News @ M-Media
Blog
  • ကိုပါအမေရိက ဆီမီးတွင် ရင်ဆိုင်ရမည့် အမေရိကန်ကို လျှော့မတွက်သင့်ဟု မာတီနိုသတိပေး
    ကိုပါအမေရိက ဆီမီးတွင် ရင်ဆိုင်ရမည့် အမေရိကန်ကို လျှော့မတွက်သင့်ဟု မာတီနိုသတိပေး
    ဇွန် ၁၉၊ ၂၀၁၆
    M-Media
    martino
    – အင်္ဂါနေ့တွင် ကစားမည့် အမေရိကန်နှင့် ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်အသင်းအား အခွင့်အရေး ယောင်၍ပင် မပေးမိစေရန် အာဂျင်တီးနားနည်းပြ တာတာ မာတီနိုက အသင်းသားများအား သတိပေးပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့ပြီး ဗင်နီဇွဲလားအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ်ပွဲတွင် ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေသည့် အာဂျင်တီးနားအသင်းမှာ ပထမပိုင်းပြီးကာနီး ၁၅ မိနစ်အလို၌ ဟန်ချက်ပျက်သွားခဲ့ပြီး ချေပဂိုးများ ပေးရနီးနီးအထိ ဖြစ်ခဲ့သည်။
    မာတီနိုကမူ ထိုအဖြစ်အပျက်ကို မကျေနပ်ဘဲ ဆီးမီးဖိုင်နယ်တွင် ထိုအခြေအနေမျိုး ထပ်မဖြစ်စေရန် ကစားသမားများအား တိုက်တွန်းခဲ့သည်။
    “ကျွန်တော် အမြဲတမ်းပြောသလိုပါပဲ။ အမေရိကန်အပါအ၀င် ပြိုင်ပွဲရဲ့ ဒီလိုအဆင့်ကိုရောက်လာတဲ့ ဘယ်လိုအသင်းမျိုးမဆို ကြက်ကန်းတိုးလာတာမျိုး မဟုတ်ပါဘူး။ အမေရိကန်ဟာ အုပ်စုကြပ်ကို ဖြတ်သန်းခဲ့ရပြီး အဖွင့်ပွဲမှာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပြန်အဖတ်ဆယ်နိုင်ခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်ပွဲအတွက် သူတို့ရဲ့ ကစားသမားတစ်ချို့ ပွဲပယ်ခံထားရတယ်ဆိုတာ မှန်ပေမယ့် ဒီလိုအဆင့်ကို ရောက်လာတာနဲ့ အိမ်ရှင်အသင်းဖြစ်တယ်ဆိုတဲ့ အချက်တွေက ပြိုင်ဘက်တွေ တော်တော်လေး ဂရုစိုက်ရမယ့် အချက်ပါပဲ။ သူတို့ဟာ ထိပ်တန်းပြိုင်ဘက်အသင်းတစ်သင်းပါ။ သူတို့ကို အခွင့်အရေးသွားမပေးဖို့ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်။ ဗင်နီဇွဲလားနဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးနည်းနည်း ပေးခဲ့မိပါတယ်” ဟု မာတီနိုက ပြောကြားခဲ့သည်။
    Ref: Goal
  • ကလေး ၃ ဦး လာရှိုးမြို့မှ ဘုန်းတော်ကြီးကျောင်းရှိ ဆင်းတုတော်နှင့် ရုပ်ပွားတော်များကို အနီရောင်ဆေးဖြင့် ပက်ဖြန်းမှုဖြစ်ပွား
    ကလေး ၃ ဦး လာရှိုးမြို့မှ ဘုန်းတော်ကြီးကျောင်းရှိ ဆင်းတုတော်နှင့် ရုပ်ပွားတော်များကို အနီရောင်ဆေးဖြင့် ပက်ဖြန်းမှုဖြစ်ပွား
    ဇွန် ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    M-Media
    ၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က အမှတ်(၉) ရပ်ကွက် ၊ အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများကို ATM Spray အနီဖြင့် ပက်ဖြန်းမှု တရပ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
    အဆိုပါ ပက်ဖြန်းသူများမှာ အသက်မပြည့်သေးသော ကလေး (၃) ဦးဖြစ်ကြောင်းနှင့် ၃ ဦးလုံးမှာ မွတ်စလင်မ် ကလေးများဖြစ်ကြကြောင်း စုံစမ်းသိရှိရပါတယ်။
    ကလေးငယ်များမှာ အသက် ၁၂ နှစ် ၊ ၁၃ နှစ်၊ ၁၄ နှစ် အရွယ် ကလေး များဖြစ်ကြပြီး ၂ ဦးမှာ မိဘ မရှိကြောင်းနှင့် အခြား ၁ ဦး၏ ဖခင်မှာ (၃) ဘီး ကယ်ရီ မောင်းသူတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။
    ဖြစ်စဉ်မှာ ဘုန်းတော်ကြီးကျောင်းတွင် ဘောလုံးကွင်းပုံစံကဲ့သို့ ကျယ်ဝန်းသောနေရာတွင် အဆိုပါ ကလေး ၃ ဦးမှာ ဆော့ကစားလေ့ရှိကြောင်း၊ ဘုန်းကြီးကျောင်းဝင်းတွင်း ဝင်ထွက်သွား လာကြသည့် လူငယ်များမှာ ၄င်းတို့၏ အမည်နှင့် အခြားစိတ်ကူးပေါက်ရာများကို ဘောပင်၊ ဆော့ပင်များနှင့် လက်ဆော့ရေးသားလေ့ရှိကြောင်း၊ ယခု ပြစ်မှု ကျူးလွန်သည့် ကလေး ၃ ဦးမှာလဲ ဘုန်းကြိးကျောင်းဝင်းအတွင်း ဆော့ကစားရင်း အနီးတွင်တွေ့ရှိရသည့် ATM Spray ဖြင့် ကလေး သဘာဝ လက်ဆော့တာ ဖြစ်နိုင်ကြောင်း၊ မိဘမဲ့ ကလေး၂ ဦး အပါအဝင် လက်လုပ်လက်စား အသိုင်းအဝိုင်းမှ ကလေးများဖြစ်သဖြင့် မိဘအုပ်ထိန်းမှု နည်းပါးသည့် ကလေးငယ်များဖြစ်နိုင်ကြောင်း၊ ယခုဖြစ်စဉ်မှာ ကြိုတင်ကြံစည်ပြိး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် မဟုတ်ကြောင်း၊ ရုပ်ပွားတော်များကို ဆေးဖြင့် ပက်ဖြန်းသည့် အတွက် သက်ဆိုင်ရာ ရဲစခန်းမှ ထိန်းသိမ်းထားပြီး အဆိုပါ ကလေးသုံးဦးကို တနလာင်္နေ့ (၂၀) ရက်နေ့တွင် ရုံးထုတ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း လားရှိုးမြို့မှ မြို့မိမြိုဖ တစ်ဦးမှ M-Media ကို ပြောပါတယ်။
    အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်းတိုက်ဝင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာရုပ်တုများ ယခင်အတိုင်း ပြန်လည်ဖြစ်စေရန် အတွက်ကိုလည်း ကျောင်းတိုင်ဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း ညှိနှိုင်းပြီး ဖြစ်ကြပြီး နှစ်ဦးနှစ်ဖက် ပြေလည်မှုများ ရရှိကာ အေးချမ်းလျှက် ရှိနေကြောင်း သိရပါတယ်။
    လားရှိုးမြို့ပေါ်တွင် ပြသနာ တစုံတရာ ဖြစ်ပေါ်ခြင်းမရှိဘဲ အေးချမ်းလျက်ရှိနေပြီး အရှေ့ခါးရိုး ဘုန်းတော်ကြီး ကျောင်း၊ သက်ဆိုင်ရာ ဘာသာရေးအဆောက်အအုံများနှင့် လာရိုးမြိုနယ်တစ်ခုလုံးကို  ၂၄ နာရီ အချိန်ပြည့် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေကြောင်း သိရပါတယ်။
