News @ M-Media

Blog

  • သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုအား မြန်မာမွတ်စလင် အစည်းအရုံး ပြင်းထန်စွာ ကန့်ကွက်

    သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုအား မြန်မာမွတ်စလင် အစည်းအရုံး ပြင်းထန်စွာ ကန့်ကွက်

    ဧပြီ ၃ ၊ ၂၀၁၆
    M-Media
    သီဟ
    BMA
    ဧပြီလ ၂ရက်၊ ၂၀၁၆ VOA ညနေပိုင်းအစီအစဉ် အင်တာဗျူးတွင် NLD အစိုးရအဖွဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုမှ မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူ အများစုမှာ ဧည့်နိုင်ငံသားများ ဖြစ်သည်ဟု အဓိပ္ပါယ် သက်ရောက်သည့် အသုံးအနှုန်းများဖြင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။ အဆိုပါ ဧည့်နိုင်ငံသား အသုံးအနှုန်းကြောင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအကြား ကန့်ကွက်ဆန့်ကျင်များ ဖြစ်ပေါ်လျက်ရှိပါတယ်။ သူရဦးအောင်ကိုရဲ့ ပြောကြားချက်ကို မြန်မာမွတ်စလင် အစည်းအရုံး မှ ပြင်းထန်စွာကန့်ကွက်တဲ့ ကြေညာချက် တစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    သာသနာရေးဝန်ကြီး သူရဦးအောင်ကို၏ အစ္စလာမ်သာသနာနှင့် နိုင်ငံသားမွတ်စလင်များအပေါ် သဘောထားကို ပြင်းထန်စွာ ကန့်ကွက်ခြင်း

    NLD အစိုးရအဖွဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဧပြီလ ၂ရက်၊ ၂၀၁၆ VOA ညနေပိုင်းအစီအစဉ် အင်တာဗျူးတွင် “ဧည့်နိုင်ငံသားအများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ”ဟု သုံးစွဲသွားသည်ကို ဝမ်းနည်းတုန်လှုပ်စွာ ကြားသိရပါသည်။

    အစ္စလာမ်သာသနာသည် ၁၉၄၇၊ ၁၉၇၄နှင့် ၂၀၀၈ဖွဲ့စည်းပုံအားလုံးတွင် နိုင်ငံသားများကိုးကွယ်သော သာသနာဖြစ်သည်ဟု အစဉ်တစိုက် အသိအမှတ်ပြု ဂုဏ်ပေးဖော်ပြထားခြင်းခံရသော သာသနာလည်းဖြစ်သည်။ ပုဂံခေတ်မတိုင်ခင်ကတည်းက မြန်မာပြည်တွင် တည်ရှိခဲ့သော သာသနာလည်းဖြစ်သည်။ ဧည့်နိုင်ငံသားအများစု(သို့မဟုတ်) အနည်းစုက ကိုးကွယ်သော သာသနာဟု မည်သည့်နိုင်ငံတော် ဖွဲ့စည်းပုံ၊ မည်သည့်သမိုင်း မှတ်တမ်းတွင်မှ ရေးထိုးထားခြင်းလည်း လုံးဝ မရှိပါ။

    ထို့ပြင် ဗုဒ္ဓသာသနာ၊ အစ္စလာမ်သာသနာ၊ ခရစ်ယာန်သာသနာနှင့် ဟိန္ဒူသာသနာတို့အားလုံးသည် နိုင်ငံရပ်ခြားမှ သာသနာချည်းသာဖြစ်ကြပါသည်။ ပြည်တွင်းဖြစ်က နတ်ကိုးကွယ်မှုသာ ရှိပါသည်။

    သို့သော် သာသနာတိုင်းသည် လူသားတိုင်းအတွက် ဖြစ်သဖြင့် သာသနာတွင် နယ်နိမိတ်၊ နိုင်ငံ၊ လူမျိုး၊ အသားအရောင်၊ ဆင်းရဲ၊ ချမ်းသာ၊ ခွဲခြားမှု မရှိပါ။ အိမ်ရှင်သာသနာ၊ ဧည့်သည်သာသနာဟူ၍လည်း ယဉ်ကျေးသော မည်သည့်ကမ္ဘာ့လူသားများမှ သုံးစွဲခြင်း၊ အပိုင်စီးခြင်း၊ ခွဲခြားခြင်းမျိုးလည်း မလုပ်ခဲ့ကြပါ။

    စစ်အစိုးရအဆက်ဆက် ကမ္ဘာသိ၊ မြန်မာသိ ပြင်းထန်သော ဘာသာရေးအရ ခွဲခြားဖိနှိပ်မှုများကိုလည်း သူရဦးအောင်ကိုက မရှိခဲ့ပါဟု ပြောခဲ့ခြင်းသည်လည်း အင်မတန် စိတ်ပျက်စရာကောင်းနေပါသည်။

    ယခုကဲ့သို့ သူရဦးအောင်ကို၏ တာဝန်မဲ့ပြောကြားချက်များကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

    NLDသည် ဘာသာစုံ၊ လူမျိုးစုံ နိုင်ငံသားအားလုံးက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးတို့ အတွက် မျှော်လင့်အားကိုးတကြီးဖြင့် တခဲနက်ရွေးချယ် တင်မြှောက်ခံရသော၊ တာဝန်ရှိ၊ တာဝန်ကြီးသည့် ပါတီကြီးဖြစ်ပါသည်။

    NLDက ယုံကြည်စိတ်ချစွာဖြင့် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးထားသော သူရဦးအောင်ကို၏ သဘောထားသည်၊ နိုင်ငံသား၊ တိုင်းရင်းသား မွတ်စလင်များနှင့် အစ္စလာမ်သာသနာအပေါ် ထင်ဟပ်သော NLDပါတီ၏ သဘောထား မဟုတ်ပါက တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ပေးပါရန်လည်း လေးစားစွာ တောင်းဆိုပါသည်။

    မြန်မာမွတ်စလင် အစည်းအရုံး
    ဧပြီလ ၂၊ ၂၀၁၆

    BMA

  • မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် အများစု ဧည့်နိုင်ငံသားတွေလို့ သူရဦးအောင်ကို သုံးနှုန်းပြောဆိုခဲ့

    မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် အများစု ဧည့်နိုင်ငံသားတွေလို့ သူရဦးအောင်ကို သုံးနှုန်းပြောဆိုခဲ့

    ဧပြီ ၂ ၊ ၂၀၁၆
    M-Media
    သီဟ
    .Thura U Aung Ko
    ယခင်အစိုးရလက်ထက်မှာ ခရစ်ယာန်၊ အစ္စလာမ် စတဲ့ လူနည်းစုဘာသာဝင်များကို ဖိနှိပ်မှု မရှိခဲ့ဘူးလို့ NLD အစိုးရအသစ်ရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မှ VOA နဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောဆိုခဲ့ပါတယ်။
    .
    ထိုသို့ ပြောဆိုရာမှာ အစ္စလာမ်နဲ့ ဟိန္ဒူ ကိုးကွယ်သူ အများစုဟာ ဧည့်နိုင်ငံသားတွေလို့ သုံးနှုန်းပြောဆိုခဲ့တာကို တွေ့ရပါတယ်။
    .

    ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ လူနည်းစု ဘာသာဝင်တို့ ပုတ်ခတ် ပြောဆို တိုက်ခိုက်ခဲ့တဲ့ မ.ဘ.သ လို အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုများကို အမြင့်ဆုံး သံဃအဖွဲ့အစည်း ဖြစ်တဲ့ သံဃမဟာနာယက အဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဘာသာကြီး ၄ ခုကြားမှာ အမုန်းစကားတွေ လျော့ပါးသွားအောင် ထိန်းကျောင်းပေးဖို့၊ မြန်မာလူမှုအဖွဲ့အစည်းကြားမှာ ချစ်ခြင်းမေတ္တာတရားထွန်းကားဖို့ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ . သူရဦးအောင်ကိုမှာ တပ်မတော် အရာရှိဟောင်း တဦးဖြစ်ပြီး ယခင် စစ်အာဏာရှင် န.အ.ဖ အစိုးရလက်ထက် သာသနာရေး ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ တဦးလည်းဖြစ်ပါတယ်။ . မြန်မာနိုင်ငံကို အစ္စလာမ် ဘာသာဝင်ရောက်ရှိလာပုံနှင့် ပတ်သက်ပြီးတော့ ယခင် စစ်အစိုးရ န.ဝ.တ ခေတ် ၁၉၉၇ ခုနှစ် က ကာကွယ်ရေး ဝန်ကြီးဌာန ပြန်လည်နေရာ ချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိ ပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် တာဝန်ခံထုတ်ဝေတဲ့ "သာသနာရောင်ဝါ ထွန်းစေဖို." အမည်ရှိ စာအုပ်တွင် ဖော်ပြချက်အချို့မှ အပိုင်း တပိုင်းအဖြစ် အောက်တွင် ကောက်နှုတ်၍ ဖော်ပြလိုက်ပါတယ်။ .. “အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ” -------------------------------------------- အစ္စလာမ်ဘာသာသည် မြန်မာနိင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက်၎င်း၊ တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာမြန်မာနိုင်ငံသို. စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ် သာသနာပြုများက မြန်မာနိုင်ငံသို. လာရောက် သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုး မဟုတ်ပါ။ . အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ပြီးအစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျနေရာ ချထားပေးခဲ့ကြောင်းတို့အပြင် အခြား အထောက်အထားတွေကိုပါ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ ကမန် မွတ်စလင်တို့အပြင် စစ်တွေမြို. အရှေ.ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် “တိုင်းရင်းသားများဖြစ်ကြသော” အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။ . ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေး ခဲ့ကြောင်းရေးသားထားသည်။

  • ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်

    ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်

    ဧပြီ ၂၊ ၂၀၁၆
    M-Media

    marathon

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဘက်သလီဟမ်မြို့တွင် ပြုလုပ်သည့် ၄ ကြိမ်မြောက် ပါလက်စတိုင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူ အားကစားသမား ၁၀၀ ကျော်ကို အစ္စရေးက ဟန့်တားခဲ့သည်ဟု သိရသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ အဆိုပါ အားကစားသမားများကို အစ္စရေးက အနောက်ဖက်ကမ်းသို့ သွားရောက်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး၏ ထိုလုပ်ရပ်ကို မာရသွန်ပြိုင်ပွဲအား စီစဉ်သူ အီတီဒဲလ် အဘ်ဒူလ်-ဂါနီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အားကစားသမားများအား လွတ်လပ်စွာ ပါဝင်ခွင့်ပေးရေး နိုင်ငံတကာ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟန့်တားခံရသည့် ကစားသမား ၁၀၃ ဦးတွင် ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်၌ ပါလက်စတိုင်းကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိင်ခဲ့သည့် နာမည်ကျော် အပြေးသမား နာဒါရ် မက်စ်ရီလည်း ပါဝင်ခဲ့သည်။ အခြားသူများမှာ အဆိုပါ မာရသွန်ပြိုင်ပွဲကျင်းပရေးတွင် ပါဝင်ခဲ့သည့် Right to Movement and Right to Play အဖွဲ့မှ အဖွဲ့ဝင်များနှင့် ပါလက်စတိုင်း အိုလံပစ်ကော်မတီမှ အဖွဲ့ဝင်များဖြစ်သည်။

    ၂၆ မိုင်ပြေးရသည့် အဆိုပါ မာရသွန်အပြေးပြိုင်ပွဲကို အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပိတ်ပင်ထားခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နှစ်စဉ် ပြုလုပ်ခြင်းဖြစ်သည်။

    ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် အပြေးပြိုင်ပွဲတွင် ပါလက်စတိုင်းပြည်သူနှင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးက ထိုမာရသွန်တွင် ပါဝင်ရန် စီစဉ်ထားသူများကို တားမြစ်မှုမှာ တတိယအကြိမ်မြောက်လည်းဖြစ်သည်။

    Ref: Press TV

  • ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်ကျောင်းဆရာကို ကင်ညာက အမြင့်ဆုံးသူရဘွဲ့ ချီးမြှင့်

    ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်ကျောင်းဆရာကို ကင်ညာက အမြင့်ဆုံးသူရဘွဲ့ ချီးမြှင့်

    ဧပြီ ၂၊ ၂၀၁၆
    M-Media

    kenya

    – ဘတ်စ်ကားတစ်စီးကို အစ္စလာမ့်မစ်စစ်သွေးကြွအဖွဲ့တစ်ခုက စီးနင်းမှုအတွင်း ခရစ်ယာန်တွေကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းဆရာတစ်ဦးကို ကင်ညာနိုင်ငံက နိုင်ငံရဲ့ အမြင့်ဆုံးသူရဘွဲ့ချီးမြှင့်ကာ ဂုဏ်ပြုလိုက်ပါတယ်။

