News @ M-Media

Blog

  • ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    canada

    – ကနေဒါနိုင်ငံမှ မင်းသမီးတစ်ဦးမှာ သိုးမွှေးခေါင်းဆောင်ကို ၀တ်၍ လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက ဟီဂျဘ်နှင့်မှား၍ ထိုအမျိုးသမီးအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၄ နှစ် အရွယ်ရှိသော မင်းသမီး ကေလာဂါဘာဖြစ်ပြီး တနင်္လာနေ့တွင် တိုရွန်တိုမြို့ရှိ Bloor and Bathurst လမ်းအနီး အစမ်းလေ့ကျင့်မှုများအပြီး ထွက်လာခဲ့သည့်အချိန်တွင် သူမလမ်းလျှောက်ရာအနားသို့ လူတစ်ယောက်ကပ်လာကာ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

    “ကျွန်မကို လမ်းဘေးနံရံမှာ ချုပ်ထားပြီး ဟီဂျာဗ်ကိုချွတ်ကာ ဒီတိုင်းပြည်ကထွက်သွားစမ်းလို့ အဆက်မပြတ် ပြောဆိုခဲ့ပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ထားတာ မဟုတ်ဘူးလို့ ပြောခဲ့တာကို ကျွန်မ မှတ်မိပါတယ်။ သူကတော့ ကျွန်မကိုယ်ကို လှုပ်ရမ်းပြီး ဒီတိုင်းပြည်ကထွက်သွားလို့ပဲ အော်နေတယ်။ ကျမ မွတ်စလင် မဟုတ်ဘူးလို့လည်း ကျမပြောခဲ့ပါတယ်။ သူ့လည်း ကိုယ်မသိ၊ ကိုယ့်လည်း သူမသိတဲ့ အချင်းချင်း ဘာလို့ ဒီလောက် အမုန်းပွားနေရလဲဆိုတာ ကျမဖြင့် နားမလည်နိုင်အောင်ပါပဲ” ဟု ဂါဘာက ပြောကြားခဲ့သည်။

    ဂါဘာသည် ထိုဖြစ်ရပ်အား Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းက သူမအားထောက်ခံသည့် မှတ်ချက်များနှင့် ပြည့်နှက်သွားလေသည်။

    “အဆိုးမြင်မှုတွေကနေထွက်ပြီး အကောင်းကို မြင်တတ်တာဟာ အင်မတန်လှပ ပါတယ်’ လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဤဖြစ်ရပ်သည် ပဲရစ်မြို့တွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအပြီး တိုရွန်တိုနယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည့် နှောက်ယှက်မှုကွင်းဆက်များထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။

    Ref: IINA News

  • ချန်ပီယံလိဂ် အခြေအနေကောင်းရန် အလွန်ကြိုးစားခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်နောက်ခံလူ ပြော

    ချန်ပီယံလိဂ် အခြေအနေကောင်းရန် အလွန်ကြိုးစားခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်နောက်ခံလူ ပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    wolf

    – မန်ယူ၊ ပီအက်စ်ဗီတို့ကဲ့သို့ ၀ါရင့်အသင်းများ ပါဝင်သော ချန်ပီယံလိဂ် အုပ်စု B တွင် ဦးဆောင်ကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိရန် အခြေအနေကောင်းနေသည့် ယခုအဆင့်မျိုး ရောက်အောင် မိမိတို့အသင်းမှာ အလွန်အမင်း အားထုတ်ကြိုးပမ်းခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်အသင်း၏ အဓိကနောက်ခံလူ မာဆဲလ် ရှက်ဖာရ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အုပ်စု ပဉ္စမပွဲစဉ်တွင် ဘွန်ဒီလီဂါကလပ် ၀ုလ်ဖ်ဘာ့ဂ်မှာ အန်ဒရေ ရှရဲလ်၏ ဂိုး ၂ ဂိုးဖြင့် စီအက်စ်ကေအေအား အနိုင်ကစားနိုင်ခဲ့ပြီး မန်ယူက ပီအက်စ်ဗီနှင့် သရေကျသွားခဲ့သောကြောင့် ရမှတ် ၉ မှတ်ဖြင့် အုပ်စုအား ဦးဆောင်ထားနိုင်သည်။ ထို့ကြောင့် အုပ်စုနောက်ဆုံးပွဲတွင် မန်ယူအား အနိမ့်ဆုံး သရေကစားနိုင်လျှင်ပင် ၀ုလ်ဖ်ဘာ့ဂ်မှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    “အခုလက်ရှိ အုပ်စုအခြေအနေက ကျွန်တော်တို့ကို မျက်နှာသာ ပေးနေပါတယ်။ ဒီလိုအခြေအနေကိုရောက်ဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုးစား အားထုတ်ခဲ့ရတာပါ။ ကျွန်တော်တို့လိုချင်တဲ့ ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်” ဟု ရှက်ဖာရ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပစ်ချလိုက်သည့် ရုရှားတိုက်လေယာဉ်အား သတိပေးခဲ့မှု အသံဖိုင်ကို တူရကီထုတ်ပြန်

    ပစ်ချလိုက်သည့် ရုရှားတိုက်လေယာဉ်အား သတိပေးခဲ့မှု အသံဖိုင်ကို တူရကီထုတ်ပြန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    turkey