    ယခုဖြစ်စဉ်ကို ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် လိုအပ်သည့်ထပ်ပိုမိုချဲ့ ကားပြောဆိုမှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိရကြောင်း ကို လားရှိုးမြို့မှ မြို့မိမြိုဖ တစ်ဦးမှ M-Media ကို အတည်ပြုပြောကြားပါတယ်။
  • ကာရံမဲ့ (သို့) မရေးချင်တဲ့ကဗျာ
    ကာရံမဲ့ (သို့) မရေးချင်တဲ့ကဗျာ
    547981_406548966031047_1320218506_n
    Photo-7DayNews
    တစ်ချိန်က
    အချုပ်ကျနေချိန်
    ဇွန် ၁၉ ဆိုတာ
    သားတို့အတွက်
    မျက်နှာမွဲတွေအတွက်
    မိခင်များနေ့ဆိုတဲ့
    နေ့ကြီးရက်ကြီးပေါ့။
    ကဗျာရွတ်ပွဲ
    ဆုတောင်းပွဲတွေ
    ကြက်သီးတွေထ
    မျက်ရည်တွေကျ
    ကြိမ်းဝါးခဲ့တာ
    ငါ့အမေလွတ်လာမှသိမယ်ပေါ့။
    အာဂအမေလည်း
    သတ္တိခဲပေမို့
    အာဏာရှင်ကိုတွန်းလှန်
    အဖိနှိပ်ခံတွေဘက်
    မားမားရပ်ခဲ့သေးတယ်လေ။
    ပြည်သူ့အင်အား
    လူထုအားနဲ့
    အာဏာရှင်ကို
    တွန်းချနိုင်ပြီ
    လက်သန်းမှင်တွေ သက်သေပေါ့။
    ရင်ကြားစေ့ရေး
    အစဉ်တွေးပြီး
    အလေးထားပေးတာ
    မပြောလိုပါဘူး
    ဒါပေမယ့်လေ ဒါပေမယ့်ပေါ့
    မင်းသားမျက်နှာဖုံးအောက်က
    ဘီလူးအစွယ်ကို
    အမေသေချာမြင်ပါစေ။
    လူနည်းစု ဘာသာကွဲ
    အားလုံးဟာပြည်သူဘဲလေ
    ဒီပြည်သူတွေ တစ်ချိန်က
    အမေမှအမေ
    အမေသာမျှော်လင့်ချက်
    အမေသာမိုးသောက်ရောင်ခြည်မို့
    အမေ့အတွက် အသက်စွန့်မယ်
    တုံးတိုက်တိုက် ကျားကိုက်ကိုက်။
    ခုတော့လေ
    တိုင်းရင်းသားတွေ
    ဖိနှိပ်ခံနေရတုန်း
    ဘာသာခြားတွေ
    အနိုင်ကျင့်ခံနေရတုန်း
    အမုန်းလှိုင်းတွေ
    တစ်လုံးပြီးတစ်လုံးနဲ့
    မျှော်လင့်ချက်ကမ်းပါးကို
    တိုက်စားသွားလေပြီလား။
    ဒီမိုကရေစီဆိုတာ
    အာဏာရှင်စွန့်ကျဲမှ
    သဒ္ဒါသလောက်သာရမယ်ဆိုရင်
    အမေအပင်ပန်းမခံနဲ့
    သားတို့တတွေ
    ပြည်သူတွေစုပြီး
    ကိုယ့်အထုပ်ကိုယ်ထမ်း
    တော်လှန်ရေးလမ်းကို
    အစကပြန်ချီတက်မယ်။
    ကာရံမချောတဲ့ကဗျာ
    အဆုံးမသတ်နိုင်တဲ့ ကားချပ်
    သဲကြိုးပြတ်နေတဲ့ဖိနပ်
    သားပျောက်နေတဲ့မိခင်
    ကြေကွဲစရာအဖြစ်အပျက်
    သန်းကောင်ထက် ညဥ့်မနက်တော့ပါဘူး။
    ကျော်စွာ
    (၁၉-၆-၂၀၁၆)
    မနက် ၄:၁၅
  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ် အစ်ဖ်သာရ်ဝါဖြေပွဲ တစ်ခုကို သြဇီဝန်ကြီးချုပ် ကျင်းပ
