News @ M-Media

Blog

  • ရှေ့ဆောင်အီမာမ်တစ်ဦးအား စွပ်စွဲပြောဆိုခဲ့မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်တောင်းပန်

    ရှေ့ဆောင်အီမာမ်တစ်ဦးအား စွပ်စွဲပြောဆိုခဲ့မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်တောင်းပန်

    မေ ၁၂၊ ၂၀၁၆
    M-Media

    camroon

    – ယူကေရှိ ရှေ့ဆောင်အီမာမ်ဟောင်းတစ်ဦးဖြစ်သော ဆူလိုင်မန်ဂနီအား IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၂ ပတ်က ပြုလုပ်ခဲ့သည့် လွှတ်တော် အထူးအစည်းဝေးတွင် ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူကမူ မစ္စတာ ဂနီမှာ ‘အစ္စလာမ့်မစ်နိုင်ငံ’ ထောက်ခံသည်ဟု ၀န်ကြီးချုပ်က ပြောခြင်းဖြစ်ပြီး IS အဖွဲ့ကို ထောက်ခံသည်ဟု မဆိုလိုကြောင်း ပြောကြားခဲ့သည်။

    “ဆူလိုင်မန်ဂနီနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ရဲ့ မှတ်ချက်အတွက် ပြောရရင် ၀န်ကြီးချုပ်က ဂနီဟာ အစ္စလာမ့်မစ်နိုင်ငံတော်အယူအဆကို ထောက်ခံတယ်လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ မစ္စတာဂနီဟာ IS အဖွဲ့ကို ထောက်ခံတယ်လို့ ပြောတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဒီလို နားလည်မှုလွဲတာမျိုးအတွက် သူက မစ္စတာဂနီကို တောင်းပန်လိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် ထိုစွပ်စွဲချက်ကို ကာကွယ်ရေးဝန်ကြီး မီခေးလ် ဖော်လန်က ထပ်မံပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးကလည်း ပြန်လည်တောင်းပန်ခဲ့သည်။ ထိုကဲ့သို့ စွပ်စွဲပြောဆိုမှုအတွက် မစ္စတာဂနီက ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ မစ္စတာဂနီ၏ မိတ်ဆွေများက ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားမှုများမှာ ‘အလွန်အမင်း ကြမ်းကြုတ်၊ တာဝန်မဲ့မှု’ ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ၀န်ကြီးချုပ်အနေဖြင့် ပြန်လည် တောင်းပန်ရန် တောင်းဆိုစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

  • မွတ်စလင်အများစုရှိရာနိုင်ငံများမှ ဘာသာခြား ခေါင်းဆောင်များ

    မေ ၁၁၊ ၂၀၁၆
    M-Media

    l 0

    – ပြီးခဲ့တဲ့တစ်ပတ်မှာ လေဘာပါတီက မွတ်စလင်နိုင်ငံရေးသမား ဆာဒစ်က်ခန်းဟာ ယူကေနိုင်ငံရေးနယ်ပယ်မှာ သြဇာကြီးမားတဲ့ လန်ဒန်မြို့တော်ဝန်ရာထူးနေရာအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    ခရစ်ယာန်အများစုရှိရာနိုင်ငံက မြို့တော်တစ်ခုရဲ့ မြို့တော်ဝန်အဖြစ် မွတ်စလင်တစ်ယောက်ကို ဒီလို ရွေးချယ်မှုဟာ ယူကေရဲ့ လူမျိုးဘာသာမခွဲခြားတဲ့ စိတ်ဓာတ်ကောင်းကို ဖော်ပြလိုက်တာဖြစ်သလို၊ မွတ်စလင်တစ်ယောက်ရဲ့ တိုင်းပြည်အပေါ် ပေးဆပ်အနစ်နာခံမှုရဲ့ ပြုယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ချို့ကတော့ ဒီအဖြစ်အပျက်ကိုထောက်ပြကာ မွတ်စလင်အများစုရှိတဲ့နိုင်ငံတွေမှာရော ဘာသာအယူဝါဒ မတူသူတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်တဲ့ သဘောထားကြီးမှုမျိုး ရှိသလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။

