ဧပြီ ၅၊ ၂၀၁၆
M-Media
– အကြမ်းဖက်သမားများက အစ္စလာမ်သာသနာအား ပုံဖျက်မှုများ မြင့်တက်လာသည့် ယခုအချိန်တွင် အစ္စလာမ်၏ စစ်မှန်သော သွန်သင်မှုများ ပြန့်နှံ့ရေးအတွက် အီဂျစ်နိုင်ငံက နယူးဇီလန်သို့ ရှေ့ဆောင်အီမာမ်များ စေလွှတ်မည်ဟု သိရသည်။
နယူးဇီလန်ရှိ ဗလီဝတ်ကျောင်းတော်များ၊ အစ္စလာမ့်စင်တာများသို့ ရောက်ရှိမည့် အဆိုပါ ရှေ့ဆောင်အီမာမ်များက အစွန်းရောက်မှုကို လျှော့ချသွားမည်ဖြစ်ပြီး အစွန်းရောက်ဝါဒကိုလည်း တိုက်ဖျက်သွားမည်ဟု နယူးဇီလန်ရေဒီယို Newstalk ZB က ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ၀ယ်လင်တန်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၌ အီဂျစ်ရှေ့ဆောင်အီမာမ်တစ်ဦး တာဝန်ထမ်းဆောင်နေပြီး အလ်-အဇ်ဟာရ်တက္ကသိုလ်မှ လေ့ကျင့်ပေးထားသည့် အခြား အီမာမ် ၃ ဦးမှာလည်း အလုပ်လုပ်ခွင့် ဗီဇာကို လျှောက်ထားနေသည်။
အီဂျစ်နိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး တာရစ် အလ်-၀ါစီမီကမူ စစ်မှန်သည့် အစ္စလာမ်အကြောင်း ရှင်းပြခြင်း၊ အစ္စလာမ်၏ ငြိမ်းချမ်းရေးသွန်သင်ချက်များကို မြှင့်တင်ပေးခြင်းတို့က ကမ္ဘာကြီးအား အစွန်ရောက်များနှင့် အကြမ်းဖက်ဝါဒီများလက်မှ ကာကွယ်ရန်အတွက် အရေးပါသော ပထမခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပဲရစ်၊ ဘယ်လ်ဂျီယံ၊ မက်ဒရစ်နှင့် လန်ဒန်မြို့များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မျိုး နယူးဇီလန်တွင် မဖြစ်စေလိုဟုလည်း ၎င်းက ဆိုသည်။
နယူးဇီလန် အစ္စလာမ့်အမျိုးသမီးများကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အန်ဂျမ် ရဟ်မန်က မိမိတို့အနေဖြင့် နယူးဇီလန်တွင် ရှေ့ဆောင်အီမာမ်များ လိုအပ်သည်ကို သတိမမူမိသော်လည်း ရောက်ရှိလာခြင်းကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.