    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ် အစ်ဖ်သာရ်ဝါဖြေပွဲ တစ်ခုကို သြဇီဝန်ကြီးချုပ် ကျင်းပ
    ဇွန် ၁၉၊ ၂၀၁၆
    M-Media
    ausi 2
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုချီးမြှောက်တဲ့အနေနဲ့ သြစတေးလျဝန်ကြီးချုပ် မဲလ်ကွမ် တန်းဘူးလ်ဟာ ၀န်ကြီးချုပ်နေထိုင်ရာ အိမ်တော်တစ်ခုဖြစ်တဲ့ Kirribilli House မှာ သြစတေးလျ မွတ်စလင်တွေနဲ့အတူ ကြာသာပတေးနေ့က စုပေါင်းဝါဖြေညစာစားပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
    အဲဒီဝါဖြေပွဲကို သြစတေးလျ နိုင်ငံလုံးဆိုင်ရာ ရှေ့ဆောင်အီမာမ်များ ကောင်စီရဲ့ ဥက္ကဌဖြစ်သူ ရှိခ် ရှာဒီ အလ်-ဆူလိုင်မန်အပါအ၀င် ဘာသာပေါင်းစုံက ခေါင်ဆောင်များ၊ ထင်ရှားကျော်ကြားတဲ့ သြစတေးလျမွတ်စလင်များ တက်ရောက်ခဲ့ကြပါတယ်။
    ဒါဟာ သြစတေးလျအစိုးရက ပြုလုပ်ပေးတဲ့ ပထမဆုံး အစ်ဖ်သာရ် ၀ါဖြေပွဲလည်းဖြစ်ပါတယ်။
    “ဘာသာတရားကို လိုရာစွဲဘာသာပြန်ဆိုပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်ကြသူတွေအပါအ၀င် အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ကြားမှာ သွေးကွဲစေဖို့နဲ့၊ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ သူတို့ရည်ရွယ်ချက် အောင်မြင်အောင် ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အော်လန်ဒို လူသတ်မှုဟာ ကျွန်တော်တို့ကြားမှာ လူမျိုး၊ ဘာသာနဲ့ လိင်ပိုင်းဆိုင်ရာ ရပ်တည်ချက်တွေကိုလိုက်ပြီး ကွဲပြားသွားအောင် စီစဉ်ဆောင် ရွက်ခဲ့တာပါ။ ဒါပေမယ့် ဒါမျိုး အမုန်းတွေ၊ သွေးခွဲမှုတွေကို လွှတ်ထားလို့ မဖြစ်ပါဘူး” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ တစ်ခုတည်းသော သြစတေးလျ မိသားစုဝင်တွေအဖြစ် အကြမ်းဖက်ဝါဒ၊ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုတွေကို အတူတကွ ဆန့်ကျင်တိုက်ထုတ်သွားရမှာ ဖြစ်ပါတယ်”
    နောက်ပြီး သြစတေးလျ မွတ်စလင်လူ့အဖွဲ့အစည်းဟာ တိုင်းပြည်ရဲ့ မရှိမဖြစ်လူ့အဖွဲ့အစည်းဖြစ်တယ်လို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ခင်ဗျားတို့ဟာ အပြန်အလှန်လေးစားနားလည်မှုကို အရင်းတည်ကာ တည်ဆောက်ထားတဲ့ သြစတေးလျလူ့အဖွဲ့အစည်းမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံသားဆိုတာကို လူမျိုး၊ ဘာသာတရားနဲ့ သတ်မှတ်တာမဟုတ်ဘဲ အပြန်အလှန်လေးစားမှုပေါ် တည်မှီနေတဲ့ နိုင်ငံရေးတန်ဖိုးတွေ၊ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှုတွေနဲ့ သတ်မှတ်တာ ဖြစ်ပါတယ်”
    အဲဒီဝါ အစ်ဖ်သာရ်ဝါဖြေပွဲကို မွတ်စလင်ခေါင်းဆောင်တွေနဲ့အတူ၊ ခရစ်ယာန်၊ ဂျူး၊ ဟိန္ဒူ၊ ဆခ်စ်နဲ့ ဗုဒ္ဓဘာသာတို့က ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