    လက်ရှိအချိန်မှာ မွတ်စလင်အမည်ခံ အကြမ်းဖက်အုပ်စုအချို့ကြောင့် အစ္စလာမ်သာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေပါ နာမည်ပျက်နေရပေမယ့် ဘာသာအယူဝါဒမတူသူတွေကို လေးစားဂုဏ်ပေးမှုဟာ အစ္စလာမ်သာသနာမှာ တမန်တော်မုဟမ္မဒ်သခင် လက်ထက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေနဲ့ သူတို့ရဲ့ ဘာသာရေးအဆောက်အဦးတွေ၊ စီးပွားရေးတွေ၊ နေအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပြုထားတဲ့ ‘မဒီနာ ပဋိဉာဏ်စာတမ်း’၊ စိန့်ကက်သရင်း ဘုရားကျောင်းကိုပေးပို့တဲ့ ပဋိဉာဏ်စာတမ်း၊ ဘာသာရေးဆွေးနွေးဖို့လာတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ၀တ်ပြုဆုတောင်းဖို့အတွက် မုဟမ္မဒ်သခင်ကိုယ်တိုင် ဆောက်လုပ်ထားတဲ့ မဒီနာက ဗလီဝတ်ကျောင်းတော်မှာ နေရာပေးခဲ့တာတွေက ထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်။

    ဒါ့ကြောင့် ခေတ်သစ်ကမ္ဘာက မွတ်စလင်အများစုရှိရာနိုင်ငံတွေမှာ ဘာသာအယူဝါဒမတူသူတွေကို လူ့အဖွဲ့အစည်းခေါင်းဆောင်နေရာ၊ တိုင်းပြည်အကြီးအကဲနေရာ ပေးအပ်ခဲ့မှုတွေထဲက အထင်ကရဖြစ်စရာ အချို့ကို M-Media ပရိတ်သတ်များ လေ့လာမှတ်သားနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။

    ၁။ ဖက်ဘရူနီယီ အက်ယိုလ်

    l 1

    မွတ်စလင် ၉၉.၈ ရာခိုင်နှုန်းရှိတဲ့ တူရကီနိုင်ငံက မာရ်ဒင်မြို့က တွဲဘက်မြို့တော်ဝန်အမျိုးသမီး ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်သာရှိသေးတဲ့သူမဟာ ကာ့ဒ်ပါတီတစ်ခုဖြစ်တဲ့ Peace and Democracy Party က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ၂၀၁၄ ခုနှစ် မတ်လမှာ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    ၂။ ဘာဆူကီ တီဂျာဟာရာ ပူရ်နာမာ

    l 2

    အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရဲ့ မြို့တော်ဝန်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဒုတိယမြောက်သက်တမ်းကို ထပ်မံရွေးချယ်ခံခဲ့ရတဲ့ ပူရ်နာမာဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ။ အင်ဒိုနီးရှား လူဦးရေရဲ့ ၈၇.၂ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံလည်း ဖြစ်ပါတယ်။

    ၃။ သောမတ်စ် ဆာမန်

    l 3

    ဘာရိန်းက ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရှူရာကောင်စီ လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ အထက်လွှတ်တော် ဥက္ကဌရာထူးကို ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့သူဖြစ်ပါတယ်။ မွတ်စလင် ၇၀.၃ ရာခိုင်နှုန်းရှိတဲ့ ဘာရိန်းမှာ ဆာမန်ဟာ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ခရစ်ယာန်ဘာသာဝင်နဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ခဲ့ပါတယ်။

    သူမဟာ ၀န်ဆောင်မှုဆိုင်ရာကော်မတီရဲ့ အကြံပေးနဲ့ ဒုတိယဥက္ကဌတာဝန်အပြင် လွတ်တော်အတွင်းမှာ ရာထူးအမျိုးမျိုးကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

    ၄။ ကမ်ရန် မိုက်ကယ်

    l 4

    ပါကစ္စတန်နိုင်ငံရဲ့ ဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ၀န်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ဟာ ပါကစ္စတန်အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး လွှတ်တော်ရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကော်မတီ၊ အထည်ချုပ်လုပ်ငန်းဆိုင်ရာ ကော်မတီ၊ အမျိုးသား စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာ ကော်မတီတွေမှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အစ္စလာမ်ဘာသာဝင် ၉၆.၄ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

