News @ M-Media

Blog

  • ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူများအတွက် တူရကီပြည်သူများ ချီတက်ဆန္ဒပြ

    ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူများအတွက် တူရကီပြည်သူများ ချီတက်ဆန္ဒပြ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    turkey

    – တူရကီမြို့တော် အန်ကာရာတွင် ယမန်နေ့မနက် စစ်ဆန့်ကျင်ရေး ချီတက်မှု၌ ပေါက်ကွဲမှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ယမန်နေ့ညနေပိုင်းတွင် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

    ကာ့ဒ်လက်နက်ကိုင်များနှင့် အစိုးရတို့၏ တိုက်ခိုက်မှု ငြိမ်းချမ်းစေရေး ထိုချီတက်မှုအတွင်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၇ ဦး သေဆုံးခဲ့ကာ ၂၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ တူရကီအကြီးတန်း တာဝန်ရှိသူ ၂ ဦးက ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဆန္ဒပြသူများက တူရကီ သမ္မတ အာဒိုဂန်ကို အပြစ်တင်ခဲ့ကြပြီး ဆန္ဒပြမှုအတွင်း “အာဒိုဂန် လူသတ်သမား” “အစိုးရ နှုတ်ထွက်ပေး” စသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ သေဆုံးသွားသူများအတွက် ၀မ်းနည်ကြောင်း ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုအတွင်း အလုပ်သမားသမဂ္ဂများ၊ လက်ဝဲအဖွဲ့များ၊ အန်ဂျီအိုများနှင့် ကာ့ဒ်ပြည်သူ့ ဒီမိုကရက်တစ်ပါတီ HDP တို့ ပါဝင်ခဲ့သည်။

    Ref: Aljazeera

  • အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေးက ထပ်မံပစ်သတ်ပြန်

    အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေးက ထပ်မံပစ်သတ်ပြန်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့အနီး စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်း ကလေးငယ်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

    အဟ်မဒ်ရှာရာကာဆိုသည့် အဆိုပါကလေးငယ်မှာ လည်ပင်းတွင် ကျည်ဆံမှန်၍ သေဆုံးခြင်းဖြစ်ပြီး အလ်- အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်တို့ ၀င်ရောက်စီးနင်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများတွင် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်မှာ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    ယမန်နေ့တွင် အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ဆန္ဒပြမှု အများအပြား ဖြစ်ပွားခဲ့ပြီး၊ ပါလက်စတိုင်းများနှင့် ဂျူးများအကြား ဓားဖြင့်တိုက်ခိုက်မှုများမှာလည်း မြင့်တက်လာခဲ့ကာ အစ္စရေးမြောက်ပိုင်း ကမ်းရိုးတမ်းမြို့တွင် ပါလက်စတိုင်းတစ်ဦးက ဓားဖြင့်တိုက်ခိုက်သောကြောင့် ဂျူးလေးဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံသို့ ဥရောပမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ရောက်ရှိလာပြီး လုပ်ငန်းစတင်

    မြန်မာနိုင်ငံသို့ ဥရောပမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ရောက်ရှိလာပြီး လုပ်ငန်းစတင်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    eu

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား လေ့လာရန်အတွက် ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာသူများမှာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့ (ယနေ့တွင်) စောင့်ကြည့်လေ့လာသူ ၃၀ ခန့်မှာ ရန်ကုန်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

    ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ မြန်မာနိုင်ငံတွင် တစ်လကြာ နေထိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် နော်ဝေ၊ ဆွစ်ဇာလန်တို့ကဲ့သို့ သမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံမှ စောင့်ကြည့်လေ့လာသူ ၁၅၀ မှာ နိုင်ငံတွင်တစ်ဝှမ်း၌ အခြေအနေများကို စောင့်ကြည့်သွားမည်ဖြစ်သည်။

    မြန်မာအစိုးရမှာ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဟု မျှော်လင့်နေပြီး နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကိုလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အား စောင့်ကြည့်ရန် ခွင့်ပြုထားသည်။

    စောင့်ကြည့်သူများမှာ နိုင်ငံတစ်ဝှမ်း ၎င်းတို့သွားရောက်ရမည့် နေရာများကို အသေးစိတ် ရယူထားပြီး မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်အပေါ် တုန့်ပြန်ခြင်းတို့အပါအ၀င် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အဓိက ကဏ္ဍများကို လေ့လာကာ ပြန်လည် တင်ပြသွားမည်ဖြစ်သည်။