    “ဘာသာပေါင်းစုံကလူတွေနဲ့ ဒီလိုစားသောက်ရတာ၊၊ မတူကွဲပြားတဲ့သူတွေကို ဒီလိုတစ်စုတစ်စည်းတည်း တွေ့ဆုံရတာတွေဟာ အစ္စလာမ်က မီးမောင်းထိုးပြထားတဲ့ လူသားဆန်မှုကို ကျွန်တော်တို့က ဖော်ကျူးလိုက်တာပါပဲ” လို့ ၀န်ကြီးချုပ် တန်းဘူးလ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: News Corp Australia Network
  • ဂျိုးကော့စ် (သို့မဟုတ်) လူပီသမှုကြောင့် လက်ယာအစွန်းရောက်တို့၏ သားကောင်ဖြစ်ခဲ့ရသူ
    ဂျိုးကော့စ် (သို့မဟုတ်) လူပီသမှုကြောင့် လက်ယာအစွန်းရောက်တို့၏ သားကောင်ဖြစ်ခဲ့ရသူ
    ဇွန် ၁၉၊ ၂၀၁၆
    M-Media
    joe cox
    – ၎င်းတို့၏ လူ့အခွင့်အရေးများအတွက် အမြဲလိုလို ကာကွယ်ပြောကြားကာ မားမားမတ်မတ် ရပ်တည်ပေးနေသော ဗြိတိန် လွှတ်တော်အမတ် ဂျိုးကော့စ် အသတ်ခံရမှုက ဗြိတိန်ရှိ လူနည်းစုများကို တုန်လှုပ်ခြောက်ခြားစေကာ ပူဆွေးသောက ရောက်စေခဲ့သည်။
    နှစ်ပေါင်း ၂၀ အတွင်း လွှတ်တော်အမတ်တစ်ယောက် ပထမဆုံး လုပ်ကြံခံရခဲ့သည့် ထိုအဖြစ်အပျက်တွက် ဗြိတိန်တစ်နိုင်ငံလုံးကလည်း ယူကြုံးမရ ဖြစ်ကြရသည်။ အသက် ၄၁ နှစ်အရွယ်ရှိ ဂျိုးကော့စ်မှာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ဆီးရီးယား ဒုက္ခသည်များမှသည် ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများအထိ သူမနှင့်အတူ အလုပ်တွဲလုပ်ခဲ့သော အသင်းအဖွဲ့များက သူမ၏ အနစ်နာခံ ဆောက်ရွက်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုခဲ့ကြလေသည်။
    ဘတ်တလေနှင့် စပန်ဒေသ၏ လေဘာပါတီ လွှတ်တော်အမတ်ဖြစ်သူ ကော့စ်မှာ ကြာသာပတေးနေ့က သူမ၏ မဲဆန္ဒနယ်ဖြစ်သော ၀က်စ်ရှိုင်းယားရွာရှိ ဘီရ်စတောလ်ရပ်ကွက်တွင် ဓား၊ သေနတ်တို့ဖြင့် လုပ်ကြံခံခဲ့ရသည်။ ထိုနေရာက သူမမွေးဖွားရာဒေသနှင့် ၅ မိုင်ပျော့ပျော့သာ ဝေးလေသည်။
    နိုင်ငံရေးသမားဘ၀တွင် ကော့စ်က မတူကွဲပြားစွာညီညွတ်ရေး၊ ဆီးရီးယားပဋိပက္ခဒဏ် ခံစားရသူများအရေး၊ ကလေးဒုက္ခသည်များအရေး၊ ဂါဇာကမ်းမြှောင်အား အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် အတိဒုက္ခရောက်နေကြသော ပါလက်စတိုင်းပြည်သူများအရေးနှင့် အစ္စလာမ်ကြောက်ရောဂါဒဏ် ခံစားနေရသည့် မွတ်စလင်များအရေး စသည်တို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့လေသည်။
    “သူမဟာ နာမည်မကြီးပေမယ့် သြဇာကြီးသူတစ်ယောက်ပါ။ သူရဲ့အသက်ရှင်သန်မှုက ညီညွတ်ရေး ဖြစ်စေခဲ့သလို၊ သူ့ရဲ့ သေဆုံးမှုကလည်း ညီညွတ်ရေးကို ဖြစ်စေတာပါပဲ” ဟု ကော့စ်၏ မဲဆန္ဒနယ်အတွင်းရှိ အိန္ဒိယ ဂူဂျာရတ်နယ်ဖွားများ လူ့အဖွဲ့အစည်းနှင့် နှီးနွယ်ပတ်သက်နေသူ ရှေ့နေ ရာဇီယာ ဂျိုဂီက ပြောကြားခဲ့သည်။
    သောကြာနေ့ညနေပိုင်းက အင်္ဂလန်မြောက်ပိုင်းရှိ မြို့ငယ်လေးတစ်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျိုးကော့စ်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်သူများတွင် ဂျိုဂီလည်း ပါဝင်ခဲ့သည်။
    “သူဟာ လူကြိုက်မများတဲ့ ကိစ္စတွေ၊ လူတွေက လက်မထည့်ချင်ကြတဲ့ ကိစ္စတွေကို ခေါင်းခံဖြေရှင်း ဆောင်ရွက်ပေးသူလည်းဖြစ်ပါတယ်”
    လူ့အဖွဲ့အစည်းများအား ပေါင်းကူးပေးသူ
    အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို အိန္ဒိယမွတ်စလင်လူမှုဖူလှုံရေးအသင်းတွင် ပြုလုပ်ခဲ့ပြီး ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစံမှာ လူပေါင်းရာချီ၍ တက်ရောက်ခဲ့ကြသည်။
    ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဖြစ်သူ ဆိုက်ယီဒါ ၀ါဆီက ကော့စ်မှာ “နှုတ်ဆိတ်နေရသူများ၏ အသံ” “အမုန်းခံရသူများ၏ မျှော်လင့်ချက်” ဖြစ်ပြီး သူမဦးဆောင်လှုပ်ရှားခဲ့သည့် ကိစ္စများအတွက် ပါတီ၏ ကန့်သတ်မှုဘောင်ကို ကျော်လွန်၍ပင် ဆောင်ရွက်ပေးလေ့ရှိခဲ့သည်ဟု ၎င်း၏ အောက်မေ့ဖွယ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    “ဒေသတွင်းနဲ့ ဒေသပြင်ပက အစီအစဉ်တွေ၊ စီမံကိန်းတွေမှာ ကျွန်တော်ဟာ ဂျိုးနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ဖူးပါတယ်။ သူဟာ လူ့အဖွဲ့အစည်းမှာ ထင်ရှားသူတစ်ယောက်ပါ။ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် သွားရောက်ပါဝင်ဖို့ကို သူ့ရဲ့ အဓိကလုပ်ရမယ့်ကိစ္စအနေနဲ့ သတ်မှတ်ထားပါတယ်” ဟု ဘတ်လေတွင် လူငယ်အဖွဲ့များနှင့် အောက်ခြေလုပ်ငန်းအဖွဲ့များစွာကို ဦးစီးလုပ်ဆောင်နေသူ အဘ်ဒူလ် ၀ါဂျစ်ဒ်က ပြောကြားခဲ့သည်။
    “သူမဟာ ပေါင်းလို့သင်းလို့ကောင်းတယ်။ ပွင့်လင်းတယ်။ ပြီးတော့ နားလည်ခံစားပေးနိုင်သူလည်း ဖြစ်ပါတယ်။ သူနဲ့ သဘောထားချင်း မတိုင်ဆိုင်ရင်တောင်မှ စိတ်ရှည်လက်ရှည်နားထောင်ပေးပါတယ်”
    ကော့စ်မှာ လူ့အဖွဲ့အစည်းများကြား ပေါင်းကူးပေးမှုကို အဓိကအာရုံစိုက်လုပ်ဆောင်ကာ၊ ဘတ်တလေဒေသတွင်း အကြမ်းဖက်သံသယဖြင့် ဖမ်းဆီးမှုတစ်ချို့ ပြုလုပ်ခဲ့ပြီးနောက် ဒေသအား အကြမ်းဖက်ဝါဒဖောက်ဖွားရာဖြစ်သည်ဆိုသော ထင်မြင်ယူဆချက်များကို ချေဖျက်ရန် နှစ်မြှုပ်လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်ဟုလည်း ၀ါဂျစ်ဒ်က ပြောကြားခဲ့သည်။
