News @ M-Media

Blog

  • တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mehraz 2

    – အသင်းရှိ ခြေစွမ်းပြနေသော တိုက်စစ်မှူး မဟ်ရက်ဇ်အား အသင်းတွင် ဆက်ရှိနေစေရန် အတင်းအကျပ် တောင်းဆို မည်မဟုတ်ဘဲ ထွက်ခါလိုက ထွက်ခွာခွင့်ပေးမည်ဟု လက်စတာနည်းပြ ကေလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    အသက် ၂၅ နှစ်အရွယ် အလ်ဂျီးရီးယားတိုက်စစ်မှူး မဟ်ရက်ဇ်မှာ ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းအတွက် အဓိကကျသည့် တိုက်စစ်မှူးဖြစ်ပြီး ၂၅ ပွဲ ကစားရာတွင် ၁၄ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ စွမ်းဆောင်ရည်ကြောင့် ဥရောပအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ရာနီယေးရီကမူ အသင်းမှထွက်ချင်သည့် ကစားသမားကို မတားဟု ဆိုသည်။

    “ကစားသမားအားလုံးကို ကျွန်တော် ထိန်းထားချင်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်က ကျွန်တော့်ဆီလာပြီး ‘ဘော့စ်-ကျွန်တော့်ရည်မှန်းချက်ကြောင့် အဲဒီကိုသွားချင်တယ်’ လို့ ပြောလာရင်တော့ ကျွန်တော်ကလည်း ‘သွားပါ။ ကံကောင်းပါစေကွာ’ လို့ ပြောမှာပါ။ ဒီမှာ နေရတာပျော်ရွှင်တဲ့ ကစားသမားမျိုးကိုသာ ကျွန်တော် လိုချင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းအဖြစ် ပေါ်ထွက်လာမှာပါ။ ဒါပေမယ့် ဘာစီလိုနာတို့ ရီးယဲလ်မက်ဒရစ်တို့လို အသင်းမျိုးတော့ မဟုတ်ပါဘူး” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mh 70

    – MH370 လေယာဉ်မှာပျောက်ဆုံးမှုမှာ ပါသွားတဲ့ တရုတ်ခရီးသည်တစ်ဦးရဲ့ မိသားစုဝင်နှစ်ယောက်ဟာ မလေးရှား လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တယ်လို့ ဘေဂျင်းတရားရုံးက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အမှုကို ဘေဂျင်းရထားပို့ဆောင်ရေးတရားရုံးမှာ အောင်မြင်စွာ စာရင်းသွင်းခဲ့တယ်လို့ တရားရုံးရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ကြေငြာခဲ့ပြီး၊ တရားစွဲဆိုမှုမှာ မွန်ထရီယဲလ် သဘောတူညီချက်နဲ့ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်ကာ ယွမ် ၄.၇ သန်း (ကန်ဒေါ်လာ ၇၁၉၀၀၀) နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။

    လေယာဉ်မတော်တဆမှုဖြစ်ပြီး တစ်နှစ်ကြာ ၂၀၁၅ မတ်လ ၈ ရက်နေ့မှသာလျှင် လေယာဉ်ပျက်ကျခဲ့မှုကို မိသားစုဝင်တွေကို အသိပေးခဲ့တယ်လို့ တရားလိုက ထွက်ဆိုထားကြောင်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေဂျင်းအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ MH370 လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး အဲဒီအထဲက ၁၅၀ လောက်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲ လမ်းကြောင်းပြောင်းကာ ထိုးကျပျက်စီးသွားတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ပျက်စီးခဲ့တဲ့ နေရာရော အကြောင်းရင်းပါ အတည်မပြုနိုင်သေးပါဘူး။