    – အင်္ဂါနေ့က ဆီးရီးယားနယ်စပ်အနီးတွင် ပစ်ချခံလိုက်ရသည့် ရုရှားတိုက်လေယာဉ်အား လေပိုင်နက်ချိုးဖောက်ကြောင်း သတိပေးခဲ့သည့် အသံဖိုင်ကို တူရကီက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    မိမိတို့၏ တိုက်လေယာဉ်မှာ မည်သည့်သတိပေးချက်မှ ရရှိခြင်းမရှိဟု ပစ်ချခံလိုက်ရသည့် လေယာဉ်မှ လေယာဉ်မှူးက ပြောကြားခဲ့ပြီးနောက် တူရကီက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုအသံဖိုင်တွင် “တူရကီလေပိုင်နက်ထဲကို ခင်ဗျား ၀င်ရောက်လာပါတယ်။ ဦးတည်ဘက်ကို ပြောင်းပါ” ဟု အင်္ဂလိပ်ဘာသာစကားဖြင့် သတိပေးပြောကြားမှုကို ကြားခဲ့ရသည်။

    တူရကီလေတပ်ကမူ အဆိုပါ သတိပေးချက်ကို မိမိတို့၏ F16 လေယာဉ်မှူးများက ပြောကြားသည်မဟုတ်ဘဲ ဒီယာဘာကီရ်ရှိ လေတပ်စခန်းမှ သတိပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Su-24 တိုက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးစလုံးမှာ လေယာဉ်ပေါ်မှ ခုန်ထွက်ကာ လေထီးဖြင့် ဆင်းသက်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဆီးရီးယားသူပုန်များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် လေယာဉ်မှူး မူရာခ်တင်ကမူ မိမိတို့မှာ တူရကီလေပိုင်နက်ထဲသို့ တစ်စက္ကန့်မှပင် ၀င်ရောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်ကမူ တိုသို့ ပစ်ချမှုမှာ အစီစဉ်တကျ ရန်စခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် တူရကီနှင့် ဆက်ဆံရေးကို အသေအချာ စဉ်းစားသွားမည်ဟု လာဗရော့ဗ်က ထည့်သွင်းပြောကြားခဲ့သော်လည်း စစ်မက်ဖြစ်မည့်အခြေအနေသို့ ရောက်ရှိမည်မဟုတ်ဟု ဆိုသည်။

    Ref: Aljazeera

  • ရာသီဥတု ပြောင်းလဲမှုက သန်းနှင့်ချီသော ကလေးငယ်များကို အန္တရာယ်ပေးနိုင်ဟု ကုလဆို

    ရာသီဥတု ပြောင်းလဲမှုက သန်းနှင့်ချီသော ကလေးငယ်များကို အန္တရာယ်ပေးနိုင်ဟု ကုလဆို

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    un

    ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကလေးငယ်များ အဆိုးဆုံး ခံစားနိုင်ရဖွယ်ရှိကြောင်း ကုလက သတိပေး ပြောဆိုလိုက်သည်။

    ကလေးငယ် သန်း၇၀၀ နီးပါးသည် အလွန်မင်းခြောက်သွေ့သောဒေသများနှင့် ရေကြီးနိုင်သောအန္တရာယ် မြင့်မားသည့် ဒေသများတွင် နေထိုင်ကြောင်း ကုလက ခန့်မှန်းထားပြီး တရုတ်နိုင်ငံတောင်ပိုင်း တစ်ခုတည်းမှာပင် ကလေးငယ် ၅၇ သန်းမှာ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

    သို့သော်လည်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်အပါအ၀င် တောင်အာရှတွင် နေထိုင်သူများအနက် ကလေးငယ် သန်း ၃၄၀ မှာ အန္တရာယ်အရှိဆုံး ဖြစ်နေသည်။

    ဤအစီရင်ခံစာကို နောက်တစ်ပတ် ပဲရစ်ရှိ ရာသီဥတုပြောင်းလဲမှုညီလာခံတွင် ထုတ်ပြန်မည်ဖြစ်သည်။

    ကုလသမဂ္ဂသည် ကမ္ဘာ၏ အဆင်းရဲဆုံးနေရာများရှိ ဘေးသင့်မှုအများဆုံး ခံစားရသော ဒေသများကို မီးမောင်းထိုးပြကာ အလျင်အမြန် တုန့်ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။

    Ref: Al-Jazeera

  • လားရှိုး စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကူအညီများ ပေးပို့

    လားရှိုး စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကူအညီများ ပေးပို့

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    ls 2

    – မကြာသေးမီက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လားရှိုးမြို့တွင် လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်ပြည်သူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ၁၆ ဘီးကားတစ်စီးဖြင့် ထောက်ပံ့ရေးပစ္စည်းများကို နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်ဟု သိရသည်။

    အ၀တ်အထည်များ၊ အသင့်စား အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အိပ်ယာ၊ ခြင်ထောင်၊ စောင်၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာ ပါဝင်သည့် အဆိုပါ ထောက်ပံ့ရေးကားမှာ ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် လာရှိုးမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

    ls 4

    စစ်ဘေးရှောင်ပြည်သူများအတွက် ထိုထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ လားရှိုးမြို့တာဝန်ခံ ဒေါက်တာ ဦးတင်အောင်မှ စစ်ဘေးရှောင်ပြည်သူများကို လက်ခံထားရှိရာ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်မှ မန်ဆူ ဆရာတော်အား သွားရောက်လှူဒါန်းမည်ဟု သိရသည်။

    အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များ၊ မွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များက ပါဝင်လှူဒါန်းထားခြင်းဖြစ်သည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုကြောင့် အတိဒုက္ခရောက်ခဲ့ကြသော ပြည်သူများအတွက်လည်း အကူအညီများ ပေးပို့ခဲ့သည်။