News @ M-Media

Blog

  • ဂျန်နာ ဂျီဟဒ် (သို့မဟုတ်) ပါလက်စတိုင်းမှ ကင်မရာကိုင် သူရဲကောင်းမလေး

    ဂျန်နာ ဂျီဟဒ် (သို့မဟုတ်) ပါလက်စတိုင်းမှ ကင်မရာကိုင် သူရဲကောင်းမလေး

    မေ ၁၀၊ ၂၀၁၆
    M-Media

    janna

    – ယခုလတွင်မှ အသက် ၁၀ နှစ် တင်းတင်းပြည့်မည့် ပါလက်စတိုင်း သမီးငယ်လေး ဂျန်နာ ဂျီဟဒ် အေယဒ်မှာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး ဂျာနယ်လစ်ထဲများမှ တစ်ဦးအဖြစ် စာရင်းဝင်ခဲ့လေသည်။

    အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း နဘီ ဆာလေဟ်ရွာတွင် နေထိုင်သည့် ဂျန်နာမှာ ရွာရှိ အခြားသော ကလေးငယ်များနှင့်အတူ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ပုံမှန်ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။ အသက် ၇ နှစ်အရွယ်ကပင် သူမ၏ရွာတွင် ဖြစ်ပွားသည့် အဖြစ်အပျက်များအား ဂျန်နာတစ်ယောက် စတင်၍ ဗီဒီယိုမှတ်တမ်းတင်ခဲ့လေသည်။

    “ပါလက်စတိုင်းက သမီးတို့ပြောချင်ဆိုချင်တာတွေကို ကမ္ဘာကြီးကိုအသိပေးတဲ့ ဂျာနယ်လစ် များများစားစား မရှိပါဘူး။ ဒါ့ကြောင့် သမီးပြောချင်တာတွေ၊ သမီးတို့ရွာမှာ ဘာတွေဖြစ်နေလဲဆိုတာတွေကို ဘာဖြစ်လို့ ကမ္ဘာကြီးကို အသိမပေးရမှာလဲဆိုပြီး သမီးတွေးခဲ့တယ်” ဟု ဂျန်နာက ဂျာနယ်လစ်တစ်ယောက်အဖြစ် သန္ဓေတည်ခဲ့သော သူမ၏အတွေးကို ပြောပြခဲ့သည်။

    ဂျန်နာ၏ မိသားစုတွင် ဂျာနယ်လစ်မျိုးရိုးမရှိ။ ဦးလေးဖြစ်သူ ဘီလာလ် တာမီမီကတော့ ဓာတ်ပုံသမားတစ်ယောက်ဖြစ်ပြီး နဘီဆာလေဟ်ရွာတွင် အစ္စရေးစစ်သားများ၏ ထင်တိုင်းကြဲ အကြမ်းဖက်မှုများကို မှတ်တမ်းတင်ခဲ့သူဖြစ်သည်။ ဂျန်နာက ဦးလေးဖြစ်သူကို အားကျခဲ့လေသည်။

    “ဘာတွေဖြစ်နေတာလဲလို့ သမီးဘကြီးကို သမီး မေးတယ်။ သမီးက ကျူးကျော်သိမ်းပိုက်မှုတွေ၊ စစ်သားတွေ၊ အမြှောက်တွေနဲ့ ရဲတွေကို တွေ့ပါတယ်။ သမီးတို့ရဲ့ ဇာတိမြေကနေ သမီးတို့ထွက်သွားအောင် သူတို့က နည်းမျိုးစုံနဲ့ လုပ်နေတယ်လေ” ဟု ဂျန်နာက သူမ၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

