News @ M-Media

Blog

  • အိန္ဒိယတွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ကျောင်းဆရာ၏ ဒဏ်ပေးမှုကြောင့် သေဆုံး

    အိန္ဒိယတွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ကျောင်းဆရာ၏ ဒဏ်ပေးမှုကြောင့် သေဆုံး

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ စာသင်ကျောင်းတွင် ပြင်းထန်စွာ ဒဏ်ပေးခံရပြီးနောက် ၅ ရက်ကြာအဖျားကြီးကာ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် လာတီဟာရ်ခရိုင်မှ ဘူရှူးရ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရ စာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးက ၎င်း၏ မေးခွန်းအတွက် လိုချင်သည့်အဖြေ မရသောကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ရူပန်တီ ကူမာရီဟု အမည်ရသည့် မိန်းကလေးငယ်အား နေပူကြဲကြဲတွင် ကြက်ဖပုံစံ ၄ နာရီကြာ ထိုင်ခိုင်း၍  အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

    ခရိုင်ပညာရေးတာဝန်ရှိသူ အက်စ်ဟော့က် ကူးမားရ်က “တော်တော် ဒေါသထွက်နေကြတဲ့ ရွာသားတွေနဲ့ ကျွန်တော် သွားတွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အကြီးတန်း အစိုးရတာဝန်ရှိသူတွေကို တရားဝင်တိုင်ကြားရင်တော့ ဒီကိစ္စအတွက် ကနဦး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ခရိုင်ရဲမှူး အနွပ် ဘီရ်သာရီကမူ မိန်းကလေးငယ်၏ မိသားစုများမှ တိုင်ကြားမှု မပြုလုပ်သေးဟု ဆိုသည်။

    “အသတ်ခံရဖို့ မြေးလေးကို ကျွန်မတို့ ကျောင်းလွှတ်တာမဟုတ်ပါဘူး” ဟု ကူမာရီ၏ အဘွားဖြစ်သူ မာလို မာဆိုမတ်က ပြောကြားခဲ့သည်။

    လူမှုရေး တက်ကြွလှုပ်ရှားသူ ရှရာဝမ် ပက်စ်ဝမ်က မိန်းကလေးငယ်၏ မိသားစုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုပြဿနာအား တိုင်ကြားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    “နေပူပူထဲမှာ ဒီကလေးဟာ နာရီများစွာ အလှန်းခံထားရပါတယ်။ ဆရာက သူမရဲ့ ကျောကုန်းမှာ အုတ်ခဲတောင် တင်လိုက်ပါသေးတယ်။ အဲဒီနေ့ ကျောင်းကပြန်လာတဲ့အချိန်မှာ သူ တော်တော် အဖျားကြီးနေပါပြီ” ဟု ပက်စ်ဝမ်က ပြောကြားခဲ့သည်။

    မိသားစုဝင်များမှာ ထိုမိန်းကလေးကို ဗိန္နောဆရာဆီသို့ ခေါ်သွားပြီး နောက်ပိုင်းတွင် လာတီဟာရ်ရှိ သာသနာပြု ဆေးရုံ၊ ထို့နောက် အစိုးရဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အစိုးရဆေးရုံက ပုဂ္ဂလိကဆေးရုံတွင် ပြသရန် လမ်းညွှန်ပေးခဲ့သည်။

    ငါးရက်တာ ထိုကဲ့သို့ ဆေးရုံပြောင်း၍ ပြသခဲ့ပြီးနောက် နောက်ဆုံးတွင် ပုဂ္ဂလိကဆေးရုံ၌ ပြသရန် မတတ်နိုင်သောကြောင့် မိသားစုမှာ ကူမာရီအား အိမ်သို့ပြန်ခေါ်လာခဲ့ပြီး ထို့နေမှာပင် သေဆုံးသွားခဲ့သည်။

    “လာတီဟာရ်နဲ့ ရန်ချိုင်ခရိုင်တွေမှာ သူမကို ကုသခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဆေးရုံက ပုဂ္ဂလိက ဆေးရုံကို လွှဲခဲ့ပြီးနောက်ပိုင်း ကုသဖို့ ကျွန်မတို့ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကလေးမလေးဟာ သေဆုံးခဲ့ရပါတယ်။ အိမ်ပြန်ခေါ်လာဖို့ကလွဲလို့ ကျွန်မတို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပက်စ်ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

    ကူမာရီ၏ ဖခင်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကွယ်လွန်သွားခဲ့ပြီး အဘွားဖြစ်သူနှင့် မိခင်တို့မှာ နေ့စား ကာယအလုပ်သမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေရသူများ ဖြစ်သည်။

    ရူပန်တီ ကူမာရီ၏ မိသားစုဝင်များနှင့် ရွာသားများက နေပူကြဲကြဲတွင် လေးနာရီကြာ အပြစ်ပေးခဲ့သည့် ကျောင်းဆရာအား အရေးယူအပြစ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ထိုကဲ့သို့ မဆောင်ရွက်ပါက စာသင်ကျောင်းကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

    Ref: Hindustantimes

  • ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    putin

    – ဆီးရီးယားနိုင်ငံသို့ စစ်သားများ ပေးပို့တပ်ဖြန့်နိုင်မည့် အခွင့်အာဏာကို သမ္မတပူတင်အား ရုရှား အထက်လွှတ်တော်က ယနေ့တွင် အပ်နှင်းခဲ့သည်ဟု အစိုးရအဖွဲ့က ကြေငြာခဲ့သည်။

    ပြည်တွင်းစစ်ကို ရင်ဆိုင်နေရသော ဆီးရီးယားသမ္မတ အာဆတ်က အကူအညီပေးရန် မေတ္တာရပ်ခံမှုအပြီး ထိုကဲ့သို့ အခွင့်အာဏာအတွက် ပူတင်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်လွှတ်တော်က တစ်ညီတည်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထိုလုပ်ပိုင်ခွင့်ကြောင့် ရုရှားမှာ ဆီးရီးယားစစ်တပ်အတွက် လေတပ်ဆိုင်ရာ ကူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ အိုင်ဗန်နော့ဗ်က မိမိတို့လေတပ်မှ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အကန့်အသတ်ရှိပြီး မည်သည့်လက်နက်များ အသုံးပြုသည်ဆိုသည်ကို ထုတ်ပြန်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်

    ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    arse

    – ယနေ့မနက်က အိုလံပီယာကော့စ်နှင့်ပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးနေရာ၌ အရန်ကစားသမား ဒေးဗစ်အော့စ်ပီနာအား ထည့်သွင်းခဲ့ခြင်းမှာ အာဆင်ဝင်းဂါး၏ မဟာအမှားဟု ဂန္တ၀င်ကစားသမားဟောင်း အီယန် ရွိုက်က ဝေဖန်ပြောကြားလိုက်သည်။

    အီမရိတ်၌ ကစားခဲ့သည့် ထိုပွဲတွင် အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ပေးရသည့်ုဒုတိယဂိုးမှာ အော့စ်ပီနာမသေသပ်၍ ပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးကြောင့် ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ကာ အာဆင်နယ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် ရုန်းကန်ရတော့မည်ဖြစ်သည်။

    “ပွဲအစကတည်းက အော့စ်ပီနာအတွက် ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ခံအလယ်လူနှစ်ယောက်က ရှိသင့်တဲ့ ယုံကြည်မှုမျိုးမှ မရှိတာ။ ကျွန်တော့်အတွက်တော့ သူဟာ တစ်ခုခုကို တွေးနေသလိုပါပဲ။ အနိုင်ကစားရမယ့်ပွဲမှာ အမြဲတမ်းမကစားရတဲ့ အော့စ်ပီနာကို ဘယ်လိုထည့်လို့ရမှာလဲ။ ဒီအတွက် နည်းပြကို မေးခွန်းထုတ်ရပါမယ်။ ဒါဟာ မဟာအမှားလို့
    ကျွန်တော်ထင်ပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက် အန္တရာယ်ရှိနေသည်ဟု IMF သတိပေး

    ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက် အန္တရာယ်ရှိနေသည်ဟု IMF သတိပေး

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    imf

    – အတိုးနှုန်းနိမ့်ပါးမှု ကြာရှည်နေခြင်းကြောင့် ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက်မှာ ကမောက်ကမဖြစ်မည့် အန္တရာယ် ရှိနေသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် နှစ်ဝက်အစီရင်ခံစာတွင် သတိပေးလိုက်သည်။

    ရှယ်ယာဈေးကွက်များ၊ ငွေတိုက်စာချုပ်များ၊ ငွေကြေးများမှာ ရောင်းနိုင်၊ ၀ယ်နိုင်ကာ ငွေဖြစ်လွယ်သော်လည်း လက်ရှိ ဈေးကွက်အခြေအနေမျိုးတွင် ပျက်သုံးသွားရန် လွယ်ကူပြီး ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ပျက်ဆီးစေနိုင်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    “ဒီလိုငွေဖြစ်လွယ်မှု ပျက်သုံးသွားနိုင်တဲ့ အခြေအနေမျိုးအတွက် ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေက ပြင်ဆင်ထားဖို့ပါတယ်။ ဘဏ္ဏာရေးဈေးကွက်က ငွေဖြစ်လွယ်မှု အဆင့်ဟာ ပိုင်ဆိုင်မှုပုံစံမျိုးတွေထဲမှာ သိသိသာသာ ကျသွားတာမျိုးတော့ တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် အတိုးနှုန်း နိမ့်နေတာက ဒါတွေရဲ့ ခုခံနိုင်စွမ်းကို တစ်ဖြည်းဖြည်း ပြိုဆင်းလာစေပါတယ်”

    Ref: Channelnewsasia

  • စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    us

    – ၉/၁၁ တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျမှာ အလ်-ကိုင်းဒါး၏ ပြန်ပေးသမားများကို ထောက်ပံ့ပေးမှုများ ရှိခဲ့သည်ဆိုသော စွဲချက်ကို အမေရိကန်တရားရုံးက ပယ်ချလိုက်သည်။

    ထိုအဖြစ်ပျက်တွင် သေဆုံးသွားသူများမှ ၃၀၀၀ နီးပါး၏ မိသားစုများ၊ ပျက်ဆီးဆုံးရှုံးမှုများအတွက် နစ်နာကြေး ပေးရသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆော်ဒီကို ထိုကဲ့သို့ စွပ်စွဲကာ နစ်နာကြေး ရယူလိုကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ မက်ဟက်တန်မှ ခရိုင်တရားသူကြီး ဂျော့ဂ်ျ ဒန်နီယဲလ် စွဲချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

    “စွဲချက်မှာပါဝင်တဲ့ ဒီစွပ်စွဲချက်တွေဟာ စွပ်စွဲခံရသူတွေအပေါ်မှာ တရားရေးအရ အခိုင်အမာဖြစ်ဖို့ဆိုတဲ့ ဒီတရားရုံးက အခြေခံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ဒန်နီယဲလ်က ကြေညာချက်တွင် ရေးသားခဲ့သည်။

    ထိခိုက်ခံစားခဲ့ရသူများမှာ ထိုကဲ့သို့ ပယ်ချမှု ဖြစ်လာမည်ကို ရှောင်လွှဲရန်အတွက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့် အလ်-ကိုင်းဒါးအဖွဲ့ဝင်ဟောင်း ဇာကာရီယက်စ် မူဆာအီ၏ ဖြောင့်ချက်ပေးမှု အပါအ၀င် စွပ်စွဲချက်အသစ်များဖြင့် တရားစွဲဆိုမှုအား ထပ်ဖြည့်ခဲ့ခြင်းဖြစ်သည်။

    ဒန်နီယဲလ်ကမူ တရားလိုများက ထိုကဲ့သို့ စွပ်စွဲချက်အသစ်များ ထပ်မံ ပေါင်းထည့်သော်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို အရပ်ဖက်၊ သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆို၍ မရဟူသော သတ်မှတ်ချက်ကို မကျော်နိုင်သောကြောင့် အချီးအနှီးသာ ဖြစ်သည်ဟု ဆိုသည်။

    ထိုစွဲချက်အတွက် ဆော်ဒီကို တရားရင်ဆိုင်သူအဖြစ်မှ ယခင်ကတည်း ပယ်ဖျက်ခဲ့သော်လည်း ဖက်ဒရယ် အယူခံခုံရုံးက ၂၀၁၃ ခုနှစ်တွင် ထိုအမှုအား ပြန်လည်အသက်ဝင်စေခဲ့ခြင်း ဖြစ်သည်။

    တရားလို ရှေ့နေအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အယူခံဆက်ဝင်သွားမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ရှေ့နေတစ်ဦးဖြစ်သူ စီယန်ကာတာရ်က ယခုကဲ့သို့ တရားရုံးက ပယ်ချမှုမှာ ၎င်းတို့အမှုအတွက် အထောက်အကူဖြစ်စေသော အထောက်အထားများကို လျှို့ဝှက်ထားရန် အမေရိကန်အစိုးရက ဆုံးဖြတ်ထားခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၉/၁၁ အဖြစ်အပျက်မှ ထိခိုက်ခံစားခဲ့ရသူများ၏ ဆွေမျိုးများက ဆော်ဒီအစိုးရမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် လေယာဉ်ပြန်ပေးသမားများကို အမေရိကန်တွင် နေထိုင်ခွင့်အပါအ၀င် အကူအညီများပေးခဲ့သည်ဟု စွပ်စွဲထားသည်။

    Ref: Aljazeera