    ၅။ ဘူးထရို့စ် ဘူးထရို့စ်ဂါလီ

    l 5

    ကော့ပတစ်ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ဘူးထရို့စ်ဂါလီဟာ မွတ်စလင် ၉၀ ရာခိုင်နှုန်းရှိတဲ့ အီဂျစ်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၁၄ နှစ်တာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး ကုလသမဂ္ဂရဲ့ ၆ ယောက်မြောက် အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ထမ်းဆာင်ခဲ့ပါတယ်။

    ၆။ ဂျာနက် မီခေးလ်

    l 6

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံနေရတဲ့ ပါလက်စတိုင်းနိုင်ငံ ရာမာလာဟ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မီခေးလ်ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးပါ။ လက်ရှိအချိန်မှာတော့ ရာမာလာမြို့ စည်ပင်သာယာရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။

    ၇။ လီယိုပိုလ်ဒ် ဆီဒါရ် ဆန်ဂေါ်ရ်

    l 7

    အစ္စလာမ်ဘာသာဝင် ၉၅.၄ ရာခိုင်နှုန်းရှိတဲ့ ဆီနီဂေါလ်နိုင်ငံမှာ သမ္မတအဖြစ် နှစ်ပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့သူ ဆန်ဂေါ်ရ်ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးပါ။ ကဗျာဉာဏ်ရွှင်တာကြောင့် သူ့ကို “ကဗျာဆရာ သမ္မတ” လို့ ပြည်သူတွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ သူဟာ ဆီနီဂေါလ်နိုင်ငံမှာ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရှေ့ဆောင်ဖော်ထုတ်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ အမွေအနှစ်ကတော့ ယနေ့အချိန်အထိ ကျန်ရှိနေပါသေးတယ်။

    ၈။ မိုက်ကယ် ဆူလေမန်

    l 8

    ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဆူလေမန်ဟာ လက်ဘနွန်နိုင်ငံရဲ့ သမ္မတအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်တပ်မှာ ထင်ရှားကျော်ကြားတဲ့ စစ်ဗိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံက အစ္စလာမ်ဘာသာဝင် ၅၄ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံပါ။

    Ref: Independent

  • မိုးခေါင်မှုကြောင့် ဧရာတီတိုင်းဒေသကြီးတွင် ရွာပေါင်း ၁၀၀ ကျော် ရေပြတ်လပ်

    မိုးခေါင်မှုကြောင့် ဧရာတီတိုင်းဒေသကြီးတွင် ရွာပေါင်း ၁၀၀ ကျော် ရေပြတ်လပ်

    မေ ၁၁၊ ၂၀၁၆
    M-Media

    Drought

    – ဧရာဝတီ တိုင်းဒေသကြီးအတွင်း မိုးခေါင်ရေရှားမှုကြောင့် ရွာပေါင်း ၁၁၈ ရွာတွင် ရေတွင်းရေကန်များ၊ ချောင်းမြောင်း အင်းအိုင်များ ခန်းခြောက်ကုန်ပြီး ဒေသခံများမှာ သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်ဟု သိရသည်။

    ပုံမှန်မဟုတ်ဘဲ ပြင်းထန်သည့် အလ်နီညိုကြောင့် မြန်မာနိုင်ငံမှာ ယခုနှစ်တွင် အပူလှိုင်းဒဏ်ကို ကြာရှည်စွာခံစားနေရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့တော် ပုသိမ်၊ လပွတ္တာနှင့် ရေကြည်မြို့များသို့ သောက်ရေများကို ကားများ၊ လှေများဖြင့် ပို့ဆောင်ပေးနေရသည်ဟု တိုင်းဒေသကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ပြောကြားခဲ့သည်။

    “ဒီလို ရေပေးဝေမှုအတွက် ကျွန်တော်တို့ ဌာနက မော်တော်ယာဉ်မျိုးစုံကို အသုံးပြုခဲ့ပါတယ်။ ပြီးတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်” ဟု အထွေထွေမန်နေဂျာ ဦးစိုးသန်းက ပြောကြားခဲ့သည်။