    သူမ၏ ရွာမှ အစ်ကိုဝမ်းကွဲဖြစ်သူ မွတ်စ်တာဖာ တာမီမီနှင့် အခြားဦးလေးတစ်ဦးဖြစ်သူ ရက်ရှ်ဒီ တာမီမီတို့ အစ္စရေးလက်ချက်ဖြင့် သေဆုံးသွားခြင်းက နဘီဆာလေဟ်ရွာတွင် ဖြစ်ပျက်သမျှ အားလုံးကို မှတ်တမ်းတင်ရန် သူမအား တွန်းအားဖြစ်စေခဲ့သည်။ မွတ်စ်တာဖာမှာ ဓာတ်ငွေ့ဗုံးကြောင့် သေဆုံးခဲ့ရပြီး ရက်ရှ်ဒီကတော့ ကျောက်ကပ်ကို သေနတ်ဖြင့် ပစ်ခံရကာ သေဆုံးရခြင်းဖြစ်သည်။

    ထိုအဖြစ်အပျက်နောက်ပိုင်းတွင် ဂျန်နာတစ်ယောက် သူမ၏ အားထုတ်မှုကို တိုးချဲ့လုပ်ဆောင်ခဲ့သည်။ မိသားစုနှင့်အတူ ခရီးသွားကာ မိခင်ဖြစ်သူ၏ဖုန်းနှင့် ဂျေရုစလင်၊ ဟီဘရွန်၊ နဘ်လုစ်နှင့် ဂျော်ဒန်တို့တွင် မြင်မြင်သမျှကို ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။ သူမ၏ ဗီဒီယိုများတွင် စစ်ဆေးရေးဂိတ်များ၌ ပါလက်စတိုင်းပြည်သူများ ထိန်းသိမ်းခံရသည်မှအစ ချီတက်ဆန္ဒပြမှုများ၊ ပါလက်စတိုင်းကလေးငယ်များ အကြမ်းဖက်ခံရမှု စသည့် အဖြစ်အပျက်များအထိ ပါဝင်သည်။

    ကလေးတစ်ဦးဖြစ်နေခြင်းကြောင့် အရွယ်ရောက်ပြီးသော သတင်းထောက်များထက် သူမက ပိုပြီး အလုပ်ဖြစ်သည်။

    “(အစ္စရေး) စစ်သားတွေက အကောင်ကြီးကြီးဂျာနယ်လစ်တွေကို ဖမ်းပြီး သူတို့ရဲ့ ကင်မရာတွေကို သိမ်းဆည်းတယ်လေ”

    Facebook တွင်လည်း ဂျန်နာတစ်ယောက် နာမည်ရလာပြီး သူမ၏ပရိသတ်မှာ ၂၂၀၀၀ ကျော် ရှိလာခဲ့သည်။ သူမ၏ အဆိုပါပေ့ခ်ျတွင် သူမကိုယ်တိုင်ပါဝင်သော ဆန္ဒပြမှုများ၊ အစ္စရေးစစ်သားများကို ရင်ဆိုင်မှုများ စသည့် ဗီဒီယိုများကို လွှင့်တင်ထားသည်။ သူမ၏ တင်ပြချက်များကို အာရဘီ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ဖော်ပြထားသည်။

    “သမီးရဲ့ ကင်မရာက သမီးရဲ့ လက်နက်ပါပဲ။ ကင်မရာက သေနတ်ထက် ပိုအားပြင်းတယ်။ သမီးပြောပြချင်တာတွေကို လူတိုင်းဆီ ရောက်နိုင်ပြီး သူတို့ကလည်း အခြားသူတွေကို ဖြန့်ဝေပေးနိုင်ပါတယ်” ဟု ဂျန်နာက ပြောကြားခဲ့သည်။

