ဇွန် ၂၀၊ ၂၀၁၆
M-Media
– ယနေ့မနက်တွင် ကစားခဲ့သည့် အုပ်စု A နောက်ဆုံးပွဲစဉ်တွင် ရိုမေးနီးယားအသင်းအား အနိုင်ရရှိခဲ့သည့် အလ်ဘေးနီးယားမှာ အကောင်းဆုံး တတိယဖြင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။
ယခင်ကစားခဲ့သည့် အုပ်စုပွဲစဉ် ၂ ပွဲလုံးကို ရှုံးနိမ့်ထားသည့် အလ်ဘေးနီးယားမှာ ဆာဒီကူ၏ ၄၃ မိနစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲတစ်ခုတွင် ပထမဆုံး သမိုင်းဝင်နိုင်ပွဲ ဖြစ်သည်။
“အလ်ဘေးနီးယားပြည်သူတွေဟာ တကယ့်ကို ပျော်ရွှင်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်။ ပြည်သူတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့တစ်သင်းလုံးဟာ စိတ်အား ထက်သန်ကြပြီး မချွင်းမချန် ပေးဆပ်ချင်ကြတာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ လာမယ့် သောကြာ ဒါမှမဟုတ် စနေနေ့မှာ (ရှုံးထွက်ပွဲ) တစ်ပွဲ ကစားနိုင်ချေအတွက် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်” ဟု အလ်ဘေးနီးယားနည်းပြ ဂီယန်နီ ဒီ ဘိုင်အာစီက ပြောကြားခဲ့သည်။
အုပ်စု A တွင် ပြင်သစ်နှင့် ဆွစ်ဇာလန်တို့မှာ ရမှတ် ၇ မှတ်၊ ၅ မှတ် အသီးသီးဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး ရိုမေးနီးယားမှာ ရမှတ် ၁ မှတ်ဖြင့် အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ရမှတ် ၃ မှတ်ရရှိထားသည့် အလ်ဘေးနီးယားမှာ အကောင်းဆုံး တတိယဖြင့် နောက်ဆင့်တက်ရမည့် ၄ သင်းစာရင်းတွင် ပါဝင်မည်လားဆိုသည်ကို အုပ်စုပွဲများပြီးသည်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.