News @ M-Media
Blog
  • နိုင်ငံခြားအလုပ်သမားများအတွက် ဆော်ဒီက တယ်လီဖုန်းဆင်းမ်ကဒ်များ အခမဲ့ ဝေငှ
    နိုင်ငံခြားအလုပ်သမားများအတွက် ဆော်ဒီက တယ်လီဖုန်းဆင်းမ်ကဒ်များ အခမဲ့ ဝေငှ
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    saudi 3
    – နိုင်ငံခြားအလုပ်သမားတွေအပေါ် ဆော်ဒီနိုင်ငံရဲ့ ၀န်ဆောင်မှုအသစ် အစိတ်အပိုင်းအဖြစ် ဆော်ဒီအလုပ်သမားဝန်ကြီးဌာနကနေ ကြိုတင်ငွေပေး ဆင်းမ်ကဒ်တွေကို အခမဲ့ လိုက်လံဝေငှလျက်ရှိတယ်လို့ သိရပါတယ်။
    လေဆိပ်က တာဝန်ရှိသူတွေဟာ ပြည်ပကရောက်လာကြတဲ့ အလုပ်သမားတွေကို ဆော်ဒီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ၎င်းတို့ရဲ့ ရပိုင်ခွင့်၊ တာဝန်များကို အကျဉ်းချုပ် ရှင်းပြပေးပြီး ဆင်းမ်ကဒ်များကို အခမဲ့ ဝေငှပေးနေတာ ဖြစ်ပါတယ်။
    ဆော်ဒီဆက်သွယ်ရေးကုမ္ပဏီ (STC) နဲ့ လေဆိပ်အာဏာပိုင်တို့အကြား ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဲဒီဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ခဲ့တာပါ။ အဲဒီ ၀န်ဆောင်မှုမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားတွေ၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ၀န်ကြီးဌာနကနေ အကူအညီရယူနိုင်မယ့်နည်းလမ်း စတာတွေ ရေးသားထားတဲ့ လမ်းကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ပါတယ်။
    ဆင်းမ်ကဒ်တွေကို နိုင်ငံခြားဘာသာစကားအများအပြားနဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားပြီး အလုပ်သမားတွေကို သူတို့ရဲ့ လုပ်ငန်းတွေနဲ့ သူတို့ချစ်ခင်သူတွေဆီ ဆက်သွယ်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အခုလိုစိတ်ကူးမျိုးဟာ အလုပ်သမားတွေကို နိုင်ငံတွင်းမှာ နေထိုင်စဉ်ကာလ လုံခြုံပြီး သက်တောင့်သက်သာရှိစေနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆော်ဒီအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
    အဆိုပါဆင်းမ်ကဒ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းတို့အတွက် အခမဲ့မိနစ်များလည်း ပါဝင်ပါတယ်။ အလုပ်သမားတွေအနေနဲ့ အစိုးရဆီကနေ လိုအပ်တဲ့ မည်သည့်အကူအညီကိုမဆို တောင်းခံနိုင်ဖို့အတွက် စားသုံးသူဝန်ဆောင်မှုနံပါတ်ကို ထည့်သွင်းပေးထားပါတယ်။
    ယခုအစီအစဉ်ကို လာမယ့်ရက်သတ္တပတ်တွေမှာ ဆော်ဒီရဲ့ အခြားသော နိုင်ငံတကာဝင်ပေါက်တွေမှာလည်း ၀န်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။
    Ref: IINA
  • ဘွန်ဒစ်လီဂါကစားသမားများကိုသာ ခေါ်ယူမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ပြော
    ဘွန်ဒစ်လီဂါကစားသမားများကိုသာ ခေါ်ယူမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ပြော
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    klop
    – ရာသီကုန်တွင် အသင်း၌ ကစားသမားအားဖြည့်မှုကို ဂျာမန်ဘွန်ဒစ်လီဂါတစ်ခုတည်းမှ ပြုလုပ်မည်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှာဖွေနေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
    ကလော့ပ်မှာ ရာသီကုန်တွင် အသင်းအား ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ရန်ရှိနေပြီး ၎င်းကိုင်တွယ်ခဲ့ဖူးသည့် ဒေါ့မွန်နှင့် ကျင်လည်ခဲ့ဖူးသည့် ဘွန်ဒစ်လီဂါတို့မှ ကစားသမားများသာ လီဗာပူးလ်သို့ ရောက်ရှိလာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
