ဇွန် ၂၀၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့နှစ် ပဲရစ်တိုက်ခိုက်မှုအပြီး ညပိုင်းမှာ အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်က ဗလီဝတ်ကျောင်းတော်တစ်လုံးကို သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တရားရုံးကနေ သောကြာနေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တဒ် ဟာကေး ဂျူနီယာဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က မီရီဒန်မြို့မှာရှိတဲ့ ဘိုင်သွလ်အေမန် ဗလီဝတ်ကျောင်းတော်ကို သေနတ်နဲ့ အနည်းဆုံး လေးကြိမ်ခန့် ပစ်ခတ်ခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့အချိန်မှာ ဗလီဝတ်ကျောင်းတော်အတွင်း ဘယ်သူမှ ရှိမနေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဟာကေးကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ ဟာကေးဟာ ဘာသာရေးဆိုင်ရာ အဆောက်အဦးကို ဖျက်ဆီးမှုနဲ့ ဖေဖော်ဝါရီတုန်းကလည်း အမုန်းရာဇ၀တ်မှုဆိုင်ရာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဗလီဝတ်ကျောင်းတော်က တာဝန်ရှိသူတွေကို တောင်းပန်ခဲ့ရပါတယ်။ ပြည်ထောင်စု ဥပဒေသတ်မှတ်ချက်တွေအရ ဟာကေးဟာ ထောင်ဒဏ် ၈ လကနေ ၁၄ လအထိ ကျခံရမှာ ဖြစ်ပေမယ့် အခုလို ၆ လသာ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေ့မှာ ဟာကေးဟာ အရက် ၁၀ ပုလင်းလောက်သောက်ပြီး သူရဲ့အိမ်ကနေ ဗလီဝတ်ကျောင်းတော်ကို ပစ္စတိုနဲ့ ရိုင်ဖယ်ကိုင်ကာ ရောက်ရှိလာခဲ့ပြီးတဲ့နောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုအတွက် မကျေနပ်ကြောင်းနဲ့ မွတ်စလင်ဆန့်ကျင်ရေး ပို့စ်တွေ အများအပြားကိုလည်း ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ပါတယ်။
Ref: DailyMail
Leave a Reply
You must be logged in to post a comment.