    နိုင်ငံတကာ သဘောတူညီချက်တွေအရ မိသားစုဝင်တွေအနေနဲ့ လေကြောင်း မတော်တဆမှုတွေအတွက် တရားစွဲဆိုနိုင်တဲ့ကာလဟာ ၂ နှစ် ရှိနေပြီး အခု MH370 လေယာဉ်ပျက်ကျမှုအတွက် အမေရိကန်၊ မလေးရှား၊ သြစတေးလျက ဥပဒေအဖွဲ့အစည်းတွေဟာ လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ ဆွေးမျိုးသားချင်းတွေကိုယ်စား တရားစွဲဆိုဖို့ ဆောင်ရွက်နေပါတယ်။

    အဲဒီလေယာဉ်ပျောက်ဆုံးမှုမှာ ပါဝင်သွားသူ တရုတ်နိုင်ငံသားတွေအတွက် အရပ်ဖက်ဆိုင်ရာ တရားစွဲဆိုမှုအားလုံးကို ကိုင်တွယ်ဖို့အတွက် ဘေဂျင်းတရားရုံးချုပ်က ရထားပို့ဆောင်ရေး တရားရုံးကို တာဝန်လွှဲအပ်ထားပါတယ်။

    Arab News

  • မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁၆
    M-Media

    van gal 3

    – မိမိနေရာတွင် မော်ရင်ဟိုက အစားဝင်တော့မည်ဆိုသည့် သတင်းများမှာ ကျော်မကောင်းကြားမကောင်းသည့် မဟုတ်မမှန် သတင်းများသာဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချယ်ဆီးမှ ဒီဇင်ဘာလအတွင်းက ထုတ်ပယ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ တောက်လျှောက် ထွက်ပေါ်နေသည်။ ဗန်ဂါးလ်ကမူ ထိုသတင်းများအတွက် ပြစ်တင်ပြောဆိုခဲ့ပြီး အသင်းအနေဖြင့်လည်း ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “သူက ကိစ္စတော်တော်များများကို အကြိမ်တော်တော်များများ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ မပြောပါဘူး။ ဒါကြီးတစ်ခုလုံး အဓိပ္ပါယ်မရှိဘူးဆိုတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ မီဒီယာမှာ ကျွန်တော်ဖတ်ရတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ဒီကိစ္စတွေကို မန်ယူအနေနဲ့ မတုံ့ပြန်စေချင်ပါဘူး။ အသင်းနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းကို ငြင်းပယ်ကာ မီဒီယာတွေ မျက်စိစပါးမွှေးဆူးအောင် လုပ်မှာမဟုတ်ပါဘူး။ အခု ဖြစ်ပျက်နေတာ အားလုံးက လုံးဝ မဟုတ်မမှန်သတင်းတွေပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    north

    – မြောက်ကိုးရီးယားရဲ့ နျုကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုထားတဲ့ မူကြမ်းတစ်ခုကို အမေရိကန်နဲ့ တရုတ်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းလိုက်ပါတယ်။

    အဲဒီမူကြမ်းဟာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ပထမဆုံးတင်သွင်းတဲ့ မူကြမ်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး စမန်သာပါဝါက မြောက်ကိုရီးယားကို ၀င်ထွက်သွားလာတဲ့ ကုန်သင်္ဘောဘောတွေကို မဖြစ်မနေစစ်ဆေးမှုလုပ်ဖို့ မူကြမ်းမှာ ဖော်ပြထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အဓိက ထပ်မံဆောင်ရွက်ချက်ဖြစ်ပြီး၊ နယ်ပယ်ပိုများများမှာ ပိုပြီးတင်းတင်းကြပ်ကြပ်နဲ့ ဟာကွက်မရှိ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ လုပ်နေကြပုံစံထဲကနေထွက်ပြီး နည်းလမ်းသစ်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်” လို့ ပါဝါက ပြောကြားခဲ့ပါတယ်။

    အဆိုပါမူကြမ်းဟာ မြောက်ကိုးရီးယားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ကြားက သဘောတူညီမှုတစ်ခုရဲ့ ရလဒ်ဖြစ်ပြီး၊ တရုတ်အနေနဲ့ ၎င်းရဲ့အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေးမူဝါဒပြောင်းလဲလာမှုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကတော့ အဲဒီ မူကြမ်းကို ဒီသီတင်းပတ်အဆုံးမှာ မဲခွဲဖို့ ရှိနေပါတယ်။

    Ref: Al-jazeera

  • ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    cancer

    – ကင်ဆာရောဂါကနေ သက်သာစေဖို့အတွက် နည်းလမ်းသစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး အဲဒီနည်းလမ်းက ဆေးပြင်းပြင်းတွေထက် ပုံမှန်ဆေးနဲ့ပဲ ရေရှည်ဆွဲကုတဲ့နည်း ဖြစ်တယ်လို့ အင်္ဂလိပ်သတင်းစာ The Telegraph က ဖော်ပြလိုက်ပါတယ်။

    လက်ရှိသုံးစွဲနေတဲ့ ကင်ဆာကုထုံးတွေမှာ ကင်ဆာကြိတ်တွေကို ဖယ်ရှားချင်တဲ့အတွက် ဓာတုဆေးပြင်းပြင်းတွေ အများကြီးသုံးစွဲရတဲ့ ပြင်းထန်တဲ့ကုသနည်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းနဲ့ ကင်ဆာ လုံးဝပျောက်ကင်းသွားတာက နည်းပါးတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဘေးထွက်ဆိုးကြိုးတွေကလည်း အရမ်းများပြီး ဆံပင်ကျွတ်တာတွေကနေ ခန္ဓာကိုယ်အတွင်း ခုခံအားပျက်ဆီးကာ သွေးအားနည်းရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

    ပြင်းထန်တဲ့ဓာတုကုထုံးတွေဟာ ကင်ဆာကို ပိုမိုဆိုးရွားလာစေပြီး ဆေးယဉ်ပါးကင်ဆာဆဲလ်တွေ ပိုများလာစေကာ နောက်ထပ်ကင်ဆာရောဂါ ပြန်ဖြစ်လာပြီဆိုရင် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူအချို့က ယုံကြည်နေကြပါတယ်။

    ဆေးယဉ်ပါးနေတဲ့ ကင်ဆာဆဲလ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒါကတော့ ကင်ဆာဆဲလ်တွေကို လုံးဝ ဖယ်ရှားဖို့ ကြိုးစားတာထက်စာရင် ဆေးကို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကင်ဆာဆဲလ်အချို့ကို ဒီအတိုင်း လွှတ်ထားပေးလိုက်တဲ့ နည်းမျိုးဖြစ်ပါတယ်။

    ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့က H Lee Moffitt ကင်ဆာနှင့်သုတေသနဌာနမှ ဒေါက်တာ ရောဘတ် ဂါတင်ဘီ ဦးဆောင်တဲ့ အမေရိကန်ဆေးပညာရှင် အုပ်စုတစ်ခုဟာ မတူညီတဲ့ ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို paclitaxel လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ စမ်းသပ်ကုသခဲ့ပါတယ်။

    အဲဒီကုထုံးအရ ပထမတော့ ကြွက်တွေမှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေဟာ ရှုံ့တွသွားပြီး ကုသမှုရပ်လိုက်တာနဲ့တပြိုင်နက် ဆဲလ်တွေ ပြန်လည်ကြီးထွားလာပါတယ်။ ဒါပေမယ့် အစကတည်းက ဆေးပြင်းပြင်းတွေသုံးပြီး ကုသတာထက် ဆေးနည်းနည်းကို ပုံမှန်သုံးစွဲခြင်းဟာ ကင်ဆာပျံ့ပွားမှုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်တယ်လို့ ဒီလေ့လာမှုအရ တွေ့ရှိရပါတယ်။

    ဒီစမ်းသပ်မှုဟာ တော်တော်လေးထိရောက်ခဲ့ပြီး အချို့ကြွက်တွေကို အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ဆေးဖြတ်လိုက်တဲ့အခါမှာတော့ ရောဂါကြောင့် ဆုတ်ယုတ်မှုမရှိဘဲ ကျန်းကျန်းမာမာ နေထိုင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

    Ref: IINA