News @ M-Media

Blog

  • အမေရိကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ဒေါ်နယ်ထရမ့် မသန်းစွမ်းသူတစ်ဦးကို ပြောင်လှောင် ပြက်ရယ်ပြုပြန်

    အမေရိကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ဒေါ်နယ်ထရမ့် မသန်းစွမ်းသူတစ်ဦးကို ပြောင်လှောင် ပြက်ရယ်ပြုပြန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ရှိ မက္ကဆီကန်များ၊ အာဖရိကန်-အမေရိကန်များအား လူမျိုးရေး ခွဲခြားစော်ကားမှုများ ပြုလုပ်သောကြောင့် မကောင်းသတင်းဖြင့် ကျော်ဇောကာ ရီပက်ဘလစ်ကန်မှ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ် ထရမ့်မှာ နယူးယောက်တိုင်းမ်စ် သတင်းဌာနမှ သတင်းထောက်တစ်ဦးအား ၎င်း၏ မသန်စွမ်းမှုကို ပြက်ရယ်ပြုခဲ့သောကြောင့် ဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ခံနေရသည်ဟု သိရသည်။

    အင်္ဂါနေ့ညပိုင်းက ၎င်းအား ထောက်ခံသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထရမ့်က ၎င်း၏လက်များဖြင့် မသန်စွမ်းသူတစ်ယောက်ပုံစံ ဖန်တီးကာ နယူးယောက်တိုင်းမ်စ် သတင်းစာမှ သတင်းထောက် ဆာဂျီ ကိုဗာလက်စကီ၏ မသန်စွမ်းမှုကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

    ကိုဗာလက်စကီမှာ မွေးရာပါ မသန်စွမ်းရောဂါကို ခံစားနေရသူဖြစ်ပြီး နယူးဂျာစီရှိ မွတ်စလင်များမှာ ၉/၁၁ တိုက်ခိုက်မှုအတွက် အောင်ပွဲခံခဲ့ကြသည်ဆိုသော ထရမ့်၏ စွပ်စွဲမှုကို မဟုတ်မှန်ကြောင်း ပြန်လည်ချေပခဲ့သူ ဖြစ်သည်။

    ၂၀၀၁ ခုနှစ်က ကိုဗာလက်စကီမှာ ၀ါရှန်တန်ပို့စ်သတင်းစာ၏ သတင်းထောက်တစ်ဦးဖြစ်ပြီး ထရမ့်၏ ထိုပြောကြားမှုအား သတင်းရေးသားခဲ့သူများမှ တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ သတင်းဖော်ပြချက်တွင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုကို အောင်ပွဲခံခဲ့ကြသည့် နယူးဂျာစီမှ လူများကို ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ထိုအကြောင်းကို ထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ထပ်မံပြောကြားခဲ့သည်။ ၂၀၀၁ ခုနှစ်က ထိုသတင်းဖော်ပြမှုနှင့် ပတ်သက်၍ CNN က ကိုဗာလက်စကီကို မေးမြန်းရာ မိမိအနေဖြင့် ထိုကဲ့သို့ မည်သူက ပြောကြားသည်ကို မမှတ်မိတော့ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ကြောင့် တောင်ကယ်ရိုလိုင်းနားတွင် ပြောကြားခဲ့သောမိန့်ခွန်း၌ ထရမ့်က ကိုဗာလက်စကီ၏ ထိုငြင်းဆိုမှုကို ရည်ညွှန်း၍  လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

    နယူးယောက်တိုမ်းစ်သတင်စာကမူ ၎င်းတို့၏ သတင်းထောက်အား ထိုကဲ့သို့ လှောင်ပြောင်ကဲ့ရဲမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ဆိုရှယ်မီဒီယာများတွင်လည်း ထရမ့်အား ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။

