အောက်တိုဘာ ၆၊ ၂၀၁၅
M-Media
– ကျောက်ကပ်ကုသမှု ဌာနအတွင်း အသည်းရောဂါ စီပိုး ကူးစက်ခဲ့မှုအတွက် စင်ကာပူ အထွေထွေဆေးရုံကြီး SGH က ယနေ့တွင် ကြေငြာချက်ထုတ်ကာ တရားဝင်တောင်းပန်လိုက်သည်ဟု သိရသည်။
ထိုကြေငြာချက်တွင် မိမိတို့မှာ ယခုနှစ်ဇွန်လကတည်းက စီပိုးကူးစက်မှု မြင့်တက်လာခဲ့ခြင်းကို သတိပြုမိခဲ့ပြီး ထိုပိုးမှာ အသည်းရောဂါကို ဖြစ်ပွားစေခြင်းကြောင့် အသည်းအလုပ်လုပ်မှု မူမမှန်သော လူနာများတွင် ပိုးရှိမရှိကို စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။ထိုသို့စစ်ဆေးရာ၌ လူနာ ၂၂ ဦးတွင် အသည်းရောဂါ စီပိုးကို တွေ့ရှိခဲ့ရပြီး ထိုအထဲမှ ၄ ဦးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။
သေဆုံးသွားသော လူနာများတွင် အခြားသောရောဂါများ၊ ပိုးဝင်မှုများ ရှိခဲ့သော်လည်း၊ စီပိုးနှင့် ထိုသေဆုံးမှုအကြား ဆက်သွယ်မှုရှိမည် ဆိုခြင်းနှင့်ပတ်သက်၍ ဆေးရုံက မငြင်းခဲ့ပေ။ ကနဦးစစ်ဆေးမှုများအရ အဆိုပါ လူနာ ၂၂ ဦးစလုံးကို ဧပြီနှင့် ဇွန်လအကြားတွင် သီးသန့်အဆောင်၌ ထားခဲ့ပြီး ရောဂါပိုး ကူးစက်ခဲ့သည့် အသည်းရောဂါကု အဆောင်ကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်ဟု SGH က ပြောကြားခဲ့သည်။
အသည်းရောဂါ စီပိုး ကူးစက်မှု အကြောင်းအရင်းကို စုံစမ်းမှုများ ပြုလုပ်နေပြီး ကနဦးတွေ့ရှိချက်အရ သွေးကြောထဲသို့ ထိုးသွင်းသည့် ပစ္စည်းများက ကူးစက်နိုင်သော ရင်းမြစ်တစ်ခု ဖြစ်နိုင်သည်ဟု ဆိုသည်။
စင်ကာပူဆေးရုံကြီး ဆေးဘက်ဆိုင်ရာဘုတ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ပါမောက္ခ ဖွန်ကော့က်ယွန်က ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်ရန်အတွက် စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိသော ပြဿနာများအား ဖြေရှင်းရေး အသေအချာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ယနေ့အချိန်အထိ ဆေးရုံမှာ အသည်းအလုပ်လုပ်မှု ပုံမှန်မဟုတ်သူများကို စောင့်ကြည့်လျက်ရှိနေပြီး စီပိုးကူးစက်မှု ထပ်မံ၍ ဖြစ်ပွားခြင်းမရှိဟု ဆိုသည်။
Ref: Yourhealth


Leave a Reply
You must be logged in to post a comment.