    နိုင်ငံသားကောင်းတစ်ယောက် ဆုံးရှုံးမှုအတွက် နိုင်ငံသားတိုင်းက ပူဆွေးဝမ်းနည်းနေကြချိန် ကော့စ်အား သတ်ဖြတ်ခဲ့သူ အသက် ၅၂ နှစ်အရွယ် သောမက်စ် မာအီရ်ကို တရားရုံးတွင် နာမည်မေးသည့်အခါ “ငါ့နာမည်က သစ္စာဖောက်တွေရဲ့ သေမင်းကွ။ ဗြိတိန် လွတ်မြောက်ပါစေ” ဟု ဖြေကြားခဲ့သည်။
    ကော့စ်အား သတ်ဖြတ်သည့်အချိန်တွင် ၎င်းက Britain First ဟု ဟစ်ကြွေးခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။ Britain First ဆိုသည်မှာ အင်္ဂလန်ရှိ လက်ယာစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး “စည်းရိုးထိုးအဖွဲ့” ဟု ၎င်းတို့ကိုယ်ကို သမုတ်ထားသည်။
    ကော့စ်၏ နောက်ဆုံး စည်းရုံးလှုပ်ရှားမှုများထဲမှ တစ်ခုမှာ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ မထွက်ရေးဖြစ်သည်။ သူမကတော့ ဇွန်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂမှ ထွက်ရေး၊ မထွက်ရေး လူထုဆန္ဒခံယူပွဲမတိုင်မီ တစ်ပတ်အလိုတွင် အသတ်ခံခဲ့ရသည်။
    “သူက လက်ယာစွန်းရောက် အကြမ်းဖက်ဝါဒကို ဆန့်ကျင်သူပါ။ နောက်ပြီး အစိုးရရဲ့ အကြမ်းဖက် တန်ပြန်တန်ဖျက်ရေး မဟာဗျူဟာဖြစ်တဲ့ Prevent ဟာ အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒလို့ သမုတ်ခံထားရတဲ့ ကိစ္စကိုသာ အာရုံစိုက်လုပ်ဆောင်တာဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ သင်းကွဲစေတယ်လို့ ထင်မြင်ယူဆထားသူလည်း ဖြစ်ပါတယ်” ဟု ၀ါဂျစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။
    ကမ္ဘာလုံးဆိုင်ရာ ပြဿနာ
    သူမ မကွယ်လွန်ခင် ၂ လအရင် ဧပြီလက ကော့စ်မှာ ဗြိတိန်လွှတ်တော်တွင် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ဂရုဏာသက်ဖွယ်ကောင်းသည့် မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပြီး ဗြိတိန်အစိုးရနေဖြင့် ကလေးဒုက္ခသည်များကို လက်ခံရန် တိုက်တွန်းခဲ့သည်။
    “ဘယ်ကလေးမျိုးမှ မကြုံတွေခဲ့ရဘူးတဲ့ အခြေအနေမျိုးတွေကို အဲဒီကလေးတွေက တွေ့ကြုံခံစားနေရပါတယ်။ ပြီးတော့ ကျွန်မရဲ့ သားသမီးရတနာလေး ၂ ယောက်သာ ဒီလိုကြုံတွေ့ရမယ်ဆိုရင် အဲဒီငရဲတွင်းထဲကနေ သူတို့လေးတွေကို ဆွဲထုတ်ဖို့ ကျွန်မ အသက်စွန့်ရလည်း မမှုပါဘူး” ဟု ကော့စ်က ပြောကြားခဲ့သည်။