    လာမည့် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်လာမည်ဟု ရေးပန်းစားနေသည့် ထရမ့်မှာ ယခင်ကလည်း လူမျိုးရေးခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့ပြီး မက္ကဆီကန်များကို မူးယစ်ရာဇာများ၊ မုဒိမ်းကောင်များဟု သိမ်းကျုံးပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏ မိန့်ခွန်းတစ်ခု၌ အာဖရိကန်-အမေရိကန်များကိုလည်း မျောက်ဖြင့်နှိုင်းကာ စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    Ref: The Guardian

  • အသင်းဟောင်း ပရိတ်သတ်များကို အီဗရာဟီမိုဗစ် ချီးကျူး

    အသင်းဟောင်း ပရိတ်သတ်များကို အီဗရာဟီမိုဗစ် ချီးကျူး

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    ibra

    – ဘောလုံးသမားဘ၀ စတင်ရာ အသင်းဟောင်း မာလ်မိုပရိသတ်များ၏ ၎င်းအား အားပေးမှုကို ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ချီးကျူးလိုက်ပြီး မိမိမှာ အိပ်မက်ကမ္ဘာတွင် ရှိခဲ့ရခြင်းဟု တင်စားပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်မှာ ၁၉၉၉ ခုနှစ်တွင် မာလ်မိုအသင်းနှင့်အတူ ဘောလုံးသမားဘ၀ကို စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် ၎င်း၏ အသင်းဟောင်း၊ ပရိတ်သတ်ဟောင်းများနှင့် ပြန်လည် တွေ့ဆုံခဲ့ရသည်။ ပီအက်စ်ဂျီက ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ထိုပွဲအား မာလ်မိုကွင်းအပြင်ဘက်ရှိ ပရိတ်သတ်များပန်းခြံတွင် ပြသမှုကို ကြည့်ရှုနိုင်ရန်အတွက် အီဗရာဟီမိုဗစ်မှာ မာလ်မိုပရိတ်သတ် ၁၀၀၀၀ အတွက် လက်မှတ်ခ ပေးချေခဲ့သည်။

    ကွင်းအတွင်း အသင်းဟောင်းပရိတ်သတ်များကလည်း ဒုတိယပိုင်းပြီးကာနီး ၎င်းလူစားလဲသည့်အချိန်တွင် လက်ခုပ်များတီးကာ တစ်ခဲနက် ဂုဏ်ပြုခဲ့ကြသည်။

    “ဒီညပြန်လာပြီး အိပ်မက်ကမ္ဘာထဲ ရှင်သန်ခဲ့တာပါ။ အဲဒီထက်ပိုတာကတော့ ကျွန်တော် ၁ ဂိုးသွင်းနိုင်ခဲ့တယ်။ ကျွန်တော် အရမ်းပျော်ပါတယ်။ အစကတည်းက ကျွန်တော်နဲ့ မာလ်မိုပရိတ်သတ်တွေကြာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဖားကန့်မြေစာပုံပြိုမှုမှာ ဘေးအန္တရာယ်ကင်းရေး လုပ်ဆောင်ချက် အားနည်းခြင်းကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ဖားကန့်မြေစာပုံပြိုမှုမှာ ဘေးအန္တရာယ်ကင်းရေး လုပ်ဆောင်ချက် အားနည်းခြင်းကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    pa kant

    – ကျောက်တူးဖော်ရေးလုပ်ငန်းများတွင်း တရားဥပဒေစိုးမိုးရေးကို လစ်လျူရှုထားခြင်းက လူ ၁၀၀ ကျော် သေဆုံးသည့် မြေစာပုံပြိုကျမှုကဲ့သို့ မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    ကမ္ဘာ့အဆင့် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်တွင် ပြီးခဲ့သည့် စနေနေ့က ကျောက်တူးရာမှ ထွက်ရှိသည့် မြေစာပုံများ ပြိုကျမှုကြောင့် လူအများအပြား ပိမိခဲ့သည်။ ရှာဖွေရေလုပ်ငန်းများကို အာဏာပိုင်များက ယမန်နေ့ည နှောင်းပိုင်းတွင် ရပ်တန့်ခဲ့ပြီး အလောင်း ၁၁၄ လောင်းကို တွေ့ရှိခဲ့သည်။

    “ကျွန်မတို့ သိရသလောက်ဆိုရင်တော့ ဒီလိုဖြစ်တာဟာ ဒီနှစ်အတွင်းမှာ ငါးကြိမ်မြောက်ပါ။ ဥပဒေစိုးမိုးမှုမရှိလို့ ဒီလို မတော်တဆမှုတွေဟာ ပုံမှန်လိုလို ဖြစ်နေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က RFA မြန်မာဌာနသို့ ယနေ့မနက် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အဆိုပါ ကျောက်တူးဖော်ရေးလုပ်ငန်းများကို ယခင် စစ်အာဏာရှင် ခေါင်းဆောင်ပိုင်းနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်အာဏာရှင်နှင့် အဆက်အသွယ်ရှိသည့် ခရိုနီများက လွှမ်းမိုးလုပ်ကိုင်နေခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ အစိုးရအနေဖြင့် အဆိုပါ ကျောက်တူးဖော်ရေးလုပ်ငန်းကို ပိုမို ဂရုစိုက်ရမည်ဖြစ်ပြီး၊ ပိုမိုတင်းကြပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရမည်ဟု တိုက်တွန်းခဲ့သည်။

    ဖားကန့်ဒေသမှ ရဲအရာရှိတစ်ဦးဖြစ်သူ ထင်ကျော်ကမူ ဖော်ယူရရှိသည့် အလောင်း ၁၁၄ လောင်းမှ ၈၀ ကိုသာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည်ဟုဆိုပြီး၊ အသက်ရှင်ကျန်ရစ်ခဲ့သူများကို လုံခြုံသည့်နေရာတွင် နေရာချထားပေးရန် အာဏာပိုင်များက အာရုံစိုက် ဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြိုကျခဲ့သည့် မြေစာပုံများ၏ အခြေတွင် ကျောက်တွင်းလုပ်သားများက နေထိုင်ကြပြီး ၎င်းတို့ အိပ်နေစဉ် ပြိုကျခဲ့ခြင်းကြောင့် ထိုကဲ့သို့ အသေအပျောက်များခဲ့ခြင်း ဖြစ်သည်။ မြေစာပုံပိမိသူ မည်မျှရှိသည်ကို အသိအကျ မသိရသော်လည်း ဖားကန့်ဒေသအတွက် အမျိုးသားလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် NLD ကိုယ်စားလှယ်လောင်း တင့်စိုးကမူ သေဆုံးသူအရေအတွက်မှာ ၁၇၀ မှ ၂၀၀ အကြား ရှိမည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia

  • ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    canada

    – ကနေဒါနိုင်ငံမှ မင်းသမီးတစ်ဦးမှာ သိုးမွှေးခေါင်းဆောင်ကို ၀တ်၍ လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက ဟီဂျဘ်နှင့်မှား၍ ထိုအမျိုးသမီးအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၄ နှစ် အရွယ်ရှိသော မင်းသမီး ကေလာဂါဘာဖြစ်ပြီး တနင်္လာနေ့တွင် တိုရွန်တိုမြို့ရှိ Bloor and Bathurst လမ်းအနီး အစမ်းလေ့ကျင့်မှုများအပြီး ထွက်လာခဲ့သည့်အချိန်တွင် သူမလမ်းလျှောက်ရာအနားသို့ လူတစ်ယောက်ကပ်လာကာ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