    သို့သော်လည်း ကလော့ပ်ကမူ နေရာတိုင်းမှ ကစားသမားများကို ရှာဖွေနေသည်ဟု ဆိုသည်။
    “ဂျာမန်နိုင်ငံသားဖြစ်တာကြောင့်ဆိုတာကို အခြေခံပြီး ကစားသမားတွေကို ခေါ်မှာမဟုတ်ပါဘူး။ ဒါက အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ဘွန်ဒစ်လီဂါကနေပဲ ရှာမှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လိုက်ရှာနေပါတယ်။ ဒါပေမယ့် ကစားသမားတွေ ဘယ်ကလာလဲဆိုတာထက် အသင်းအတွက် အံဝင်ခွင်ကျဖြစ်မလားဆိုတာက ပိုအရေးကြီးပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
    Ref: Goal
  • မုန်းဝန်းတရုတ်လူမျိုးစုအား ဗမာအဖြစ် ပြောင်းလဲသတ်မှတ်ရေး အထက်မှ ဥပဒေပ တိုက်ရိုက်ညွှန်ကြားမှုရှိနေ 
    မုန်းဝန်းတရုတ်လူမျိုးစုအား ဗမာအဖြစ် ပြောင်းလဲသတ်မှတ်ရေး အထက်မှ ဥပဒေပ တိုက်ရိုက်ညွှန်ကြားမှုရှိနေ 
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    monewon
    – ဦးသိန်းစိန်သည် သူ၏သမ္မတသက်တမ်းမှ နောက်ဆုံးလုပ်ရပ်များအနက်တစ်ခုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေချနေထိုင်သော တရုတ်လူမျိုးစုတစ်ခုအား ဗမာလူမျိုးအုပ်စုဝင်အဖြစ် မှတ်ပုံတင်ကဒ်ပြားများထုတ်ပေးရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနသို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးဋ္ဌာနအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
    သို့သော် မုန်းဝန်း ဟု သိရှိကြသော အဆိုပါအုပ်စုကို တရားဝင်တိုင်းရင်းသားအုပ်စု ၁၃၅ မျိုးစာရင်းထဲ ထည့်သွင်းရန်ကိုမူ အမိန့်ပေးထားခြင်း မရှိကြောင်း သိရသည်။
    ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲဒေသနေ မုန်းဝန်းတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ရွှေ့ပြောင်းအခြေချ ၀င်ရောက်လာသူများဖြစ်ပြီး တရုတ်စကားပြောဆို၍ တရုတ်ယဉ်ကျေးမှုအတိုင်း နေထိုင်ကျင့်သုံးကြသည်။ သမ္မတဟောင်း ဦးသိန်းစိန်၏ မတ်လ ၁၁ ရက် အမိန့်မတိုင်မီ ၎င်းတို့ကို မုန်းဝန်း(တရုတ်)အဖြစ်သာ သတ်မှတ်ထားခဲ့၏။
    အသစ်ထုတ်ပေးလိုက်သည့် နိုင်ငံသားကဒ်ပြားတွင် မုန်းဝန်း(ဗမာ) ဟု လူမျိုးအမည်ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ လ၀ကအထက်တန်းအရာရှိတစ်ဦးက ဆိုသည်။
    “ဒီညွှန်ကြားချက်အပေါ် လူတွေက နားလည်မှု လွဲမှားနေကြပါတယ်။ မုန်းဝန်းကို တိုင်းရင်းသားအုပ်စုဝင်အဖြစ် ပေါင်းထည့်ပေးလို့မရပါဘူး။ ပြည်ထောင်စုလွှတ်တော်ကနေ စီမံဆောင်ရွက်မှ ရပါမယ်။ ဒီကိစ္စဟာ ဘင်္ဂါလီပြဿနာနဲ့ တူပါတယ်။ လွှတ်တော်ခွင့်ပြုချက်မရှိဘဲ ၀န်ကြီးဋ္ဌာနက ထည့်သွင်းပေးမှာမဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး” ဟူ၍ မတ်လ ၂၈ ရက် နေပြည်တော်ရှိ သတင်းစာရှင်းလင်းပွဲပြင်ပတွင် အဆိုပါသူက ပြောကြားသည်။ တာမိုးညဲဒေသခံအချို့သည် မိမိတို့လူမျိုးစုအား တရားဝင်အဖြစ်သတ်မှတ်ပေးရန် ၂၀၁၄ ခုနှစ်တွင် ယခင် လ၀က၀န်ကြီး ဦးခင်ရီထံ တောင်းဆိုခဲ့ဖူးကြောင်း၊ ၀န်ကြီးကလည်း သမ္မတထံသို့ တင်ပြခဲ့ကြောင်း၊ ၎င်းနောက် ၁၉၈၂ နိုင်ငံသားဥပဒေ အခန်း ၂ ပါ နိုင်ငံတော်အကျိုးငှာဟူသော အချက်အရ အဆိုပါအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပြောပြသည်။