    “လေ့လာစောင့်ကြည့်သူတွေဟာ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားလား၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကို လေ့ကျင့်ပေးထားလား ဆိုတာကို လိုက်ကြည့်သွားမှာဖြစ်ပြီး၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံကာ သူတို့ ဘယ်လိုမဲဆွယ်နေလဲဆိုတာကို ကြည့်ပြီး မဲဆွယ်မှုလုပ်ငန်းကိုလည်း လေ့လာသွားမှာပါ။ ပြီးတော့ ရွေးကာက်ပွဲမှာပြောတဲ့ စကားတွေကိုလည်း နားထောင်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ စုဝေးခွင့်၊ လှုပ်ရှားခွင့်၊ ပြောကြားခွင့် အဲဒီလိုမျိုးတွေ ရလားဆိုတာကိုလည်း လေ့လာသွားမှာ
    ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကော်မရှင်အကြီးအကဲ မာ့က် စတီဗင်က ပြောကြားခဲ့သည်။

    သို့သော်လည်း စောင့်ကြည့်လေ့လာသူများမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်သွားမည် မဟုတ်ချေ။ ရွေးကောက်ပွဲတွင် စောင့်ကြည့်သူများမှာ မမှန်ကန်မှုများကို တွေ့ရလေ့ရှိပြီး စတီဗင်ကမူ မိမိတို့မှာ ကန့်ကွက်သွားမည်မဟုတ်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့အလုပ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်ဖို့နဲ့ အစီရင်ခံစာ တင်ဖို့ပါပဲ။ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပုံမှန်အစည်းအတွေ လုပ်လေ့ရှိပြီး သူတို့ကို ဘယ်လိုအချိန်မျိုးမှာမဆို ပြဿနာတွေတင်ပြတာ မေးခွန်းတွေမေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ဟာ လုပ်ငန်းစဉ်ကို စောင့်ကြည့်ရတာပါပဲ”

    ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမပြုမီ စောင့်ကြည့်လေ့လာသူများမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် ရွေးကောက်ပွဲစနစ်များအကြောင်း အကြမ်းဖျင်း သိရှိထားပြီးဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက် စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ၎င်းတို့၏ တွေ့ရှိချက်များကို ကနဦးအစီရင်ခံစာ တင်သွင်းရမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အနာဂတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးချက်နှင့်အတူ နောက်ဆုံး အစီရင်ခံစာတစ်ခုကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။

    Ref: Channelnewsasia

  • IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီ လိုက်ပါလာသည့် ယာဉ်တန်းကို မိမိတို့လေတပ်က တိုက်ခိုက်ခဲ့သည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်ပြီး ဘဂ္ဂဒါဒီ၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။

    ကာရ်ဘာလာဒေသတွင် အကြီးတန်း IS ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ရန် သွားရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးလုပ်မည့် နေရာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS ခေါင်းဆောင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လတို့တွင် ဘဂ္ဂဒါဒီမှာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သည်ဟု အီရတ်စစ်တပ်က ၂ ကြိမ်တိုင်တိုင် ကြေငြာခဲ့ဖူးသည်။ သို့သော်လည်း ထိုသတင်း ထွက်ပေါ်လာပြီး ရက်အနည်းငယ်ကြာတိုင်း ဘဂ္ဂဒါဒီ၏ အသံဖိုင်များ အွန်လိုင်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာတတ်သည်။

    Ref: CNN

  • ယူရိုခြေစစ်ပွဲအောင်ခြင်းမှာ ဝေလ်းအတွက် ကြီးကျယ်သည့် အချိန်ကာလဟု ရမ်ဆေးပြော

    ယူရိုခြေစစ်ပွဲအောင်ခြင်းမှာ ဝေလ်းအတွက် ကြီးကျယ်သည့် အချိန်ကာလဟု ရမ်ဆေးပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    wale

    – ယူရို ၂၀၁၈ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်သည့် အချိန်အခါဖြစ်သည်ဟု အာဆင်နယ်ကွင်းလယ်လူ အာရွန် ရမ်ဆေးက ပြောကြားခဲ့သည်။

    ယနေ့မနက် ယူရိုခြေစစ်ပွဲတွင် ဘော့စနီးအယားအသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဓိကပြိုင်ဘက် အစ္စရေးက ဆိုက်ပရက်စ်အား ရှုံးနိမ့်သွားသောကြောင့် ဝေးလ်မှာ ယူရိုခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲတစ်ခုတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုလည်း ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

    “ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်တဲ့ အချိန်တစ်ခုပါပဲ။ သမိုင်းတွင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ အဓိကပြိုင်ပွဲတစ်ခုမှာ ကျွန်တော်တို့ ၀င်ပြိုင်ရတော့မှာပေါ့ဗျာ။ ခဏလောက် ကျွန်တော် မယုံကြည်နိုင်ခဲ့ပါဘူး။ ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ယှဉ်ပြိင်ရတော့မှာပါ” ဟု ဝေးလ်အသင်း၏ အဓိကစားသမားတစ်ဦးဖြစ်သည့် ရမ်ဆေးက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ ကစားသမားများကိုလည်း ချီးကျူးခဲ့ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ယခုကဲ့သို့ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal