန်းစုကြည် သွားရောက်လည်ပတ်ခဲ့သည့် မြို့မှ အာဏာပိုင် ၆ ဦးကို ထိုင်းအစိုးရက ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ ထုတ်ပယ်ရသည့် အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ဇွန်လ ၂၃ ရက်နေ့က မဟာချိုင်တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ တွေ့ဆုံပွဲတွင် မြန်မာလုပ်သားများ မပါဝင်နိုင်စေရန် မေးခွန်းထုတ်ဖွယ်ရာ စီစဉ်မှုများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ထုတ်ပယ်ခံရသူများတွင် ဒေသအလုပ်သမားရေးရာအကြီးအကဲ၊ ရဲအရာရှိတစ်ဦးနှင့် ခရိုအုပ်ချုပ်ရေးမှူးတစ်ဦးတို့ ပါဝင်သည်ဟု ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အခွင့်အရေးကွန်ယက်မှ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးစိန်ဌေးက ဆိုသည်။

    ထိုင်းဘာသာစကားဖြင့် ရေးသားထားသော ရာထူးမှထုတ်ပယ်သည့် ကြေငြာစာတွင် စုစုပေါင်း တာဝန်ရှိသူ ၂၃ ဦး ပါဝင်ခဲ့ကာ အခြားသူများမှာ ဘန်ကောက်ရှိ ပြည့်တန်ဆာဂိုဏ်းများအဖြစ် ဆောင်ရွက်နေသာ အလှပြင်ဆိုင်များအား ဖမ်းဆီးရာတွင် ခြစားခဲ့မှုနှင့် ဆက်စပ်နေသူများဖြစ်သည်။

    မဟာချိုင်ဒေသရှိ ပင်လယ်စာလုပ်ငန်းတည်ရှိရာနေရာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာတွင် ထိုင်းအာဏာပိုင်များမှာ လုပ်ခလစာမြင့်သည့် အလုပ်သမားများကိုသာ တွေ့ဆုံပွဲခန်းမအတွင်းသို့ ၀င်ရောက်ခွင့်ပေးသည်ဟု မြန်မာအလုပ်သမားများဘက်မှ ပြောဆိုခဲ့သည်။

    ထိုင်းအာဏာပိုင်များက စောစောလာသူများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမည်ဟု ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် လူ ၅၀၀ သာ ခန်းမအတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်ဟု ကြေငြာခဲ့သည်။ ထို့ကြောင့် အခမ်းအနားမစတင်ခင် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ဈေးဝန်းအတွင်း စုရုံးကာ ဆန္ဒပြခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ အလုပ်မှထုတ်ပယ်ခံရသူများမှာ ထိုင်းအာဏာပိုင်များတင်မဟုတ်ဘဲ မြန်မာအလုပ်သမားများမှာလည်း မာဟာချိုင်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့်အတွက် အလုပ်ထုတ်ခံရမှုများ ရှိခဲ့သည်ဟု ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Aide Alliance Committee for Myanmar Workers က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: mmtimes

  • အိုင်ယာလန်ကိုနိုင်ရန် အသည်းအသန် ကြိုးပမ်းခဲ့ရသည်ဟု ပြင်သစ်နည်းပြပြော

    အိုင်ယာလန်ကိုနိုင်ရန် အသည်းအသန် ကြိုးပမ်းခဲ့ရသည်ဟု ပြင်သစ်နည်းပြပြော

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    france

    – ယမန်နေ့က ကစားခဲ့သည့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အိုင်ယာလန်အသင်းအား အနိုင်ရရှိရန် မိမိတို့အနေဖြင့် အသည်းအသန် ကြိုးပမ်းခဲ့ရပြီး၊ အသင်း၏ အားထုတ်မှုမှာ လူများ၏ရင်ထဲကို ရောက်ရှိနိုင်သည့် အားထုတ်မှုမျိုး ဖြစ်သည်ဟု ပြင်သစ်နည်းက ဒီဒီယာ ဒက်စ်ချမ့်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ပြင်သစ်မှာ ပွဲအစမှာပင် ပင်နယ်တီပေးခဲ့ရကာ နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း အက်သလက်တီကိုတိုက်စစ်မှူး အန်တိုနီ ဂရီဇ်မန်း၏ ဂိုး ၂ ဂိုးကြောင့် ပြင်သစ်မှာ နောက်ဆုံးတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ဒက်စ်ချမ့်ကမူ အသင်းကို ချီးကျူးခဲ့သည်။