    တာမိုးညဲဒေသတွင် မုန်းဝန်းလူမျိုး ခြောက်သောင်းခန့်ရှိမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာနက ခန့်မှန်းထားသည်။ ထိုအုပ်စုဝင်များကိုယ်တိုင်က တရုတ်လူမျိုးဟု ဆိုထားပြီး မြန်မာစကားပြောဆိုနိုင်သူ များစွာ မရှိသော်လည်း ဗမာ ဟု အဘယ်ကြောင့် အမည်တပ်ကြောင်း ရှင်းလင်းစွာ မသိရသေးချေ။ ၎င်းနှင့်ပတ်သက်ပြီး သမ္မတရုံးမှလည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ပါ။
    သမ္မတဟောင်း၏ညွှန်ကြားချက်အပေါ် လူအများစု ဆန့်ကျင်ကြသည်ကို သတိထားမိကြောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သောအခါ ယင်းအရေးအား ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း NLD ပါတီမှ ဦးလင်းထွဋ်က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
    “မြန်မာလူမျိုးမဟုတ်ဘဲ သူတို့ကို မုန်းဝန်း(ဗမာ)အဖြစ် အမည်သတ်မှတ်တာကို လူတွေက ကန့်ကွက်နေတာ ကျွန်တော် ကြားရပါတယ်။ လာမယ့်အစိုးရသစ်လက်ထက်မှ အပြောင်းအလဲဖြစ်စေမယ်လို့ ကျွန်တော်တို့ ကတိပေးပါတယ်”။
    အဆိုပါအုပ်စု၏လွှမ်းမိုးမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ချိတ်ဆက်နေသည်။ ဦးသန်းရွှေသည် ရှမ်းပြည်နယ်တွင် တပ်မတော်တာဝန်ထမ်းဆောင်ခဲ့ချိန် ဦးမြင့်လွင် ဦးဆောင်သော ပြည်သူ့စစ်များသည် တပ်မတော်၏ ကွန်မြူနစ်တိုက်ထုတ်ရေး၌ အကူအညီပေးခဲ့ဖူး၏။ ရှမ်းပြည်နယ်လွှတ်တော်အမတ်ဖြစ်နေသော ဦးမြင့်လွင်က မိမိ၏အုပ်စုကို မုန်းဝန်း(ဗမာ)အဖြစ် သတ်မှတ်ပြောင်းလဲပေးရန် ဦးသန်းရွှေအား မေတ္တာရပ်ခံခဲ့သည်ဟု ဦးလင်းထွဋ်က ဆိုသည်။
    ၁၉၉၈ ခုနှစ် ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်တစ်ခုအတွင်း မုန်းဝန်းကို တာမိုးညဲဒေသမှ ဗမာလူမျိုးအဖြစ် သတ်မှတ်ပေးမည်ဟု အတိအလင်းဆိုခဲ့ကြောင်း၊ ထိုနှစ်ကတည်းက နှစ်ဖက်လူထုအမြင်စစ်တမ်းပြုလုပ်ခဲ့ပြီး လူမျိုးအမည်ပြောင်းလဲခြင်းအား လက်ခံခဲ့ကြကြောင်း လ၀က၀န်ကြီးဋ္ဌာန၏မတ်လ ၁၁ ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
    ဦးမြင့်လွင်သည် လွှတ်တော်အမတ်ဖြစ်သည့်အပြင် တာမိုးညဲချမ်းသာကုမ္ပဏီကိုလည်း ဦးဆောင်နေသူဖြစ်ပြီး၊ ၎င်းကုမ္ပဏီသည် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများစီမံရေးရာ ညွှန်ကြားရေးမှူး၏အဆိုအရ သိရသည်။
    Ref : Myanmar Times
  • ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးဖိုရမ်ကို မလေးရှားတွင် ကျင်းပမည်
    ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးဖိုရမ်ကို မလေးရှားတွင် ကျင်းပမည်
    မတ် ၃၁၊ ၂၀၁၆
    M-Media
    finance
    – အလျင်အမြန်ကြီးထွားလာတဲ့ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမယ့် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးဖိုရမ် (GIFF) ကို “Dream Big, Grow Beyond” ခေါင်းစဉ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လာမယ့်မေလအတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
    မေလ ၁၀ ရက်ကနေ ၁၂ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး သုံးရက်တာကြာမြင့်မယ့် အဲဒီဖိုရမ်ကို မလေးရှားအစ္စလာမ့်ဘဏ်လုပ်ငန်းများအသင်း (AIBIM) က စီစဉ်တာ ဖြစ်ပါတယ်။ ဒီဖိုရမ်ဟာ လုပ်ငန်းရှင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေ၊ လုပ်ငန်းကြီးကြပ်သူတွေနဲ့ ရှရီအာပညာရှင်တွေအတွက် ထူးခြားဆန်းပြားတဲ့ စီးပွားရေးဆိုင်ရာနဲ့ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းတွေကို ရရှိစေမှာဖြစ်ပါတယ်။