    မိခင်ဖြစ်သူ နာဝါလ် တာမီမီက ရဲရင့်လှသည့် သမီးငယ်လေးအတွက် ဂုဏ်ယူရသလို၊ စိုးလည်း စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    “ကလေးတစ်ယောက်အနေနဲ့ သူပြောချင်တာကို ကမ္ဘာကြီးသိအောင် ပြောနေတာကြောင့် ကျွန်မသမီးအတွက် ဂုဏ်ယူပါတယ်။ သူရဲ့ကြောက်ရွံ့မှုတွေ၊ သူခံစားနေရတာတွေ၊ ကျောင်းတက်တဲ့အခါ ကြုံရတဲ့ ပြဿနာတွေကို သူက မျှဝေပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သူ့အတွက် စိုးရိမ်တယ်လေ။ ညသန်းခေါင်ကြီး အစ္စရေးစစ်သားတွေ ကျွန်မတို့အိမ်ကိုလာပြီး မျက်ရည်ယိုဗုံးနဲ့ အိပ်မရအောင်လုပ်တာမျိုးပေါ့ရှင်။ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် အခြေချနေထိုင်တာတွေ၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကို ဆန့်ကျင်တဲ့ ကျွန်မတို့ ပြည်သူတွေကို သူတို့က တိုက်ခိုက်ပါတယ်” ဟု နာဝါလ်က ပြောကြားခဲ့သည်။

    ဂျန်နာ၏ ဦးလေးဖြစ်သူ ဘီလာလ်က တူမငယ်လေး၏ ထိုလုပ်ရပ်အား လက်ခံရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    “သူ့အရွယ်က ကစားခုန်စားပြီး ပညာသင်ရမယ့်အရွယ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ဘ၀မှာ ရွေးစရာမရှိဘူးလေ။ အရှက်တကွဲအကျိုးနည်း ပြုမူတာမျိုးကို လက်မခံဖို့၊ သရဲဘောမကြောင်ဖို့ ကျွန်တော်တို့ရဲ့ကလေးတွေကို မဖြစ်မနေ သွန်သင်ရမှာပေါ့ဗျာ။ ကျွန်တော်တို့ဟာ ကျူးကျော်သိမ်းပိုက်မှုအောက်မှာ နေထိုင်နေရတာပါ။ နှုတ်ဆိတ်နေပါလို့ ကလေးတွေကို သင်လို့ မရပါဘူး။ သူတို့ရဲ့လွတ်မြောက်မှုအတွက် သူတို့ တိုက်ပွဲဝင်ရမှာပါ” ဟု ဘီလာလ်က ဖွင့်ဟခဲ့ပြီး ၎င်းတို့၏ မျိုးရိုးမှာ ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်စဉ်ကတည်းက လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အရွယ်ရောက်လာသည့်အချိန်တွင်တော့ သူမအနေဖြင့် CNN နှင့် Fox News ကဲ့သို့ သတင်းဌာနများတွင် အလုပ်လုပ်ချင်သည်ဟု ဂျန်နာက ပြောကြားခဲ့သည်။

    “ဘာ့ကြောင့်လဲဆိုတော့ သူတို့က ပါလက်စတိုင်းအကြောင်းဆိုရင် မဟကြဘူးလေ။ သမီးက ပါလက်စတိုင်းအကြောင်းကို သတင်းတင်ဆက်မှာပါ”

    Ref : Aljazeera

  • ရိုးရာနည်းလမ်းဖြင့် အနာဂတ်လမ်းခင်းသူ ပါကစ္စတန် ဗိသုကာပညာရှင် ယာစမင်း လယ်ရီ

    ရိုးရာနည်းလမ်းဖြင့် အနာဂတ်လမ်းခင်းသူ ပါကစ္စတန် ဗိသုကာပညာရှင် ယာစမင်း လယ်ရီ

    မ ၉၊ ၂၀၁

    M-Media
     paki
    – ပါကစ္စတန်နိုင်ငံသား ဗိသုကာပညာရှင် ယာစမင်း လာရီသည် ရေဘေးဒဏ်သင့် ဆင်းဒ်ဒေသ၌ ဒေသန္တရဆိုင်ရာ ဆောက်လုပ်ရေးနည်းပညာဖြင့် ရွာများကို ပြန်လည်ထူထောင်ပေးလျက်ရှိသည်။