    “ကျွန်မကို လမ်းဘေးနံရံမှာ ချုပ်ထားပြီး ဟီဂျာဗ်ကိုချွတ်ကာ ဒီတိုင်းပြည်ကထွက်သွားစမ်းလို့ အဆက်မပြတ် ပြောဆိုခဲ့ပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ထားတာ မဟုတ်ဘူးလို့ ပြောခဲ့တာကို ကျွန်မ မှတ်မိပါတယ်။ သူကတော့ ကျွန်မကိုယ်ကို လှုပ်ရမ်းပြီး ဒီတိုင်းပြည်ကထွက်သွားလို့ပဲ အော်နေတယ်။ ကျမ မွတ်စလင် မဟုတ်ဘူးလို့လည်း ကျမပြောခဲ့ပါတယ်။ သူ့လည်း ကိုယ်မသိ၊ ကိုယ့်လည်း သူမသိတဲ့ အချင်းချင်း ဘာလို့ ဒီလောက် အမုန်းပွားနေရလဲဆိုတာ ကျမဖြင့် နားမလည်နိုင်အောင်ပါပဲ” ဟု ဂါဘာက ပြောကြားခဲ့သည်။

    ဂါဘာသည် ထိုဖြစ်ရပ်အား Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းက သူမအားထောက်ခံသည့် မှတ်ချက်များနှင့် ပြည့်နှက်သွားလေသည်။

    “အဆိုးမြင်မှုတွေကနေထွက်ပြီး အကောင်းကို မြင်တတ်တာဟာ အင်မတန်လှပ ပါတယ်’ လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဤဖြစ်ရပ်သည် ပဲရစ်မြို့တွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအပြီး တိုရွန်တိုနယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည့် နှောက်ယှက်မှုကွင်းဆက်များထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။

    Ref: IINA News

  • ချန်ပီယံလိဂ် အခြေအနေကောင်းရန် အလွန်ကြိုးစားခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်နောက်ခံလူ ပြော

    ချန်ပီယံလိဂ် အခြေအနေကောင်းရန် အလွန်ကြိုးစားခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်နောက်ခံလူ ပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    wolf

    – မန်ယူ၊ ပီအက်စ်ဗီတို့ကဲ့သို့ ၀ါရင့်အသင်းများ ပါဝင်သော ချန်ပီယံလိဂ် အုပ်စု B တွင် ဦးဆောင်ကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိရန် အခြေအနေကောင်းနေသည့် ယခုအဆင့်မျိုး ရောက်အောင် မိမိတို့အသင်းမှာ အလွန်အမင်း အားထုတ်ကြိုးပမ်းခဲ့ရသည်ဟု ၀ုလ်ဖ်ဘာ့ဂ်အသင်း၏ အဓိကနောက်ခံလူ မာဆဲလ် ရှက်ဖာရ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အုပ်စု ပဉ္စမပွဲစဉ်တွင် ဘွန်ဒီလီဂါကလပ် ၀ုလ်ဖ်ဘာ့ဂ်မှာ အန်ဒရေ ရှရဲလ်၏ ဂိုး ၂ ဂိုးဖြင့် စီအက်စ်ကေအေအား အနိုင်ကစားနိုင်ခဲ့ပြီး မန်ယူက ပီအက်စ်ဗီနှင့် သရေကျသွားခဲ့သောကြောင့် ရမှတ် ၉ မှတ်ဖြင့် အုပ်စုအား ဦးဆောင်ထားနိုင်သည်။ ထို့ကြောင့် အုပ်စုနောက်ဆုံးပွဲတွင် မန်ယူအား အနိမ့်ဆုံး သရေကစားနိုင်လျှင်ပင် ၀ုလ်ဖ်ဘာ့ဂ်မှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    “အခုလက်ရှိ အုပ်စုအခြေအနေက ကျွန်တော်တို့ကို မျက်နှာသာ ပေးနေပါတယ်။ ဒီလိုအခြေအနေကိုရောက်ဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုးစား အားထုတ်ခဲ့ရတာပါ။ ကျွန်တော်တို့လိုချင်တဲ့ ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်” ဟု ရှက်ဖာရ်က ပြောကြားခဲ့သည်။

    Ref: Goal