    အဲဒီကျောင်းဆရာကတော့ ဆာလာဟ် ဖာရာဆိုသူဖြစ်ပြီး ဒီဇင်ဘာလအတွင်းက ကင်ညာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ အဲဒီအဖြစ်အပျက်အတွင်း သေနတ်နဲ့ ပစ်သတ်ခံရကာ နောက်ပိုင်း အဲဒီဒဏ်ရာကြောင့်ပဲ အသက်ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်။

    စစ်သွေးကြွတွေဟာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ခွဲထိုင်ခိုင်းဖို့ ပြောကြားခဲ့ပေမယ့် ဖာရာအပါအ၀င် ကားပေါ်မှာ ပါလာခဲ့တဲ့ မွတ်စလင်တွေက အဲဒီလိုလုပ်ဖို့ ငြင်းဆန်ခဲ့ပြီး ‘သတ်ချင်ရင် ငါတို့အကုန်လုံးကိုသတ်’ လို့ ပြောခဲ့ကြတာပါ။

    ကင်ညာသမ္မတ အူဟူရူ ကန်ညက်တာက ဖာရာရဲ့ သူရသတ္တိအတွက် Order Of The Grand Warrior ဘွဲ့ကို အပ်နှင်းခဲ့ပါတယ်။ ဒီဘွဲ့ထူးဟာ ကင်ညာနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်ပြီး တိုင်းပြည်အတွက် သူမတူအောင် စွမ်းဆောင်ပေးနိုင်တဲ့သူကို သမ္မတက ချီးမြှင့်တာဖြစ်ပါတယ်။

    အရင်တိုက်ခိုက်မှုတွေမှာ ဆိုမာလီအခြေစိုက် အလ်-ရှာဘတ်စစ်သွေးကြွတွေဟာ မွတ်စလင်တွေကိုချန်ကာ ခရစ်ယာန်တွေကို သတ်ပစ်လေ့ရှိတာကြောင့် ဒီဇင်ဘာက အဲဒီအဖြစ်အပျက်မှာတော့ မွတ်စလင်တွေက ဒီအခွင့်အရေး မပေးခဲ့ပါဘူး။

    ကင်ညာတို့၏ ဂုဏ်ယူရမည့် စည်းလုံးမှု

    ဖာရာကို ဒီလိုဘွဲ့ထူး ချီးမြှင့်မယ်ဆိုတာကို မစ္စတာ ကန်ညက်တာက နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည်သွင်းကြေငြာခဲ့တာဖြစ်ပြီး အကြမ်းဖက်ဝါဒရဲ့သွေးခွဲမှုကို ကင်ညာပြည်သူတွေက လက်မခံတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘတ်စ်ကားမှာ ခရီးသည် ၆၀ လောက် ပါဝင်ခဲ့ပြီး မြို့တော် နိုင်ရိုဘီကနေ မန်ဒီရာကို သွားနေစဉ်အတွင်း ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဆိုမာလီနယ်စပ် အလ်ဝက်ဆိုတဲ့ ရွာအနီး အလ်ရှာဘတ်တွေက စီးနင်းခဲ့တာဖြစ်ပါတယ်။

    စစ်သွေးကြွတွေ တက်လာပြီ ကားပေါ်မှာရှိနေတဲ့ လူတွေအားလုံး ဆင်းခိုင်းတဲ့အချိန်မှာ မွတ်စလင်အမျိုးသမီးတွေဟာ သူတို့ရဲ့ပုဝါတွေကို ချွတ်ပြီး ခရစ်ယာန်အမျိုးသမီးတွေကို ခြုံပေးခဲ့ကြပါတယ်။

    မန်ဒီရာမြို့နယ်လေးက မူလတန်းကျောင်းဆရာဖြစ်တဲ့ ဖာရာကတော့ မွတ်စလင်ခရီးသည်တွေဟာ သေနတ်သမားတွေကို ရင်ဆိုင်ခဲ့ကြတယ်လို့ ဆေးရုံတက်နေစဉ်အတွင်း ကင်ညာနေ့စဉ်ထုတ်သတင်းစာ Daily Nation ကို ပြောကြားခဲ့ပါတယ်။

    “သတ်ချင်ရင် ငါတို့အားလုံးကိုသတ်၊ ဒါမမှဟုတ် ထွက်သွားလို့ ကျွန်တော်တို့ သူတို့ကို ပြန်ပြောခဲ့ပါတယ်”

    အဲဒီလို အချေအတင်ဖြစ်နေတဲ့အချိန်မှာ လော်ရီကားတစ်စီးဟာ သူတို့နားကို ကပ်လာတာကြောင့် စစ်သွေးကြွတွေဟာ ခြုံခိုတိုက်ခိုက်ခဲ့ကြပြီး တာဝန်ချိန်မဟုတ်တဲ့ ရဲတစ်ယောက် သေဆုံးခဲ့ပါတယ်။

    နောက်ပိုင်းမှာ မွတ်စလင်တွေဟာ ခရစ်ယာန်တွေနဲ့အတူရှိကာ ကာကွယ်ပေးတာကြောင့် စစ်သွေးကြွတွေက ခရစ်ယာန်တွေကိုသတ်ဖို့ လက်လျှော့ခဲ့ရပြီး ထွက်ခွာသွားခဲ့ကြပါတယ်။

    အဲဒီအဖြစ်အပျက်မှာ ခရီးသည် ၂ ဦးအပါအ၀င် လူ ၃ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖာရာကတော့ အဲဒီအဖြစ်အပျက်ဖြစ်ပွားပြီး ၁ လအကြာ နိုင်ရိုဘီဆေးရုံးမှာ ခွဲစိတ်ကုသမှုလုပ်ရင်း အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ဆိုမာလီနိုင်ငံကို ကင်ညာတပ်တွေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အလ်ရှာဘတ်တွေဟာ ကင်ညာနိုင်ငံကို စစ်ကြေငြာခဲ့ပြီး မွတ်စလင်အများစုရှိရာ ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: BBC

  • နယူးကာဆယ်တန်းမဆင်းရရေး အသင်းသားများကို ဘင်နီတက်ဇ် သတိပေး

    နယူးကာဆယ်တန်းမဆင်းရရေး အသင်းသားများကို ဘင်နီတက်ဇ် သတိပေး

    ဧပြီ ၂၊ ၂၀၁၆
    M-Media

    benitez

    – ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရပါက မည်သည့်အခြေအနေမျိုး ဖြစ်လာနိုင်သည်ကို စဉ်းစားထားကြရန် နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ကစားသမားများအား သတိပေး ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် နယူးကာဆယ်မှာ တန်းဆင်းဇုန်နှင့် ၃ မှတ်သာ ကွာနေပြီး ယနေ့ည၌ နော်ဝစ်ခ်ျအသင်း၏ကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ကာ ထိုပွဲမှာ ၎င်းတို့၏အနာဂတ်အတွက် အရေးပါသောပွဲလည်း ဖြစ်သည်။ ဘင်နီတက်ဇ်ကမူ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆင်းကစားရပါက ကြုံတွေ့ရမည့် အခြေအနေအတွက် အသင်းအား သတိပေးခဲ့သည်။

    “ပရီးမီးယားလိဂ်မှာ ကျန်ရှိနေဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို ခေါင်းထဲထည့်ထားဖို့ ကျွန်တော် သူတို့အားလုံးကို ပြောပြီးပါပြီ။ ဒီအခြေအနေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း သူတို့ သိကြပါတယ်။ အခြေအနေတွေပြောင်းလဲဖို့အတွက် သူတို့ အကောင်းဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ ‘သူတို့ မစွမ်းဆောင်နိုင်လို့ ကျွန်တော် ထွက်ရပါတယ်’ ဆိုတာ ပြောဖို့ မလွယ်ပါဘူး။ အောက်တန်းကိုဆင်းရရင် လူတိုင်းအတွက် ကောင်းမှာမဟုတ်ပါဘူး” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်၏ နယူးကာဆယ်အသင်းနှင့် စာချုပ်တွင် အသင်းတန်းဆင်းရပါက ၎င်းအား အသင်းမှ ထွက်ခွာခွင့် ပေးရမည်ဟု ပါရှိထားသည်။

    Ref: Goal