    ယာစမင်း လာရီသည် ပါကစ္စတန်၏ ပထမဦးဆုံး အမျိုးသမီးဗိသုကာပညာရှင်၊ ကမ္ဘာ့သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများကို အပံ့ပိုးနိုင်ဆုံးသူလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ပါကစ္စတန်တွင် ရေဘေးနှင့် ငလျင်ဒဏ်ခံစားရသူတို့အတွက် အိမ်ရာပေါင်း ၃၆၀၀၀ အထက်ကို သူမက ဆောက်လုပ်ပေးထားခဲ့ပြီးဖြစ်၏။

    နိုင်ငံတကာအဖွဲ့အစည်းများကပေးသော အရံသင့်နေအိမ်များ၏ဖွဲ့စည်းမှုအားနည်းချက်ကို ရှောင်ဖယ်သောအားဖြင့် လာရီသည် ထုံးနှင့် ၀ါးကဲ့သို့သော ရိုးရာနည်းလမ်းနှင့် ပြည်တွင်းဖြစ်ပစ္စည်းတို့ကို အသုံးပြုသည်။ သူမ၏အိမ်ယာပုံစံငယ်လေးများမှာ လူတို့အနေဖြင့် ၎င်းတို့ဖာသာ တည်ဆောက်ရန် ရိုးရှင်းလွယ်ကူလှသည်။ ဤနည်းအားဖြင့် ဗိသုကာပညာသည်လည်း လူသားချင်းစာနာကူညီရေးတွင် တစ်ထောင့်တစ်နေရာမှ အသုံးဝင်ကြောင်း သူမက ခင်းကျင်းဖော်ထုတ်ပြရန် မျှော်လင့်ထားသည်။

    “ကပ်ဘေးသင့်ဒုက္ခသည်တွေကို လိုအပ်ချက်ရှိနေသူတွေအပေါ် စွန့်ကြဲသလို မဆက်ဆံပဲ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပေးဖို့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မကြာမကြာပြောတတ်ပါတယ်” ဟု သူမက ဆိုသည်။

    တစ်ချိန်က လယ်ရီသည် ပါကစ္စတန်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးလို အလုပ်အပ်သူများအတွက် ကွန်ကရစ်နှင့် သံမဏိအဆောက်အဦကြီးများကို လက်ခံဆောက်လုပ်ပေးခဲ့သည်။ သို့သော် ၂၀၀၅ ကပ်ဘေးသင့်သောအခါ သူမသည် ကျေးလက်ဒေသပြည်သူများအတွက် ရေလွှမ်းခြင်းနှင့်ငလျင်ဒဏ်ခံ အဆောက်အဦးပုံစံထုတ်ရန် ရိုးရာနည်းလမ်းများဖက် လှည့်ပြောင်းအသုံးပြုခဲ့သည်။

    သူမသည် ဆင်းဒ်ဒေသသို့ပြန်လာရာ သူမဆောက်လုပ်ခဲ့သည့်အိမ်များမှာ ၂၀၁၃ ရေလွှမ်းမိုးမှုဒဏ်မှ ခံနိုင်ရည်ရှိခဲ့သည်ကိုလည်းကောင်း၊ အ၀ါရန်ရွာသားတို့သည် ၂၀၁၃ ဘလိုချစ္စတန်မြေငလျင်ဒဏ်မှ သက်သာရာရခဲ့သည်ကိုလည်းကောင်း တွေ့ခဲ့ရပေသည်။

    အိန္ဒိယမှ ရုပ်ရှင်ဖန်တီးသူ ဖိုင်ဇာ အဟ်မဒ်ခန်းက ပါကစ္စတန်သို့သွားရောက်၍ ၎င်းနှင့်ပတ်သက်သော မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး အလ်ဂျဇီးရားအင်္ဂလိပ်ပိုင်းအစီအစဉ်၌ ၂၀၁၄ သြဂုတ်လအတွင်း တင်ဆက်ခဲ့သည်။

    ၎င်း၌ ယာစမင်း လယ်ရီနှင့်အဖွဲ့သည် ရိုးရာတည်ဆောက်ခြင်းနည်းလမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ၂၀၀၅ ခုနှစ်က Heritage Foundation ကို ဆင်းဒ်ဒေသ၊ Moak Sharif ကျေးရွာတွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစင်တာတွင် အမျိုးသမီးရေးရာဋ္ဌာန၊ ကလေးသူငယ်များအတွက် သင်ကြားလေ့လာရေးဋ္ဌာန၊ ကျေးလက်ပြည်သူများအတွက် ဆေးပေးခန်း ပါဝင်ကြောင်း၊ အစိုးရထံမှ ကွန်ကရစ်အိမ်ရာဆောက်လုပ်မှုရံပုံငွေ မရယူဘဲ ရွှံ့၊ ၀ါး၊ သစ်ရွက် ကဲ့သို့ သဘာဝပစ္စည်းများကို အသုံးပြုကာ နေအိမ်များကို ဆောက်လုပ်နေကြကြောင်း၊ မိမိရောက်ရှိစဉ်က သူတို့သည် အစိုးရကျောင်းတစ်ခုဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်း၊ ရွာသူများက မိခင်များကော်မတီတစ်ရပ်ကို ကိုယ်ထူကိုယ်ထ ဖွဲ့စည်းကာ စာသင်ကျောင်းလည်ပတ်နိုင်ရေးအတွက် စီစဉ်ကြကြောင်း၊ အိန္ဒိယသို့ မိမိပြန်ရောက်သောအခါ ၎င်းတို့သည် အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်း၊ ဇီဝဓာတ်မြေသြဇာနှင့် သဘာဝဆပ်ပြာအသုံးပြုခြင်းတို့ကို ဆောင်ရွက်နေပြီဟု လယ်ရီမှ ၀မ်းသာအားရ ဆက်သွယ်ပြောကြားလာကြောင်း၊ ရိုးရာနည်းလမ်းများသည် လူသားနှင့်သဘာဝစံနစ်ကို ချိန်ခွင်လျှာညီမျှစေအောင် ဟန်ချက်ထိန်းပေးရာရောက်ကြောင်း၊ ယာစမင်းနှင့်အဖွဲ့သားများက ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ကြောင်း ဝေေ၀ဆာဆာ ဖော်ပြထားပေသည်။ သူမ၏စကားတစ်ရပ်ကိုလည်း ဤသို့တွေ့ရပါမည်။

    “ကျွန်မတို့ဟာ အရာရာအားလုံးအတွက် ဒီမြေကို မှီခိုနေရတယ်။ (ဒီထဲကနေ) ကျွန်မတို့ သိရှိတာကို ထုတ်ယူပြီး ပြန်လည်ဖြည့်ဆည်းပေးတယ်။ မြို့ပြနေသူများဟာ သဘာဝမြေသားနဲ့ အဆက်အသွယ် ပြတ်တောက်နေကြတဲ့အတွက် သစ်ပင်ခုတ်ပစ်ဖို့၊ တွင်းနက်တွေတူးဖို့ နှစ်ခါပြန် စဉ်းစားမနေကြတော့ဘူး။ လူတွေက သဘာဝနဲ့ ကင်းကွာနေထိုင်နိုင်တယ်လို့ ထင်မြင်ကြတယ်။ ဒါပေမယ့် သီးခြားကင်းကွာလို့မရပါဘူး။ တကယ်လို့ သဘာဝစနစ် ပျက်သုဉ်းရင် သူတို့လည်း ပျက်သုဉ်းကုန်မှာပါပဲ”။

    Ref: Al Jazeera

    (Pakistan: A Traditional Future ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် မှီငြမ်းပြန်ဆိုသည်။)

  • ထိုင်းနိုင်ငံရှိ မီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံး

    ထိုင်းနိုင်ငံရှိ မီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံး

    မေ ၉၊ ၂၀၁၆
    M-Media

    fireworks

    – ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုအတွင်း မြန်မာနိုင်ငံသား ၆ ဦး သေဆုံးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