    အစိုးရကမူ လောင်စာဆီ ၁၃၀၃ ဂါလံအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Yangon.coconut

  • တောင်တရုတ်ပင်လယ်တွင် အမေရိကန်ကင်းလှည့်မှု တရုတ် ရှုတ်ချ

    တောင်တရုတ်ပင်လယ်တွင် အမေရိကန်ကင်းလှည့်မှု တရုတ် ရှုတ်ချ

    မေ ၁၁၊ ၂၀၁၆
    M-Media

    china

    – ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတစ်ခုအနီးကို အမေရိကန်ကနေ နောက်ထပ် ကင်းလှည့်စစ်သင်္ဘောတစ်စီး စေလွှတ်လိုက်တဲ့အတွက် တရုတ်နိုင်ငံက ရှုတ်ချလိုက်ပြီး တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS William P. Lawrence ဟာ တောင်တရုတ်ပင်လယ်ထဲက Fiery Cross Reef ကျွန်းအနီး ရေမိုင် ၁၂ မိုင်အတွင်းမှာ အင်္ဂါနေ့မှာ မောင်းနှင်ခဲ့တာပါ။

    အဲဒီကိစ္စအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ လူကန်က အဲဒီအမေရိကန်စစ်သင်္ဘောဟာ ဗျူဟာမြောက်ရေပြင်ထဲကို တရုတ်ရဲ့ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဘီလ်အာဘန်က ဒီလိုမောင်းနှင်မှုဟာ တောင်တရုတ်ပင်လယ်က ရပိုင်ခွင့်ရှိသူတွေရဲ့အရေးကို ရင်ဆိုင်ဖို့အတွက်ဖြစ်ပြီး ရေကြောင်းသွားလာခွင့်ဆိုင်ရာ လွတ်လပ်မှုအတွက် ပုံမှန်ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်တွေရဲ့အခုလိုလုပ်ရပ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ကျွန်းေ
    ပ်ါက ၀န်ထမ်းအရာရှိတွေကို ထိတ်လန့်စေတဲ့အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်ရေးကိုပါ ထိခိုက်စေပါတယ်” လို့ လူကန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref; Presstv

  • ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်း တိုးချဲ့ရေး အောက်တိုဘာတွင် ဆွေးနွေးမည်

    ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်း တိုးချဲ့ရေး အောက်တိုဘာတွင် ဆွေးနွေးမည်

    မ ၁၁၊ ၂၀၁၆
    M-Media

    fifa
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၈ သင်း ထပ်မံတိုးချဲ့သွားရန် ဥက္ကဌ ဂီယန်နီ အင်ဖန်တီနို၏ အဆိုပြုချက်ကို ဖီဖာက လာမည့် အောက်တိုဘာလတွင် ဆွေးနွေးသွားမည်ဟု သိရသည်။

    ဖီဖာဥက္ကဌအဖြစ် ရွေးကောက်ပွဲဝင်စဉ် အင်ဖန်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလား၌ အသင်းပေါင်း ၄၀ ဖြစ်လာအောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအတွက် အိမ်ရှင်အဖြစ် လျှောက်ထားမှု လုပ်ငန်းစဉ်ကို ဖီဖာက အင်္ဂါနေ့ ကြေငြာမှုတွင် အန်ဖန်တီနို၏ ပြိုင်ပွဲဝင်အသင်း တိုးချဲ့ရေးကိစ္စကိုပါ ဆွေးနွေးသွားမည်ဟု ဖော်ပြထားသည်။

    အဆိုပါ အိမ်ရှင်အဖြစ်လျှောက်ထားမှု လုပ်ငန်းတွင် အဆင့် ၄ ဆင့် ပါဝင်မည်ဖြစ်ပြီး ကျင်းပခွင့်ရသည့် နိုင်ငံအား ၂၀၂၀ ခုနှစ် မေလတွင် ကြေငြာသွားမည်ဖြစ်သည်။ အသင်းအရေအတွက်၊ ကျင်းပမည့်ပုံစံ၊ ဘောလုံးအဖွဲ့ချုပ်များမှ ပြိုင်ပွဲတွင်ပါဝင်နိုင်မှု စသည့်ကိစ္စရပ်များကိုမူ ယခုနှစ် အောက်တိုဘာလတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Goal