    ‘ယော့ခ်ရှိုင်းယား ဆီးရီးယားအသင်း’ က ကော့စ်မှာ ဆီးရီးယားပြည်သူများ၏ ဒုက္ခသုက္ခများကို မီးမောင်းထိုးပြသော လွှတ်တော်အမတ် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “သူမဟာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ ဆော်သြခဲ့သူဖြစ်ပြီး၊ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆဒ်ကို ဆန့်ကျင်တဲ့ဘက်မှာ ခိုင်မာစွာရပ်တည်ဖို့ ဗြိတိန်အစိုးရကိုလည်း တိုက်တွန်းခဲ့သူပါ။ ပြီးတော့ ခိုကိုးရာမဲ့ ကလေးဒုက္ခသည်တွေကို ထောက်ပံ့အားပေးဖို့၊ ဆီးရီးယားက အ၀ိုင်းခံထားရတဲ့ဒေသတွေမှာ လေကြောင်းကနေ အကူအညီတွေ ချပေးဖို့ ပါလီမန်မှာ စည်းရုံးလှုံ့ဆော်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်” ဟု အသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဇာကီ ကဖ် အလ်-ဂါဇာလ်က ပြောကြားခဲ့သည်။
    “သူဟာ မျက်နှာမြင်ချင်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ ပြည့်သူတစ်ယောက်ပါ။ သူမရဲ့ ပြောင်မြောက်တဲ့ လူသားဆန်မှုကိုလည်း တစ်သက်လုံး အမှတ်ရနေကြမှာပါ။ ဂျိုးဟာ ကြီးကျယ်တဲ့ သမိုင်းကောင်းတစ်ခုကို ထားသွားခဲ့ပြီး၊ ဘယ်တော့မှ အမေ့ခံရမယ့် လူမျိုးလည်း မဟုတ်ပါဘူး”
    ကော့စ်မှာ ဗြိတိန်ပါလီမန်ရှိ ပါလက်စတိုင်းအရေး ဆောင်ရွက်နေသော အဖွဲ့များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်ဟု သူမ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ သိရသည်။
    “အခမ်းအနားတော်တော်များများမှာ ကျွန်တော်ဟာ ဒီကိစ္စအတွက် သူနဲ့ မျှဝေပြောကြားခွင့် ရခဲ့ပါတယ်။ သူမဟာ ပါလက်စတိုင်းအတွက် ဂရုဏာအပြည့်နဲ့ ဆောင်ရွက်နေသူတစ်ယာက်ပါ။ ပါလက်စတိုင်း ကလေးငယ်တွေ ဖမ်းဆီးခံရတာ၊ ဂါဇာကမ်းမြှောင် ပိတ်ဆို့ခံရတာ၊ အစ္စရေးကို သပိတ်မှောက်ခွင့်၊ အခြားကိစ္စတော်တော်များများနဲ့ ပတ်သက်ပြီးလည်း ထောက်ပြဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ပါလက်စတိုင်း သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုအဖွဲ့၏ ဥက္ကဌဖြစ်သူ ဟုဂ်ျ လန်နင်းက ပြောကြားခဲ့လေသည်။
    “သူမ အသတ်ခံရမှုဟာ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေအတွက်သာမက သူမ တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်နေတဲ့ ကိစ္စတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ သူဟာ လူတိုင်း လွမ်းဆွတ်သတိရနေမယ့် ကြယ်တစ်ပွင့်ပါ”
    ဗြိတိန်မွတ်စလင်ကောင်စီအကြီးအကဲ ရှူဂျာ ရှာဖီကတော့ ကော့စ်၏ လှုပ်ရှားဆောင်ရွက်မှုများက “ပြည်တွင်းနှင့် ပြည်ပရှိ ပြည်သူမြောက်များစွာအတွက် အပြုသဘောဆောင်သည့် သက်ရောက်မှုများ ရှိခဲ့သည်” ဟု မှတ်ချက်ပြုခဲ့လေသည်။
    Ref: Aljazeera
    (Aljazeera တွင် ဖော်ထြားသည့် Jo Cox: Minority communities pay tribute to slain UK MP ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)