    ပေါက်ကွဲသည့်စက်ရုံမှာ နိုင်ငံအလယ်ပိုင်း ဆူဖန် ဘူရီပြည်နယ်ရှိ ယာတောအိမ်ကလေးကို ပြုလုပ်ထားသည့် တရားမ၀င် မီးရှူးမီးပန်းစက်ရုံဖြစ်ပြီး သေဆုံးသူများမှာ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ကာ အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါအဖွဲ့မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ငှက်များကိုမောင်းထုတ်ရန်အတွက် အဆိုပါ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို လယ်သမားများအား ရောင်းချပုံရသည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ မီးလောင်ထားသော အလောင်းများကို ဆေးရုံသို့ပို့ထားပြီး မည်သည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ဆောင်ရွက်နေကာ မီးလောင်ပေါက်ကွဲမှု၏ အကြောင်းအရင်းကိုလည်း ရှာဖွေနေသည်။

    Ref: Yangon.coconuts

  • ရမ်ဇန်ဥပုသ်လအတွင်း လန်ဒန်ရှိ ဘတ်စ်ကားများ၌ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုသည့် စာတမ်းများ တွေ့မြင်ရမည်

    ရမ်ဇန်ဥပုသ်လအတွင်း လန်ဒန်ရှိ ဘတ်စ်ကားများ၌ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုသည့် စာတမ်းများ တွေ့မြင်ရမည်

    မတ် ၉၊ ၂၀၁၆
    M-Media

    london

    – ဆီးရီးယားပြည်တွင်းစစ်ကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် ဗြိတိန်နိုင်ငံ၏ အကြီးဆုံး မွတ်စလင်ပရဟိတအဖွဲ့ဖြစ်သော Islamic Relief က ရမ်ဇန်ဥပုသ်လအတွင်း လန်ဒန်ရှိ ဘတ်စ်ကားများတွင် အလ္လာဟ်ရှင်မြတ်အား ချီးမွမ်းထောပနာပြုသည့် စာတမ်းများ ကပ်ထားရေး လှုပ်ရှားမှုကို ပြုလုပ်မည်ဟု သိရသည်။

    ယခုလနှောင်းပိုင်း၌ စတင်မည့် အဆိုပါလှုပ်ရှားမှုတွင် “Subhan Allah” (Glory be to God- ကြီးကျယ်မြင့်မြတ်မှုအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်ပါ၏) ကဲ့သို့ စာတမ်းများကို လန်ဒန်၊ ဘာမင်ဂမ်၊ မန်ချက်စတာ၊ လက်စတာနှင့် ဘရက်ဖို့တို့တွင် ပြေးဆွဲသော ဘတ်စ်ကားများတွင် ကပ်ထားမည်ဖြစ်သည်။

    Islamic Relief အဖွဲ့မှ ခေါင်းဆောင်များကမူ ထိုလှုပ်ရှားမှုမှာ ဇွန်လ ၆ ရက်နေ့တွင် စတင်ရန်ရှိနေသည့် ရမ်ဇန်ဥပုသ်လအတွင်း ရက်ရက်ရောရော လှူဒါန်းရန်နှင့် မွတ်စလင်လူငယ်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုအာရုံစိုက်လာစေရန် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်နေသည်။

    “တစ်နည်းပြောရရင် ဒါဟာ အခြေအနေပြောင်းလဲတဲ့ လှုပ်ရှားမှုတစ်ခုလို့ ခေါ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နိုင်ငံတာ အကူအညီပေးရေး ရပ်ဝန်းနဲ့ ဒီနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းဝန်းကျင်မှာ ရှိနေတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ ပြောင်းလဲချင်လို့ပါ။ နိုင်ငံတကာအကူအညီတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေတဲ့ လူထက်ဝက်လောက်ကို ကူညီပေးခဲ့တယ်။ ဗြိတိန်မွတ်စလင်တွေဟာလည်း အလှူအတန်းရက်ရောတဲ့ လူ့အဖွဲ့အစည်းဖြစ်ပြီး နှစ်စဉ် ရမ်ဇာန်လတိုင်းမှာ ပေါင်သန်း ၁၀၀ လောက်ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ပေးအပ်နေပါတယ်” ဟု Islamic Relief ၏ ယူကေဆိုင်ရာ ဒါရိုက်တာ အင်မရန်း မဒ်ဒင်းက ပြောကြားခဲ့သည်။

    ယူကေတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင် ခန့်မှန်းခြေ ၃ သန်းတွင် ထက်ဝက်ခန့်မှာ လန်ဒန်တွင် နေထိုင်ကြသူများဖြစ်သည်။ လန်ဒန်ရှိ သယ်ယူပို့ဆောင်ရေးယာဉ်များတွင် နိုင်ငံရေးပါတီ သို့မဟုတ် မဲဆွယ်မှုနှင့်ပတ်သက်သည့် ကြေငြာများကို လက်မခံသော်လည်း ဘာသာရေးကြော်ငြာများကိုမူ ပိတ်ပင်ခြင်းမရှိချေ။

    Ref: IINA

  • မြန်မာတောင်တက်အဖွဲ့ ဧ၀ရတ်ထောင်ထိပ်သို့ ရောက်ရှိတော့မည်

    မြန်မာတောင်တက်အဖွဲ့ ဧ၀ရတ်ထောင်ထိပ်သို့ ရောက်ရှိတော့မည်

    မေ ၉၊ ၂၀၁၆
    M-Media

    Everest

    – မြန်မာနိုင်ငံမှ ပထမဆုံး ဧ၀ရတ်တောင်တက်သမားများမှာ “မရဏဇုံ” ဟု နာမည်ကြီးသည့် နေရာသို့ ခရီးနှင်ရန် ပြင်ဆင်နေပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ ရောက်ရှိရန် နီးစပ်နေပြီဟု သိရသည်။

    အဆိုပါ မြန်မာတောင်တက်သမားများမှာ ညီညီအောင်၊ ၀င်းကိုကိုနှင့် ပြည့်ဖြိုးအောင်တို့ဖြစ်ကြပြီး မေလ ၄ ရက်နေ့က အမြင့်ပေ ၂၃၆၂၅ ရှိ စခန်း ၃ (Camp 3) ကို ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့နောက် ၎င်းတို့မှာ ဆေးစစ်မှုနှင့် လေ့ကျင့်မှုတို့အတွက် အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ပြီး နောက်ပိုင်းတွင် အမြင့်ပေ ၂၆၀၈၅ ပေတွင်ရှိသော စခန်း ၄ (Camp 4) သို့ တက်ရောက်မည်ဖြစ်သည်။ အဆိုပါ စခန်း ၄ မှာ ဝေးလံခေါင်ဖျားမှုနှင့် အမြင့်ကြောင့်ဖြစ်သည့် ရောဂါများကြောင့် “မရဏဇုံ” ဟု နာမည်ကြီးသည့် နေရာဖြစ်သည်။

    ဧ၀ရတ်တောင်ထိပ်မှာ ပေ ၂၉၀၂၉ ပေမြင့်ပြီး ခရီးသည်တင်လေယာဉ်တစ်စင်း အမြင့်ဆုံးပျံနိုင်သည့် အမြင့်ပေနီးနီး ရှိနေသည်။

    အဆိုပါ မြန်မာတောင်တက်အဖွဲ့မှာ တောင်ထိပ်၌ မြန်မာအလံကို စိုက်ထူပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည်ဟု မျှော်မှတ်ထားသည်။ ဧပြီလ ၁၂ ရက်နေ့က ၎င်းတို့အဖွဲ့မှာ ဧ၀ရတ်တောင်မှနေ၍ သင်္ကြန်ပွဲတော်ဆင်နွှဲသည့် ဓာတ်ပုံများကို လွှင့်တင်ခဲ့သည်။

    Ref: Yangon.coconut