    “ဒီပွဲဟာ ခက်ခဲမယ်လို့ ကျွန်တော် သိခဲ့ပါတယ်။ ပြီးတော့ အိုင်ယာလန်က ဦးဆောင်ဂိုးရသွားတာဟာ ပထမပိုင်းမှာ ကျွန်တော်တို့ကို ကသိကအောက် ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ တုန့်ပြန်မှုကောင်းခဲ့ပြီး ကစားသမားတွေဆီကလည်း စိတ်အားထက်သန်မှု တော်တော်များများကို တွေ့ခဲ့ရပါတယ်။ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့ အသည်းအသန် ကြိုးပမ်းခဲ့ရတာပါ” ဟု ဒက်စ်ချမ့်က ပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ် ယူရိုပြိုင်ပွဲတွင် အားလုံးပြည့်စုံသည့်အသင်းကို မတွေ့ရှိရသေးဘဲ၊ ညီတူညီမျှဖြစ်နေသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အက်ဆွာဗလီကို အစ္စရေးက ၀င်ရောက်စီးနင်း ရမ်းကားပြန်

    အက်ဆွာဗလီကို အစ္စရေးက ၀င်ရောက်စီးနင်း ရမ်းကားပြန်

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    ples

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုဆလင်မြို့မှာရှိတဲ့ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်ကို မနေ့မနက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ၀င်ရောက်စီးနင်းခဲ့ကြပြီး ပါလက်စတိုင်း ဘုရားဝတ်ပြုသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

    နံနက်အာရုဏ်တက် ဘုရားဝတ်ပြုမှု ပြုလုပ်နေစဉ်အတွင်းမှာ အခုလို ၀င်ရောက်စီးနင်းခဲ့ကြတာဖြစ်ပြီး ပါလက်စတိုင်း ပြည်သူတွေကလည်း ပြန်လည်ခုခံခဲ့ပါတယ်။ အဲဒီ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အစ္စရေးစစ်တပ်က သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပါလက်စတိုင်းပြည်သူ တော်တော်များများ ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၄ ဦးလောက် ဖမ်းဆီးခံခဲ့ရပါတယ်။

    ပါလက်စတိုင်းအကျဉ်းသားများလေ့လာရေးအဖွဲ့ (PPCS) က အခုနှစ် ရမ်ဇာန်ဥပုသ်လစတင်တဲ့ ဇွန်လ ၆ ရက်လောက်ကတည်းက အခုထိ အစ္စရေးစစ်တပ်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၃၃၀ ခန့်ရှိနေကာ အဲဒီအထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ အရင်ဖမ်းဆီးခံခဲ့ရဖူးသူတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    နောက်ပြီး အဲဒီဖမ်းဆီးထားမှုအတွင်းမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအ၀င် ကလေးငယ် ၆၀ ကျော်လောက် ပါဝင်တယ်လို့လည်း PPCS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရီယာ့ဒ် အလ်-အက်ရှ်ကာရ်က ပြောကြားခဲ့ပါတယ်။

    အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ရှိနေတဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ၂၀၁၅ ခုနှစ် သြဂုတ်လမှာလည်း အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အဲဒီလို ၀င်ရောက်စီးနင်းခဲ့ပြီး အဒီနောက်ပိုင်း ပါလက်စတိုင်းနဲ့ အစ္စရေးအကြား တင်းမာမှုတွေက မြင့်တက်လာခဲ့ပါတယ်။

    Ref : Presstv