    မလေးရှားဗဟိုဘဏ်နဲ့ ၀န်ကြီးများကော်မရှင်အဖွဲ့တို့ကလည်း ဒီဖိုရမ်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးထားပြီး၊ ကမ္ဘာ့ဘဏ်နဲ့ Bloomberg တို့ကလည်း မိတ်ဖက်အဖြစ် ပါဝင်ထားပါတယ်။
    ဖိုရမ်မှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းက လက်ရှိစီးပွားရေးပုံစံတွေကို ကျော်လွန်ပြီး ကြီးထွားနိုင်တဲ့အလားအလာ၊ ပင်မဈေးကွက်စီးပွားရေးမှာ သိသိသာသာပါဝင်လာနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်လာရေး စတာတွေကို အဓိက ဦးတည်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
    ဘဏ္ဍာရေးဆိုင်ရာနည်းပညာကဏ္ဍ၊ စီးပွားရေးအနိမ့်အမြင်ကဏ္ဍ့၊ အထက်တန်းစိတ်ကူးလို့ခေါ်တဲ့ ခေါင်းဆောင်တွေရဲ့ အတွေးကဏ္ဍ စသဖြင့် ကဏ္ဍအသီးသီးလည်း ဆွေးနွေးမှုမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ နောက်ပြီး “စိတ်ကူးများကို နားလည်သဘောပေါက်ခြင်း၊ မဟာဗျုဟာ၊ အမြန်နှုန်း၊ စွမ်းအား” စတဲ့ ခေါင်းစဉ်တွေနဲ့ စီးပွားရေးပညာရှင်ရဲ့ ဆွေးနွေးပွဲတစ်ခုလည်း ဒီဖိုရမ်မှာ ပါဝင်ပါလိမ့်မယ်။
    တက်ရောက်လာသူများအနေနဲ့ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးမျှော်မှန်းချက်တွေကို နားလည်သဘောပေါက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရေးအစီအစဉ်တွေနဲ့ပက်သက်လို့ ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဖိုရမ်မှာတော့ နိုင်ငံပေါင်း ၅၀ ကနေ လူပေါင်း ၁၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
    Ref: IINA
  • အီဘိုလာအတွက် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို WHO ရုပ်သိမ်း
    အီဘိုလာအတွက် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို WHO ရုပ်သိမ်း
    မတ် ၃၁၊ ၂၀၁၆
    M-Media
    ebola 1
    – အနောက်အာဖရိကမှာ လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ အီဘိုလာကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။
    အီဘိုလာဟာ ၂၀၁၃ ဒီဇင်ဘာမှာ စတင်ထွက်ပေါ်ခဲ့ပြီး အဓိကအားဖြင့် လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယွန်နီတို့မှာ လူပေါင်း ၁၁၃၀၀ ကျော်ကို သေဆုံးစေခဲ့ကာ ၂၈၀၀၀ ကျော်ကို ကူးစက်ခဲ့ပါတယ်။ WHO ကတော့ ၂၀၁၄ ခုနှစ် သြဂုတ်လကစလို့ ဒီကပ်ရောဂါအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့တာပါ။
    “အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ သာမန်ထက်ထူးကဲတဲ့ ဖြစ်ရပ်မျိုး မရှိတော့ပါဘူး။ နိုင်ငံတကာကို ကူးစက်ပျံ့ပွားမှုလည်း အခုဆို လျော့ကျနေပါပြီ။ လက်ရှိ နိုင်ငံအသီးသီးမှာလည်း အရေးပေါ်ကူးစက်မှုအသစ် တွေ့ရင် အလျင်အမြန်တုံ့ပြန်နိုင်စွမ်း ရှိနေပါပြီ” လို့ WHO ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ မာဂရတ်ချန်က ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် ဒီရောဂါအတွက် သတိကြီးကြီးထားဖို့နဲ့ ကိုင်တွယ်နိုင်စွမ်းရှိဖို့အတွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ မာဂရတ်ချန်က အီဘိုလာကူးစက်ခံရတဲ့ နိုင်ငံသုံးနိုင်ငံအပေါ် ကူးသန်းသွားလာရေး၊ ကုန်သွယ်ရေးတို့ ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
    WHO က ၎င်းရဲ့ ၀န်ထမ်းတွေ ရာပေါင်းများစွာကို အနောက်အာဖရိကနိုင်ငံတွေမှာ အခြေအနေကို လေ့လာစောင့်ကြည့်ဖို့ စေလွှတ်ထားပါတယ်။
    Ref: Presstv